Home သတင်း မြဝတီတွင် ဖုန်းလိုင်းနှင့် အင်တာနက် ခက်ခဲနေဆဲဟု မြို့ခံများပြော

မြဝတီတွင် ဖုန်းလိုင်းနှင့် အင်တာနက် ခက်ခဲနေဆဲဟု မြို့ခံများပြော

941

ဇွန် ၂၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြဝတီတွင် ဖုန်းလိုင်းနှင့် အင်တာနက် လိုင်းများကို စစ်ကောင်စီက ဖြတ်တောက်ထားသည်မှာ တစ်နှစ်ကျော်ချိန် ထိရှိလာပြီး ဖြစ်သလို ဆက်သွယ်ရေးပိုင်း ခက်ခဲနေဆဲဖြစ်သည်ဟု မြို့ခံများက ပြောသည်။

အဆိုပါ မြို့တွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် မဟာမိတ် ပူးပေါင်းတပ်များက မြို့သိမ်းပြီး ပြန်ထားခဲ့ချိန်မှစ၍ ယနေ့ ချိန်ထိ စစ်ကောင်စီက ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားဆဲ ဖြစ်သည်။

ထို့ကြောင့် မြို့ခံများအနေဖြင့် ဆက်သွယ်ရေးအတွက် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှ ထပ်ဆင့်လွှင့် ဝိုင်ဖိုင် အင်တာနက်လိုင်းများကို အသုံးပြုပြီး လူမှုစီးပွားလုပ်ငန်းများကို လုပ်ဆောင်နေရသည်ဟု မြို့ခံတစ်ဦးက ယခုလို ပြောသည်။

“မြန်မာဖုန်းလိုင်း တွေ ၃လိုင်းစလုံးပျက် နေတာ ကြာပြီလေ၊ MPTတစ်မျိုးကတော့ ကုန်မြင့်တွေ တချို့ လေလိုင်း သင့်တဲ့ နေရာ တွေတော့ လိုင်းမိတယ်၊ အလုပ်လုပ်တဲ့ သူတွေကတော့ ကမ်းနားရပ်ကွက်က လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာထိုင်ပြီး ထိုင်းတစ်ဆင့်ခံ ဝိုင်ဖိုင်ကနေအလုပ်လုပ် ဆက်သွယ်ကြတယ်၊ တချို့လည်းထိုင်း ဝိုင်ဖိုင်တစ်ဆင့်ခံ ယူပြီးသုံးနေကြတာ အခုဆိုတစ်နှစ်ကျာ်ပြီ၊ မနှစ်ကတံတားနှစ် တိုက်ပွဲဖြစ်ကတည်းက မီးရော ဖုန်းရော ပျက်နေတာ” ဟု မြဝတီမြို့ခံ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထိုသို့ မြဝတီမြို့တွင် စစ်ကောင်စီဘက်က ထိမ်းချုပ်ထားသည့် လျှပ်စစ်မီးနှင့် တယ်လီဖုန်း၊ အင်တာနက်လိုင်း များ မရတော့သလို ၊ ထိုင်းနိုင်ငံ ဘက်က လျှပ်စစ်မီးနှင့် လောင်စာဆီ တင်ပို့မှု ရပ်ဆိုင်း ထားသည့်အတွက် မြို့ခံ အများစုသည် ဆိုလာ (နေရောင်ခြည် စွမ်းအင်သုံး) လျှပ်စစ်မီးကိုသာ အသုံးပြုနေကြရ သည်ဟု သိရသည်။

“မြဝတီမှာ မီးလည်းမရ၊ ရေလည်း အဆင်မပြေ၊ ဖုန်းတို့ ဝိုင်ဖိုင်တို့ကလည်း ရတစ်ချက်၊ မရတစ်ချက်၊ သူများ နေရာတွေမှာ လိုင်းလျှောက်ရှာပြီး မိတဲ့နေရာ ရပ်ပြီးသုံးကြရတာ၊ အားသွင်းမီးသီး၊ မီးအိမ်တွေ၊ ဖုန်းတွေ ပါဝါဘန့်တွေ ပိုက်ဆံပေးပြီး အားသွားသွင်းပြီးသုံးရတယ်။ ရပ်ကွက်ထဲက လူကတော့ မီးစက်တို့၊ ဆိုလာတို့ သိပ့် မတတ်နိုင်ကြတာများတယ်” ဟု မြဝတီ အမှတ် ၅ ရပ်ကွက် နေထိုင်သူက ပြောသည်။

ထို့အပြင် စစ်ကောင်စီက ကရင်ပြည်နယ်ျအတွင်းရှိ မြို့နယ် တချို့တွင် တယ်လီဖုန်းလိုင်းနှင့် အင်တာနက်လိုင်း များကို လိုင်းအားလျော့ချ လွှင့်ထုတ်ပေးနေပြီး ဒေသခံများလည်း အဆင်ပြေသလို အသုံးပြုနေရသည်ဟု သိရသည်။

ထို့အပြင် လက်ရှိ ကော့ကရိတ်၊ ကျုံဒိုး၊ ကြားအင်းဆိပ်ကြီးနှင့် ဘုရားသုံးဆူ ဒေသများရှိ ကျေးရွာများတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသည်မှာ နှစ်နှစ်နီးပါးကြာနေပြီးဖြစ်သည်ဟု အဆိုပါ ဒေသရှိ ဒေသခံ အသီးသီးက ပြောဆိုသည်။