Home သတင်း ကျုံဒိုး စစ်ရှောင်များကို မြို့ပေါ် ပြန်လာနေရန် ဖိအားပေးနေ

ကျုံဒိုး စစ်ရှောင်များကို မြို့ပေါ် ပြန်လာနေရန် ဖိအားပေးနေ

658
Photo: CJ (ကျုံဒိုးမြို့ပေါ်တစ်နေရာ) ပုံဟောင်း

ဇွန် ၃၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တိုက်ပွဲများကြောင့် ကျုံဒိုးမြို့ပေါ်မှ ဂျိုင်းမြစ် တစ်ဖက်ကမ်း၊ ဖားအံမြို့နယ်အတွင်း စစ်ရှောင်နေသူများကို စစ်ကောင်စီအုပ်ချုပ်ရေးမှူးများနှင့် စည်ပင်ဝန်ထမ်းများက ပြန်လာနေရန် ဖိအားပေးခေါ်ယူနေသည်ဟု မြို့ခံ စစ်ရှောင်များက ပြောသည်။

ပြီးခဲ့သည့် ဧပြီလမှ ယခုဇွန်လကုန်ပိုင်းအထိ ကျုံဒိုးတွင်တိုက်ပွဲများဖြစ်ပွားနေပြီး လက်ရှိအချိန်ထိ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပေါ်နေ၍ မြို့ခံတချို့ ဂျိုင်းမြစ်တစ်ဖက်ကမ်း ဖားအံမြို့နယ်၊ ဂျိုင်းကျေးရွာအုပ်စု ရှိ ခရဲ၊ မနီကုန်း၊ ရိုးမဟာ၊ ဒူရိန်၊ သာမညကျေးရွာများဘက်သို့ စစ်ဘေးရှောင် နေထိုင်နေသူများကို ယခုလို ပြန်လာနေရန် ဖိအားပေး ခေါ်ယူနေခြင်းဖြစ်သည်ဟု စစ်ရှောင် သတင်းရင်းမြစ်က ပြောသည်။

“ကျုံဒိုးက ရပ်ကွက် ၅ ခု ရယ်၊ ချောင်းဖျားတို့ ကော့ဝါလဲတို့၊ ကျွန်းကလေးတို့က နေတဲ့သူတွေ ကဂျိုင်း၊ ကျားကလေး၊ သာမည၊ ရွှေဖြူအထိ ရှောင်နေကြတာ၊ ကလေးတွေလည်းအဲ့ဘက်မှာဘဲ ကျောင်းတက်၊ မိဘ တွေလည်း ဈေးဆိုင်ဖွင့် ပြီးနေကြတာပါ။ ဒါကို ပြန်လာကျောင်းတက် မလာရင် အိမ်သိမ်းမယ်၊ ဆိုင်ခန်းသိမ်း မယ်၊ ခြံ သိမ်းပစ်မယ်နဲ့ အုပ်ကြီးနဲ့ စည်ပင်ဝန်ထမ်းက ခြိမ်းခြောက်နေတယ်။ ကျနော်တို့တော့ မပြန်ရဲဘူး” ဟု ၎င်းက ပြောသည်။

ထိုသို့ နေရပ်ပြန်လာနေရန် ခြိမ်းခြောက်ပြောဆိုနေမှု အပေါ် စစ်ဘေးရှောင်သူများအနေဖြင့် အိမ်စောင့်အဖြစ် နေ့လည်ခင်းချိန်တွင် အိမ်သို့ခေတ္တပြန်လာနေကြသူ တချို့ ရှိသော်လည်းအများစုသည် မြို့တွင်း၊ မြို့ပြင် လက်နက်ကြီး ပစ်ခတ်မှုများရှိ၍ ပြန်မလာရဲ ဖြစ်နေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

“ရပ်ကွက်ထဲ ပြန်မလာမရဲဘူးလေ၊ လက်နက်ကြီးက နေ့ရောညရော သူပစ်၊ ကိုယ်ပစ် ဖြစ်နေတာ၊ နောက်ပြီး ပြန်လာ နေတဲ့သူကို PDF သတင်းပေးစွတ်စွဲပြီးသတ်တာ၊ နှိပ်စက်ပြီး၊ ဖမ်းထားတာမျိုးတွေ ရှိတယ်လေ၊ ၂၀၂၃ တုန်းက ကျုံဒိုးတိုက်ပွဲ ဖြစ်တော့ စကစ တွေလူတွေကိုအပြင်မထွက်ခိုင်းဘဲ လူတွေအိမ်တွေထဲကနေ လူသားဒိုင်း လုပ်ပြီး ပစ်ကြတာ အရပ်သားတွေထိ့တာ၊ သေတာတွေဖြစ်ထားဘူးတယ်လေ” ဟု ၎င်းသတင်း အရင်းအမြစ်က ပြောသည်။

လက်တလော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ မဟာမိတ်တပ်များနှင့် စစ်ကောင်စီတို့ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းပေါ်ရှိ နွားခြံကုန်း၊ အင်းကြီး၊ အုန်းတစ်ပင်၊ ၇ တိုင်၊ ၉တိုင် ကျေးရွာများ ဘက်တွင် တိုက်ပွဲ နေ့စဉ်ဖြစ်ပွားနေသလို ဂျိုင်းတံတား အမြောက်တပ်၊ ခမရ ၅၄၅-၅၄၆ တပ်ရင်း နေရာများနှင့် မြို့ပြင် KNLA လှုပ်ရှား စစ်ကြောင်းများမှ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှုဆက်ရှိနေသည်ဟု သိရသည်။