ဇွန်လ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် ဇွန်လ (၂၈) ရက်နေ့က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၃ ဦးအပါအဝင် ဒေသခံ(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူဗဟိုက ယနေ့ ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ တောင်ငူလေတပ်မှ ကျောက်ကြီးမြို့နယ်ရှိ ဟင်္သာဝဲကျေးရွာထဲသို့ လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်သည့်အတွက် ဒေသခံများဖြစ်သော အသက် (၂)နှစ်အရွယ် နော်လှအယ်ဖော၊ စောဒီထူးနှင့် (၁၂) နှစ်အရွယ် ဝါဆိုဦးတို့အပါအဝင် အသက်(၂၂)အရွယ် ကိုချစ်တုံး နှင့် အသက် (၃၆) နှစ်အရွယ် နော်ဒေါင်းရွှေတို့မှာ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ၎င်းတိုက်ခိုက်မှုကြောင့် ဟင်္သာဝဲကျေးရွာကျေးရွာရှိ နေအိမ် (၉) လုံးလည်း ထိမှန်ပျက်စီး ခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇွန်လ (၁၄) ရက်နေ့တွင်လည်း တပ်မဟာ(၃)နယ်မြေရှိ လယ်ဒို (ကျောက်ကြီး)နှင့် မူး(မုန်း) မြို့နယ်တို့တွင် စစ်ကောင်စီတပ်များ၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများကြောင့် ဒေသခံ အရပ်သား ပြည်သူ ၃ ဦးလက်နက်ကြီးစထိမှန်ဒဏ်ရာများ ရရှိခဲ့သွားသည်ဟု ကေအဲန်ယူ ဗဟိုက သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ယခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ ကေအဲန်ယူ စီမံအုပ်ချုပ်နယ်မြေအတွင်း အရပ်သားပြည်သူများ နေထိုင် ရာနေရာများသို့ စစ်ကောင်စီက ပစ်မှတ်ထားပြီး လက်နက်ကြီးပစ်ခတ်ခြင်း၊ တိုက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းတို့ကို ၂၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန အတွင်းရေးမှူးပဒိုစောအယ်ကလူထူး ပြောသည်။



















