Home သတင်း ဘန်ကောက်နှင့်အနီးဝန်းကျင် မြို့များတွင် တစ်ရက် အနိမ့်ဆုံးလုပ်ခ ဘတ် ၄၀၀ တိုးပေးမည်

ဘန်ကောက်နှင့်အနီးဝန်းကျင် မြို့များတွင် တစ်ရက် အနိမ့်ဆုံးလုပ်ခ ဘတ် ၄၀၀ တိုးပေးမည်

689
Photo: Bangkok Post

ဇွန် ၁၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် အနီးဝန်းကျင်မြို့များတွင် အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားများ အတွက် လာမည့် ဇူလိုင်လ ၁ ရက်နေ့မှစပြီး တစ်ရက်အနိမ့်ဆုံး လုပ်ခဘတ် ၄၀၀ တိုးမြှင့်ပေးသွားမည်ဟု ထိုင်းနိုင်ငံ၏ အလုပ်သမားလုပ်အားခကော်မတီ၏ ပြောဆိုမှုကို ကိုးကားပြီး ထိုင်းမီဒီယာများတွင် ဖော်ပြကြသည်။

အထူးသဖြင့် တရားဝင်မှတ်ပုံတင်ထားသည့် ဟိုတယ် နှင့် ဖျော်ဖြေရေး လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင် ကြသူများကို လုပ်ခ လစာနှုန်းထား တိုးမြှင့်ပေးမည်ဖြစ်ပြီး ဘန်ကောက်အပါအဝင် အခြားပြည်နယ် များတွင် လည်း လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး လုပ်အားခ တိုးမြှင့်မှုမှာ အကျုံးဝင်မည်ဟု ဘန်ကောက်ပို့စ်နှင့် The Nation သတင်းစာများတွင် ဖော်ပြပါရှိသည်။

အလားတူ လုပ်အားခ တိုးမြှင့်မှုမှာ ယမန်နှစ်ကလည်း ရှိခဲ့ဖူးပြီး တိုးမြှင့်ပေးသည့် လုပ်ငန်းရှင်အချို့ ရှိသလို မတိုးမြှင့်ပေးသည့် လုပ်ငန်းရှင်များလည်းရှိသည်။ သတ်မှတ်ပြဌာန်းချက်အတိုင်း တိုးမြှင့်ပေးပါက အကုန် အကျအတွက် ပိုအဆင်ပြေမည်ဟု ဘန်ကောက်မြို့က စားသောက်ဆိုင်တွင် အလုပ်လုပ်နေသည့် အမည်မဖော်လိုသူ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးက အခုလိုပြောသည်။

“အရင်နှစ်တုန်းကလည်း အဲ့လို ပြဌာန်းတာပဲ၊ ပေးတဲ့ သူဌေးက ပေးတယ်။ မပေးတဲ့ လူတွေက လည်းမပေးဘူး။ ဒီတစ်ခါကျ စားသောက်ဆိုင်တွေ ပါတယ်ဆိုပေမဲ့ သူပြောသလို ကွန်ဒို သန့်ရှင်းရေးတို့ ဟိုတယ်မှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်တွေပဲ ရကြပါတယ်။ အပြင်ဆိုင်မရပါဘူး။ လစာက တိုးခဲ့ရင် နေစရိတ် စားစရိတ် နည်းနည်း ချောင်သွားနိုင်မယ်လို့ ထင်တယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ လုပ်ခနှုန်းထားတိုးမြှင့်ပေးမည့် လုပ်ငန်းများတွင် အခန်း ၅၀ နှင့် အထက် ရှိသည့် 2 stars အဆင့် နှင့် ၎င်းအဆင့် အထက်ရှိ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ကာရာအိုကေ၊ ဘား အစရှိသည့် ဖျော်ဖြေရေး လုပ် ငန်းများ ပါဝင်သည်ဟု သိရသည်။

ယခုလို အလုပ်သမား လုပ်ခ နှုန်းထားတိုးမြှင့်ပေးသည့်အပေါ်မြန်မာရွှေ့ပြောင်း အလုပ်သမား အရေး ကူညီဆောင်ရွက်ပေးနေသည့် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့၏ ပြောခွင့်ရ ဦးမိုးကျော်က ယခုလို ပြောဆိုသည်။

၎င်းက “ပုံမှန်ကတော့ နှစ်တိုင်း ဒေသတွင်း ခရိုင် ၇၇ ခရိုင်ထဲမှာရှိတဲ့ အလုပ်သမားတွေ မြန်မာရွှေ့ပြောင်း အလုပ်းသမားတွေ အပါအဝင်ပေါ့၊ နေမှုထိုင်မှုကုန်ကျစရိတ်အပေါ် မူတည်ပြီး အချို့ခရိုင်တွေမှာ လုပ်အားခ တိုးပေးတာရှိတာပေါ့။ အခုဟာက သီးခြားဖြစ်တာပေါ့ ဟိုတယ်မှာလုပ်နေတဲ့သူတွေ စားသောက်ဆိုင်မှာ လုပ်နေတဲ့ သူတွေ ပေါ့။ ဒီအပေါ်မှာတော့ နှစ်စဉ်တိုးနေကျ ပုံစံနဲ့ ကွဲလွဲနေတာကြတော့ လုပ်သားအင်အားစု တစ်ခုခုကို ကြည့်ပြီး တိုးတာဖြစ်မှာပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် အလုပ်သမားတွေအပေါ်မှာ လစာဝင်ငွေနှုန်းထား တိုးပေး တာက ကောင်းတာပေါ့။” ဟု ကေအိုင်စီ သို့ ပြောသည်။

ယခုလို လုပ်ခနှုန်းထား တိုးမြှင့်မှုကြောင့် ထိုင်းတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အလုပ်သမား (၇၀၀,၀၀၀) ခန့် အကျိုခံစားခွင့်ရကြမည်ဟု ထိုင်းအလုပ်သမားရေး တာဝန်ရှိသူတွေက ခန့်မှန်းထားသည်။ လုပ်အားခ တိုးမြှင့်မှုကြောင့် စီးပွားရေး အခက်အခဲ ဖြစ်လာနိုင်သည့် လုပ်ငန်းရှင်များအတွက်လည်း အလုပ်သမား ဝန်ကြီး ဌာနက ဘဏ် ၆ ခုနှင့် ပူးပေါင်းပြီး အတိုးနည်းချေးငွေ ဘတ် ၃၀ ဘီလီယံခန့်ပြင်ဆင်ထားသည်ဟုလည်းသိရသည်။

ယခင်က တစ်ရက်လုပ်ခလစာနှုန်းထား ဘတ် ၄၀၀ ကို ထိုင်းနိုင်ငံ၏ ခရီးသွားမြို့ကြီးများဖြစ်သည့် ဖူးခက်၊ ချွန်ဘူရီ၊ ရယောင်း အစရှိသည့် မြို့များတွင်သာ ရရှိကြပြီး ဘန်ကောက်နှင့် ကျန်ပြည်နယ်များတွင် တစ်ရက် လုပ်ခ ဘတ် ၃၃၇ ဘတ်မှ ၃၇၂ ဘတ်စသဖြင့် မတူကွဲပြားရရှိကြကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူ များထံမှ သိရသည်။

ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလကလည်း ထိုင်းနိုင်ငံတစ်ဝှမ်းရှိ အလုပ်သမားများအတွက် တစ်ရက်လုပ်ခ လစာ အနိမ့်ဆုံး ဘတ် ၄၀၀ သို့ ပြောင်းလဲသတ်မှတ်ဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန် ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းမီဒီယာများက ဖော်ပြခဲ့ဖူးသေးသည်။