ဇွန် ၂၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြန်မာ ပြည်တွင်းရှိ ဒုက္ခသည်များကို နယ်စပ်ဖြတ်ကျော် အကူအညီများပေးရန်နှင့် ကမ္ဘာတစ်ဝှမ်းရောက် မြန်မာ ဒုက္ခသည်များကို ဥပဒေအရ အကာအကွယ်ပေးရန် ကုလသမဂ္ဂ၊ အာဆီယံ အပါအဝင် နိုင်ငံတကာသို့ ကရင်လူ့ အခွင့်အရေး ကွန်ရက်-KHRG အပါအဝင် အရပ်ဖက်အဖွဲ့ ၁၀ ဖွဲ့က ဇွန် ၂၀ ရက်နေ့တွင် တောင်းဆိုလိုက်သည်။
စစ်တပ်အာဏာမသိမ်းခင်ကတည်းက ကရင်ပြည်နယ်အပါအဝင် ရခိုင်၊ ကချင်၊ ချင်း၊ ရှမ်းနှင့်မွန်ပြည်နယ်ရှိ လူဦး ရေ ၃ သိန်းကျော်ကို ကာလရက်ရှည် စစ်ရှောင်ရသူများအဖြစ် စစ်ကောင်စီက ဖိအားပေးလုပ်ဆောင်ခဲ့ပြီး အာဏာ သိမ်းပြီးနောက် လက်ရှိအချိန်တွင်လည်း မြန်မာတွင် လူ ၃.၅ သန်းကျော်မှာ နေရပ်စွန့်ခွာရွှေ့ပြောင်းနေရသူ-IDPs များ ဖြစ်လာသည်ဟု အရပ်ဖက်အဖွဲ့ အစည်းများက ပြောသည်။
ထို့အပြင် ယခုနှစ်ဆန်းပိုင်းတွင် အမေရိကန်နိုင်ငံက အကူအညီ ဖြတ်တောက်မှုများကြောင့် မြန်မာနိုင်ငံရှိ ဒုက္ခသည်များ စားနပ်ရိက္ခာရရှိမှုအခြေအနေ ပိုမိုဆိုးရွားလာရာ ကုလသမဂ္ဂ၊ နိုင်ငံတကာအသိုင်းအဝိုင်း၊ အာဆီယံ နှင့် အိမ်နီးချင်းနိုင်ငံများအနေဖြင့် လူသားချင်းစာနာမှုအကူအညီများကို တိုးမြှင့်ပေးရန် တောင်းဆိုထားသည်။
အဆိုပါ လူသားချင်းစာနာမှုအကူအညီများအပါအဝင် IDPs များ၏ရေရှည်တည်တံ့မည့် အသက်မွေးလုပ်ငန်းများ လုပ်ကိုင် နိုင်ရေး အကူအညီပေးရာ၌ မြေပြင်ရှိ တိုင်းရင်းသား အရပ်ဖက်အဖွဲ့များ၊ အရပ်ဖက်လူမှုအဖွဲ့ အစည်းများ ဦးဆောင်မှုမှတဆင့် နယ်စပ်ဖြတ်ကျော်လမ်းကြောင်း သုံး၍ ကူညီပေးရန် တောင်းဆိုချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ပဋိပက္ခဒေသများတွင် ပြည်တွင်းအရပ်ဖက်အဖွဲ့များ (CSOs, CBOs) နှင့် ဒေသအာဏာပိုင်များ၏ ရှိပြီး သား IDP အကာအကွယ်ပေးရေး ယန္တရား ပိုမိုအားကောင်းရေးနှင့် အစီအစဥ်အသစ်များ တည်ဆောက်နိုင်ရေး ၎င်း တို့ကို ပံ့ပိုး ပေးရန်ဖြစ်သလို မြန်မာစစ်ကောင်စီ၏ အကြမ်းဖက်မှုများမှကာကွယ်ရန် လက်နက်နှင့်လေယာဥ်ဆီ ရောင်းချခြင်းကို ဟန့်တားရန်နှင့် လိုအပ်သည့်အရေးယူမှုများ ချက်ချင်းလုပ်ဆောင်ရန်လည်း တိုက်တွန်းထား သည်။

အာဆီယံ၊ နိုင်ငံတကာအနေဖြင့် မြန်မာစစ်ကောင်စီနှင့် ထိတွေ့ပြောဆိုခြင်းဖြင့် မှားယွင်းနေသော တရားဝင်မှု ပေးရာ ရောက်သည့် လုပ်ရပ်များကို ချက်ချင်းရပ်တန့်ပစ်ရန်၊ ထို့အပြင် မြန်မာနိုင်ငံမှ အကြမ်းဖက်ရာဇဝတ်မှု ကျုးလွန်သူများ တာဝန်ယူ၊ တာဝန်ခံမှုရှိစေရေး ICC တရားရုံး၌ မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်နိုင်ရေးတွင် မြန်မာပြည်သူများနှင့်အတူ ပါဝင်ရန်ပါ တောင်းဆိုထားသည်။
ထို့အတူ ပြည်ပသို့ရောက်ရှိနေသူ မြန်မာဒုက္ခသည်များအား တရားမဝင်ဖမ်းဆီးခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်း၊ နေရပ်ပြန်ပို့ခြင်းအပါအဝင် အခြားသောအတင်းအကြပ်နေရပ်ပြန်ပို့ခြင်းတို့ကို မလုပ်ဆောင်ရန်နှင့် ဥပဒေကြောင်း အရ အကာအကွယ်ပေးမှုနှင့်အတူ အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေး၊ အခြားဝန်ဆောင်မှုအခွင့်အလမ်းများ ရရှိစေရန်ကိုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် IDPs ဦးရေတိုးလာခြင်း၏ အဓိကတရားခံဖြစ်သော မြန်မာစစ်ကောင်စီသည် အာဏာသိမ်းထား သည့် ကာလတွင် နိုင်ငံတစ်ဝှမ်း လေကြောင်းတိုက်ခိုက်မှု ၅ ထောင်ကျော်လုပ်ဆောင်ခဲ့ပြီး အများစုမှာ စစ်ရှောင် စခန်းများ၊ စာသင်ကျောင်းများ၊ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ဆောင်နေသည့်နေရာများဖြစ်သည် ဟု ထုတ်ပြန် ချက်၌ ပြောဆိုထားသည်။
တစ်နှစ်ထက်တစ်နှစ် လေကြောင်းတိုက်ခိုက်မှုများကို စစ်ကောင်စီက ပိုမိုလုပ်ဆောင်လာပြီး ယခု ၂၀၂၅ ခုနှစ် ၆ လတာကာလအတွင်း စစ်ရှောင်နေရာများကိုပစ်မှတ်ထားပြီး ဒရုန်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး တိုက်ခိုက်မှု များနှင့် အခြားသော လေယာဥ်ဗုံးကြဲမှုများကို လုပ်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်ကို KHRG အပါအဝင် ချင်းလူ့အခွင့်အရေးအဖွဲ့-CHRO, ရှေ့ပြေးအသံအဖွဲ့-Progressive Voice, ကရင်ငြိမ်းချမ်းရေး ကွန်ရက်-KPSN, RW Welfare Society, ကရင်နီအမျိုးသမီးအစည်းအရုံး-KNOW, ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ရက်-KCSN, ကချင်အမျိုးသမီးအသင်း-ထိုင်းနိုင်ငံ(KWAT), Human Rights Foundation of Monland နှင့် Burmese Rohingya Organisation UK တို့က ပူးတွဲ လက်မှတ်ရေးထိုးတောင်းဆို ထားခြင်း ဖြစ်သည်။



















