Home သတင်း ထီးထာရှိ မူလမြေပိုင်ရှင်များ မိသားစု၊ ဆွေမျိုးများထံ လွှဲပေးနိုင်သော်လည်း ရောင်းချခွင့် မပြု

ထီးထာရှိ မူလမြေပိုင်ရှင်များ မိသားစု၊ ဆွေမျိုးများထံ လွှဲပေးနိုင်သော်လည်း ရောင်းချခွင့် မပြု

470
Photo- CJ

ဇူလိုင် ၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ(၄) ထီးခီးနယ်စပ် ကုန်သွယ်ရေး လမ်းပေါ် ထီးထာဒေသတွင် စစ်ကောင်စီ ကင်းစင်ပြီးနောက် ကေအဲန်ယူက မူလမြေပိုင်ရှင်များကို လွှဲပေးမည် အစီစဉ်တွင် မူလပိုင်ရှင်တို့က မိသားစု၊ ဆွေမျိုးများထံ ပြန်လွှဲပေးနိုင်သော်လည်း ရောင်းချခွင့်မပြုဟု ခရိုင် တာဝန်ရှိသူက ပြောသည်။

အဆိုပါ ထီးထာ (ခေါ်) မယ်သမီးထာ ဒေသကို စစ်ကောင်စီက ၁၉၉၇ ခုနှစ်တွင် ထိုးစစ်ဆင် စိုးမိုးနိုင်ခဲ့သော် လည်း ယခုနှစ်တွင် ကေအဲန်ယူ၊ တပ်မဟာ(၄)က ဦးဆောင်ကာ စစ်ကောင်စီကို တိုက်ထုတ်ခဲ့ပြီးနောက် ယခင် မူလမြေပိုင်ရှင်များကို မြေနေရာပြန်ပေးသွားမည်ဟု ကေအဲန်ယူက ဇွန်လကုန်ပိုင်းတွင် ထုတ်ပြန်ထားသည်။

ယခုလို မူလမြေပိုင်ရှင်များ မြေနေရာပြန်လည်ရယူရန် ကေအဲန်ယူ၊ မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ဖိတ်ခေါ် ထားချက်နှင့် ပတ်သက်၍ ခရိုင် ဥက္ကဌ ပဒိုဖလိုစိုးဝင်းက ကေအိုင်စီသို့ ယခုလို ပြောသည်။

“အဓိက အခုပြန်ခေါ်တာက ထီးထားမှာ ဖြစ်တယ်။ ၁၉၉၇ ခုနှစ်မှာက စစ်တပ်ကဝင်လာပြီး တပ်ဗျူဟာရှိတော့ မူလဌာနေလူထုတွေက ထွက်ပြေးတဲ့အချိန်မှာ စစ်တပ်က တစ်ခြားလူတွေကို အဲဒီနေရာကို ခေါ်လာတယ်။ အခု စစ်ကောင်စီတပ်တွေ မရှိတော့ဘူးဆိုတော့ ယခင် နေခဲ့တဲ့ လူတွေက သူတို့မြေနေရာ ပြန်လိုချင်ရင် ပြန်လာယူ ချင်ရင် ပြန်လာလို့ရတယ်လို့ ကျနော်တို့က သူတို့ကို ပြန်ခေါ်တာဖြစ်တယ်။ ပြန်လာမလာတော့ သူတို့အပိုင်းပေါ့ ပြန်မလာချင်တော့တဲ့လူတွေကလဲ ပြန်မလာလဲ ဘာမှတော့မဖြစ်ဘူး”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

မူလမြေပိုင်ရှင်များ အနေဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံရပ်ခြားတိုင်ပြည်များသို့ ရောက်ရှိသွားပြီး ၎င်းတို့၏ မြေများကို ပြန်လည်ယူရန် အစီစဉ်မရှိပါက နီးစပ်ရာ မောင်နှမ၊ ဆွေမျိုး နှင့် အသိမိတ်ဆွေများကို ပေးလိုပါက ပေးနိုင်သလို မလွှဲပြောင်းပေးခင် သက်ဆိုင်ရာ ကေအဲန်ယူ၏ ဌာနဆိုင်ရာများထံ အသိပေးရမည် ဖြစ်ပြီး ရောင်းချခြင်းကို ခွင့်မပြုကြောင်း ခရိုင်ကေအဲန်ယူ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့အပြင် အဝေးသို့ ရောက်ရှိနေသည့် မူလမြေပိုင်ရှင်များသည် မယ်သမီးထာ လယ်ယာမြေကော်မတီထံသို့ ပြန်လည်ဆက်သွယ်နိုင်သလို အနီးဝန်းကျင်တွင်ရှိနေသည့် မြေပိုင်ရှင်များအနေဖြင့် ခရိုင်ရုံးတွင် အမြန်ဆုံး တင်ပြ ကြရန် ကေအဲန်ယူက ထုတ်ပြန်ထားသည်။

၁၉၉၇ခုနှစ် နယ်မြေအတွင်းစစ်ကောင်စီ ထိုးစစ်ဆင်သည့်အတွက် ထီးထာအပြင် ထီးမိုဘွာဒေသတစ်ခုလုံးရှိ ဒေသခံပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။ ၎င်းတို့သည် ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည် စခန်းများကိုသွားရောက်ခိုလှုံပြီးနောက် တချို့တတိယနိုင်ငံသို့ ပြောင်းရွှေ့အခြေချသည့် အစီစဉ်တွင် ပါဝင် သွားကြောင်း သိရသည်။

ထီးထာဗျူဟာစခန်းကို ပြီးခဲ့သည့် ဧပြီ ၁၉ ရက်နေ့တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA နှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် ထီးခီးနယ်စပ်ရှိ ထီးခီးစခန်း အပြင် ငါးရံ့နီနှင့် ဗောဓိစခန်းများကိုလည်း KNLA နှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တို့က တိုက်ခိုက် သိမ်းယူ နိုင်ခဲ့သည်။