Home သတင်း ဝန်ကြီးချုပ်ဖယ်ရှားရေး ဆန္ဒပြတောင်းဆိုမှု ထိုင်းနိုင်ငံအတွင်း တဖြည်းဖြည်းကျယ်ပြန့်လာ

ဝန်ကြီးချုပ်ဖယ်ရှားရေး ဆန္ဒပြတောင်းဆိုမှု ထိုင်းနိုင်ငံအတွင်း တဖြည်းဖြည်းကျယ်ပြန့်လာ

425
Photo: Thai PBS

ဇွန်လ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ကို ရာထူးမှ နုတ်ထွက်ရေး ဆန္ဒပြတောင်းဆိုမှုများ ထိုင်းနိုင်ငံအတွင်း တဖြည်းဖြည်းကျယ်ပြန့်လာနေသည်ဟု Bangkok Post သတင်းဌာနက ယနေ့ ဖော်ပြထားသည်။

အဆိုပါ လှုပ်ရှားမှုများကို ရှပ်နီ (Red Shirt) ခေါင်းဆောင်များက ဦးဆောင်နေခြင်းဖြစ်ပြီး အာဏာရထိုင်းနိုင်ငံရေးပါတီနှင့် လူထုပါတီ (People Party) တို့က ယင်းလှုပ်ရှားမှုများသည် စစ်အာဏာသိမ်းရန် တောင်းဆိုနေခြင်းဖြစ်သည်ဟု စွပ်စွဲထားသည်။

သို့သော်လည်း အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုအဖွဲ့များက ၎င်းပြောဆိုချက်များကို ပယ်ချထားပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့်ပြောဆိုသည့် အသံဖိုင်ကြောင့် လက်ရှိ ထိုင်းဝန်ကြီးချုပ်ကို ဖိအားပေးရခြင်းသာဖြစ်သည်ဟု တုံ့ပြန်သည်။

လွန်ခဲ့သော စနေနေ့ (ဇွန်လ ၂၉) ရက်နေ့ ဘန်ကောက်မြို့အတွင်း စုဝေးခဲ့သော လူစုလူဝေးသည် ထိုင်းနိုင်ငံရေးရာသီဥတု၏ အပြောင်းအလဲတစ်ရပ်ဖြစ်စေနိုင်သော တွန်အားတစ်ရပ်ဖြစ်ပြီး အတိုက်အခံများသာမက ဝေဖန်ရေးသမားများထံမှပါ အာရုံဖမ်းစားနိုင်ခဲ့သည်ဟု ဆိုသည်။

အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများသည် စစ်တပ်အာဏာသိမ်းမှု ပေါ်ပေါက်စေရန် တွန်းအားပေးခြင်း မဟုတ်ဟူ၍လည်း သက်ဆိုင်ရာလှုပ်ရှားမှုခေါင်းဆောင်များက ပြောကြားထားသည်။

Photo: Thai PBS

ဘန်ကောက်မြို့က ဝန်ကြီးချုပ်ဖယ်ရှားရေး လှုပ်ရှားမှုကို ထိုင်းနိုင်ငံအချုပ်အခြာအာဏာကာကွယ်ရန် ညီညွတ်သော အင်အားစုက ဦးဆောင်ပြီး ကျောင်းသားကွန်ရက်နှင့် ထိုင်းပြုပြင်ပြောင်း လဲရေးကို လိုလားသော လူထုအဖွဲ့များက ဦးဆောင်နေကြခြင်းဖြစ်သည်။

ယင်းဆန္ဒပြလှုပ်ရှားမှုများတွင် အစိုးရဆန့်ကျင်ရေး တောင်းဆိုမှုတွေအပြင် ထိုင်းအစိုးရက လတ်တလောဆောင်ရွက်ထားသော ကိစ္စရပ်များကိုလည်း ထည့်သွင်းရှုတ်ချထားသည်။

စနေနေ့က စုဝေးခဲ့သော ဘန်ကောက်လှုပ်ရှားမှုတွင် ကာစီနိုဥပဒေကိစ္စ၊ Land Bridge အကြီး အစားစီမံကိန်းကိစ္စနှင့် နိုင်ငံခြားသားများကို ၉၉ နှစ်အထိ မြေယာပိုင်ဆိုင်ခွင့်ပေးသော ဥပဒေစသောအကြောင်းအရာများအပြင် လူထုနှင့် သီးခြားလွတ်လပ်သော အစုအဖွဲ့များ ညီလာခံပြီး အခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲရန် တောင်းဆိုချက်များလည်း ပါဝင်သည်။

ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက လတ်တလောအခြေအနေများအကြား စစ်တပ်အာဏာသိမ်းရန် တောင်းဆိုသော လုပ်ရပ်များကို ရှုတ်ချကြောင်းနှင့် ထိုလုပ်ရပ်သည် တိုင်းပြည်၏ အရွေ့ကို ထိခိုက်စေနိုင်သည်ဟုလ်ည်း ထုတ်ပြန်ထားသည်။

လိမ္မော်ရောင်ပါတီဟု လူသိများသော People Party ကလည်း စနေနေ့လှုပ်ရှားမှုနောက်ဆက်တွဲတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားရန် ကြိုးပမ်းဆောင်ရွက်နေသော အရာမှန်သမျှကို ရှုတ်ချသည်ဟုလည်း ထုတ်ပြန်ထားသည်။

ကိုးကား

Bangkok Post