လျစ်လျူရှုခံရဆဲ ဒုက္ခသည်တို့ အလုပ်လုပ်ခွင့်
(ဇွန် ၁၉၊ ၂၀၂၅) ကေအိုင်စီ
လွန်ခဲ့တဲ့ ၃ နှစ်၊ တိတိပပဆိုလျှင် ၂၀၂၂ ဇွန် ၂၀ ရက်နေ့တွင် ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ မှာ ထိုင်း-မြန်မာ နယ်စပ်ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေဟာ သူတို့ကို စခန်းအပြင်ထွက် အလုပ်လုပ် ခွင့်ပေးဖို့ တောင်းဆိုခဲ့ဖူးပါတယ်။
အဲ့ဒီနှစ် ကမ္ဘာ့ဒုက္ခသည်နေ့အတွက် ကရင်အမျိုးသမီးအစည်းအရုံး (KWO) က ထုတ်ပြန်တဲ့ ကြေညာ ချက်မှာလည်း ဒုက္ခသည်တွေ စခန်းပြင်ပထွက် အလုပ်လုပ်ခွင့်ရဖို့ ထိုင်းဘုရင့် အစိုးရအနေနဲ့ အထောက် အထား စာရွက်စာတမ်းတွေ ထုတ်ပေးဖို့ မေတ္တာရပ်ခံ ပြောဆိုခဲ့ဖူးပါသေးတယ်။
သို့ပေမဲ့လည်း ထိုင်း-မြန်မာနယ်စပ်၊ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေ စခန်းအပြင်ထွက် အလုပ်လုပ်ခွင့်ရရေးက အခုထိလျစ်လျူရှုခံနေရဆဲပါ။
မြန်မာမှာ ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့သူတွေဟာ အိမ်နီးချင်းထိုင်းနိုင်ငံကို ထွက် ပြေးခိုလှုံရတဲ့ အခြေအနေကစပြီး ထိုင်းက ဒုက္ခသည်စခန်းတွေ ဖွင့်လှစ်ကူညီပေးခဲ့တာပါ။ အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လ ဒုက္ခသည်စခန်းဆိုရင် ၁၉၈၄ ခုနှစ်က စတင်ပေါ်ပေါက်လာပြီး အခုဆို ၄၁ နှစ်ထိရှိလာပြီး ဖြစ်ပါတယ်။
ဒီနှစ် ၄၀ အတွင်းမှာ ဒုက္ခသည်တွေဟာ တတိယနိုင်ငံဖြစ်တဲ့ အမေရိကန်၊ ဩစတြေးလျနဲ့ ဥရောပနိုင်ငံတွေကို တချို့သွားရောက်ခိုလှုံ အခြေချခွင့်ရဖူးပေမဲ့ အများစုကတော့ စခန်းတွေထဲမှာ ဆက်နေရဆဲပါ။
လက်ရှိမှာ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမူ၊ ထမ့်ဟင်၊ ဘမ့်ဒုံယမ်းနှင့် ကရင်နီအမှတ် (၁)၊ အမှတ် (၂) စခန်းအပါအဝင် မြန်မာဒုက္ခသည်စခန်းပေါင်း ၉ ခုက လူဦးရေ တစ်သိန်းကျော် ခိုလှုံလျက်ရှိပါတယ်။
စခန်းထဲက ဒုက္ခသည်တွေဟာ မြန်မာပြည် နိုင်ငံရေး၊ စစ်ရေး အခြေအနေ သာမက ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ နိုင်ငံရေး အခြေအနေပေါ်မူတည်ပြီး စားနပ်ရိက္ခာနဲ့ ကျန်းမာရေးထောက်ပံ့မှု၊ တတိယနိုင်ငံ ခိုလှုံခွင့်၊ နေရပ်ပြန် အခြေချခွင့်စတဲ့ အထွေထွေကိစ္စရပ်တွေအပေါ် သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။
ထိုင်းနယ်စပ်က ဒုက္ခသည်တွေကို အကူအညီအများဆုံး ပေးနေတဲ့ အမေရိကန်နိုင်ငံက ဒေါ်နယ် လ်ထရန့် ဦးဆောင်တဲ့ လက်ရှိအစိုးရအဖွဲ့ကတော့ ဒုက္ခသည်ခေါ်ယူရေးနဲ့ အထောက်အပံ့တွေကို အခု နှစ်ဆန်းပိုင်းကစလို့ ဖြတ်တောက်လိုက်ပြီး ဒုက္ခသည်တွေအပေါ် ကြီးမားတဲ့ သက်ရောက်မှု ဖြစ်စေခဲ့ပါတယ်။
အကျိုးဆက်အနေနဲ့ ဒုက္ခသည်စခန်းမှာ ကျန်းမာရေးဝန်ဆောင်မှုအတွက် အထောက်အပံ့တွေ ရပ်ဆိုင်း တာအပြင် ရိက္ခာဖြန့်ဝေပေးတဲ့ The Border Consortium -TBC က တစ်ဦးချင်းရိက္ခာအတွက် လျှော့ချခဲ့ပြီး အခုဆို ဒုက္ခသည်တစ်ဦးဟာ အများဆုံး တစ်လ ၃၈၈ ဘတ် နဲ့ ၃၂၂ ဘတ် သာရရှိပါတော့တယ်။
ဒီလို အခြေအနေမျိုးမှာ ဒုက္ခသည်တွေ စခန်းအပြင်ထွက် အလုပ်လုပ်ခွင့် ကန့်သတ်ခံထားရမှုအပေါ် ဖြေလျှော့ပေးဖို့ တောင်းဆိုတာ၊ ဆွေးနွေးတာတွေ ပေါ်ထွက်လာပြန်ပါတယ်။
တကယ့်တော့ ဒုက္ခသည်တွေစခန်းက အဆင့်ဆင့်သော တာဝန်ရှိသူတွေနဲ့ နားလည်မှုယူ စခန်း အနီးတဝိုက် အပြင်ထွက် အလုပ်လုပ်နေတာမျိုးတွေ ရှိလို့နေပါတယ်။ တရားဝင် မဟုတ်တဲ့အတွက် လုပ်ငန်းခွင်မှာရော လုပ်ခမှာပါ အနှိမ်ခံရတဲ့ အခြေအနေမျိုးပါ။
နေပူပူ မိုးရွာရွာထဲမှာ တစ်နေကုန်ပင်ပန်းခံလုပ်ပြီး တစ်ရက် ၂၀၀ ဘတ်သာရတာကြောင့် ရံဖန်ရံခါ စိတ်ပျက်မိပေမယ့်လည်း ဒုက္ခသည်ဖြစ်တဲ့အတွက် အထောက်အထားမရှိလို့ အဝေးကိုထွက်ပြီး အလုပ် သွားလုပ်ဖို့ အခက်တွေ့နေတယ်လို့ အုန်းဖျန်ဒုက္ခသည်စခန်းက စောကညောစေးက ဖွင့်ဟ ပြောပါတယ်။
သူဟာ ဒုက္ခသည်စခန်းမှာပဲ မွေးဖွားကြီးပြင်းလာသူတစ်ဦး ဖြစ်ပါတယ်။ မောင်နှမ ၅ ယောက်အနက် အကြီးဆုံးသား ဖြစ်တာကြောင့် အတန်းပညာ ၁၀ တန်းအထိ ကျောင်းနေပြီးနောက် အိမ်သုံးစရိတ်နဲ့ မောင်နှမတွေအတွက် ကျောင်းစရိတ်ရဖို့ စခန်းအပြင်က ထိုင်းနိုင်ငံသား မုန်းလူမျိုးတွေရဲ့ စိုက်ခင်းတွေမှာ နေ့စားအလုပ် သွားနေရသူတစ်ဦး ဖြစ်ပါတယ်။
“အပြင်မှာ အလုပ်သွားလုပ်တာက သူဌေးတွေက စခန်းအထိ လာကြိုတယ်။ ပလာ (စခန်းထိုင်း အာဏာပိုင်) နဲ့ သူတို့ ပြောထားတာရှိမယ်ထင်တယ်။ သွားလုပ်တော့တစ်ရက်ကို ဘတ် ၂၀၀ ရတယ်။ ရာသီအလိုက် ငရုပ်သီးခူး တာတို့၊ ငရုပ်သီးစိုက်တာတို့ ၊ ဂေါ်ဖီထုပ်စိုက်တာတို့ ခူးတဲ့အချိန်ဆိုရင်လည်း ခူးရတာတို့ လုပ်ရတယ်” လို့ သူက ပြောပါတယ်။
အပြင်မှာ တစ်ခါအလုပ်ထွက်လုပ်ရင် ၃ ရက်ကနေ တစ်ပတ်လောက်ကြာတဲ့ အချိန်တွေလည်း ရှိပါ တယ်။ ရလာတဲ့ လုပ်အားခတွေကို အိမ်နဲ့ မောင်နှမတွေကျောင်းစရိတ်အတွက် ပြန်သုံးတယ်လို့ သူကပြောပါတယ်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး အလုပ်သမားတစ်ဦးကို လုပ်အားခ အနည်းဆုံးတစ်ရက် ၃၇၇ ဘတ်ကစပြီး အမြင့်ဆုံး ၄၀၀ ဘတ်အထိ တိုးမြှင့်ပေးကြောင်း ကြေငြာထားပါတယ်။ ဒါပေမယ့်လည်း နားလည်မှုနဲ့ စခန်းပြင်ပက တောင်ယာ၊ စိုက်ခင်းတွေမှာ နေ့စားအလုပ်သွားလုပ်တဲ့ ဒုက္ခသည်တွေအတွက်တော့ မသက်ဆိုင်ပါဘူး။
ဒုက္ခသည် စခန်းအတွင်းထဲမှာပဲ မွေးဖွားလာပြီး ကြီးပြင်းလာတဲ့သူတွေအနေနဲ့ကတော့ သူတို့နေထိုင်တဲ့ ဒုက္ခသည်စခန်းဟာ သူတို့အတွက် ရွာသို့မဟုတ် သူတို့အတွက် ကမ္ဘာဆိုရင်လည်း မမှားပါဘူး။
အဲ့ထဲမှာ ဒုက္ခသည်စခန်းမှာ မွေးပြီးစခန်းထဲမှာ ကြီးပြင်းလာတဲ့ နို့ဖိုးဒုက္ခသည်စခန်းက နော်ဖောဝါးဝါးက ဒုက္ခသည်စခန်းဟာ သူမရဲ့ ဇာတိဒေသအဖြစ်ပဲ မြင်တယ်လို့ ဆိုပါတယ်။ သူမက မိန်းကလေး တစ်ဦး ဖြစ်လို့ စခန်းအပြင်ထွက် အလုပ်ကြမ်းတွေလုပ်ဖို့ အခက်အခဲတွေ ရှိပါတယ်။
“ကျမက ဒီစခန်းမှာပဲမွေးတယ်။ ဒီမှာပဲမူကြိုကနေစပြီး ကျောင်းပြီးတဲ့အထိ နေလာတဲ့ ဒုက္ခသည်စခန်း ဖြစ်တယ်။ ကျမတို့မှာ အပြင်ထွက်ဖို့က မရဘူးလေ။ UN ကဒ်(လက်မှတ်)ကလွဲပြီး ထိုင်းနိုင်မှာ နေထိုင်တဲ့အထောက်အထား မရှိဘူး။ ဒီအထဲမှာပဲ ကျောင်းပြီးတော့ အခု ဒီမှာပဲ အလုပ်ပြန်ဆက်လုပ်တယ်” လို့ သူမက ပြောပါတယ်။
သူမဟာ ကရင်ပညာရေးဌာနက ဖွင့်လှစ်တဲ့ ဒူးပလာယာကောလိပ် တက်ပြီးတဲ့နောက် ဓါတ်ခွဲခန်း အပိုင်းကို ဆက်သင်ယူပြီး အခုနို့ဖိုးဒုက္ခသည် စခန်းထဲက ဆေးရုံမှာ ဓာတ်ခွဲခန်းပိုင်းဆိုင်ရာနဲ့ အလုပ်ပြန်လုပ်နေသူ ဖြစ်ပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ထုတ်ပေးတဲ့ ဒုက္ခသည် အသိအမှတ်ပြု လက်မှတ်ကလွဲပြီး မြန်မာနိုင်ငံသား မှတ်ပုံတင်မရှိသလို ထိုင်းမှာ အထောက်အထား တစ်စုံတစ်ရာမရှိဘဲ နိုင်ငံပျောက်သွားသလိုဖြစ်နေတာကြောင့် ရွေးချယ်စရာမရှိတော့ဘဲ ဒုက္ခသည်စခန်းထဲမှာသာ အလုပ်လုပ်ပြီးနေတယ်လို့ သူမဆို ပါတယ်။
ထိုင်းအစိုးရအနေနဲ့လည်း ဒုက္ခသည် လက်ခံတဲ့ စာချုပ်လက်မှတ်ထိုးထားတာ မရှိတဲ့အတွက် ဒုက္ခသည်များ တရားဝင် သွားလာခွင့်၊ အလုပ်လုပ်ခွင့်တွေကို ခွင့်ပြုဖို့ ခက်နေတယ်လို့ လည်း ကရင်ဒုက္ခသည်များကော်မတီ-KRC အတွင်းရေးမှူး စောပွယ်စေးက ပြောပါတယ်။
“ထိုင်းက အမှန်တော့ ဒုက္ခသည်ကို လက်ခံတဲ့ တရားဝင်လက်မှတ် မထိုးဘူး။ ယာယီ စစ်ပြေး ရှောင်အတွက် ခိုလှုံ ခွင့်ပေးထားတာလောက်ပဲ။ အဲဒါကြောင့် သူတို့နိုင်ငံထဲမှာ ဒုက္ခသည်တွေ တရားဝင်အလုပ်လုပ်ခွင့် ရဖို့က သူတို့ လုပ်လို့ မရသေးဘူး” လို့ သူက ပြောပါတယ်။
ဒါကြောင့် စခန်းက ထိုင်းအာဏာပိုင်တွေရဲ့ နားလည်မှုနဲ့ တောင်ယာ စိုက်ခင်းတွေမှာ နေ့စားလုပ်သားအဖြစ် ၂ ရက် ၃ ရက် ခွင့်ပြုပေးတာမျိုး ရှိတယ်လို့ စောပွယ်စေးက ရှင်းပြပါတယ်။
အခုချိန်မှာ ကမ္ဘာအနှံ့က ဒုက္ခသည်တွေကို ကူညီပေးရတာတွေ များလာတာကြောင့် ထိုင်း-မြန်မာ နယ်စပ်ဒုက္ခသည်တွေကို ကူညီပေးတဲ့ ရံပုံငွေ ရရှိမှုနည်းလာနေတဲ့အတွက် ရိက္ခာထောက်ပံ့ပေးတဲ့ TBC က ဧပြီလကစပြီး ရိက္ခာထောက်ပံ့မှု ထပ်မံလျှော့ချလိုက်လို့ ဒုက္ခသည်စခန်းမှာ နေတဲ့သူတွေဟာ ကိုယ်ပိုင်ဝင်ငွေရရှိဖို့ ပိုပြီး လိုအပ်လာပါတယ်။
အထွေထွေအခက်အခဲ ကြုံတွေ့နေရတဲ့ ဒုက္ခသည်တွေအတွက် အသက်ရှင် ရပ်တည်နိုင်ဖို့က ပြင်ပမှာ တရားဝင်အလုပ်ထွက်လုပ်ခွင့် ရရှိဖို့ အင်မတန်အရေးကြီးတယ်လို့ ကရင်အမျိုးသမီးအစည်းအရုံး-KWO ဥက္ကဋ္ဌ နော်ကညောဖောက ပြောပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ဒုက္ခသည်တွေ စခန်းပြင်ပ အလုပ်ထွက်လုပ်ခွင့်ရရှိဖို့ ပေါ်လစီမရှိတာကြောင့် ပေါ်လစီတစ်ခု ရေးဆွဲပေးဖို့ကို ထိုင်းရှိ ကုလတာဝန်ရှိသူတွေ၊ TBC နဲ့ အလှူရှင်အဖွဲ့အပြင် ဒေသအတွင်း အဖွဲ့အစည်းအချို့က တွေ့ဆုံဆွေးနွေးပြီး ထိုင်းအစိုးရကို တိုက်တွန်းဖို့ လုပ်ဆောင်တာတွေလည်း ရှိတယ်လို့ သူမက ပြောဆိုပါတယ်။
“ထိုင်းအစိုးရက သူတို့ကို အခွင့်အရေးမပေးရင် သူတို့တွေ ဖမ်းဆီးချုပ်နှောင်ခံမယ်။ သူတို့အတွက် ဒါက စိန်ခေါ်မှုအကြီးကြီးဖြစ်တယ်” လို့ နော်ကညောဖောက ပြောပါတယ်။
ဒီလို အခြေအနေမျိုးမှာ ဒုက္ခသည်တွေ အလုပ်လုပ်ခွင့်ပေးဖို့ ထိုင်းလွှတ်တော် အမတ်ကန်နဗီ ဆုဘ်စန်က ထိုင်း အောက်လွှတ်တော်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့တုန်းက အစိုးရကိုအဆိုပြုခဲ့တယ်လို့ ဘန်ကောက်ပို့စ်က သတင်းဖော်ပြခဲ့ဖူးပါတယ်။
သူက ဒုက္ခသည်များကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ ထိုင်းနိုင်ငံတွင် ယာယီအလုပ်လုပ်ကိုင်ခွင့်၊ ကိုယ်တိုင် ရပ်တည်နိုင်ရေးနဲ့ အခွန်များကတဆင့် စီးပွားရေးအကျိုးပြုနိုင်စေဖို့ ရေရှည်ဖြေရှင်းချက် ရှာမတွေ့မချင်း ဒုက္ခသည်တွေကို ထိုင်းမှာ အလုပ်လုပ်ခွင့်ပေးဖို့ အကြံပြုခဲ့တာပါ။
“ကျနော်တို့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို အင်အားအဖြစ် ပြောင်းလဲပစ်ပြီး ထိုင်းနိုင်ငံဟာ နိုင်ငံတကာ ဇာတ်ခုံပေါ်မှာ အဓိက ကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ရမယ်” လို့ သူက ပြောတယ်လို့ ဘန်ကောက်ပို့စ် သတင်းက ဆိုပါတယ်။
ဒါပေမဲ့လည်း မဖြစ်နိုင်သေးဘူးလို့ ထိုင်းဒုတိယဝန်ကြီးချုပ်လည်းဖြစ်ပြီး ကာကွယ်ရေး ဝန်ကြီး လည်းဖြစ်သူ ဖန်တမ်ဝိချရက်ချိုင်က ပြောခဲ့ပါတယ်။ အခုလို အကြံပြုမှုက အကြံကောင်း ဖြစ်ပေမဲ့လည်း နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီများနဲ့ ကုလသမဂ္ဂတို့မှာသာ အဓိက တာဝန်ရှိတယ်လို့ ဒုတိယ ဝန်ကြီးချုပ်က မှတ်ချက် ပြု ပြောပါတယ်။
ဒုက္ခသည်အရေး အဓိက လုပ်နေတဲ့ အဖွဲ့အစည်းဖြစ်တဲ့ UNHCR ရဲ့ ရည်ရွယ်ချက်တွေထဲမှာ ဒုက္ခသည် တွေကို “ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကိုတည်ဆောက်နိုင်စေမည့် ရေရှည်တည်တံ့သော ဖြေရှင်းနည်းများ ရရှိနိုင်အောင် လုပ်ဆောင်သွားရန်ဖြစ်ပါသည်” လို့ ဖော်ပြထားပါတယ်။
သို့ပေမဲ့ ဒုက္ခသည်တွေ တရားဝင် အလုပ်လုပ်ခွင့်ရရှိအောင် ညှိနှိုင်းဆွေးနွေးတာတွေလုပ်နေပါတယ် ဆိုတဲ့ သံတမန်ဆန်ဆန် စကားလုံးများသာ ပြောဆိုနိုင်တဲ့ အခြေအနေပါ။ ဒါကြောင့် ဒုက္ခသည်တွေ အလုပ်လုပ်ခွင့်ရဖို့ လျစ်လျူရှုခံနေရဆဲ အခြေအနေဖြစ်လို့ နေပါတယ်…. ။