Home သတင်း ဝါးခယ်မနှင့် မြောင်းမြတွင် ရွှေခရုအန္တရာယ်ပိုမိုကြုံလာရ၍ စိုက်ပျိုးရေးစရိတ် ပိုများလာဟု လယ် သမားများပြော

ဝါးခယ်မနှင့် မြောင်းမြတွင် ရွှေခရုအန္တရာယ်ပိုမိုကြုံလာရ၍ စိုက်ပျိုးရေးစရိတ် ပိုများလာဟု လယ် သမားများပြော

749

ဇွန်လ ၂၁ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်းဒေသ၊ ဝါးခယ်မ နှင့် မြောင်းမြ မြို့နယ်ရှိ ကျေးရွာများတွင် ဒေသခံလယ်သမားများ၏ လယ်စိုက်ခင်းများမှာ ယခုနှစ်စပါးစိုက်ရာသီအတွင်း ရွှေခရုဖျက်ဆီးမှု ပိုမိုကြုံတွေ့လာရသောကြောင့် စိုက်ပျိုးရေးကုန်ကျ စရိတ်ပိုများလာကြောင်း လယ်သမားများက ပြောသည်။

စပါးများကိုပျိုးကြဲစိုက်ပျိုးရာတွင် ရွှေခရုများက ဝင်ရောက်ကိုက်ဖြတ်စားသောက်ဖျက်ဆီးမှုကြောင့် ပျိုး စပါးများကို အကြိမ်ကြိမ် ပြန်ကြဲနေရပြီး အဆိုပါ ရွှေခရုများကိုလည်း နှိမ်နင်းလို့ မရသောကြောင့် လယ်စိုက်ပျိုးရေးအတွက် အခက်ကြုံလာရသည်ဟု ဝါးခယ်မ မြို့နယ် ဒေသခံလယ်သမားတစ်ဦးက ယခုလို ပြောသည်။

“ဒီနှစ်ဆို လယ်ထဲမှာ စပါးနှစ်ကြိမ် ပြန်စိုက်နေရပြီ။ လယ်ထွန်ပြီး ထုံးတွေဖြူးလည်းမရဘူး။ ခရုဆေးတွေဖြန်းလည်း ခဏလေးပဲရပြီး နောက်ပိုင်းပိုလို့တောင်များလာသေးတယ်။ အနိမ့်ပိုင်းလယ်ကွက်တွေဆို ရွှေခရုတွေ တအားများလို့မစိုက်နိုင်တော့ဘူး။ အနီးနားက လယ်ကွက်ဆို ၂ ခါတောင် ကောက် စိုက်ပြီးပြီး။ ရွှေခရုတွေ စားကုန်လို့ထပ်မစိုက်တော့ပဲ ဒီအတိုင်းထားလိုက်တော့တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ လယ်ယာစိုက်ခင်းများတွင် ရွှေ့ခရုဖျက်ဆီးမှုကို ပြီးခဲ့သည့် ၂၀၁၅ နောက်ပိုင်း စတင်ကြုံတွေ့လာရပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်းပင် ရွှေခရုဖျက်ဆီးမှုကြောင့် နိုင်ငံတစ်ဝှမ်းလုံးရှိ လယ်ဧက တစ်သောင်းကျော်ပျက်စီးခဲ့ရသည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စာရင်းများတွင် ဖော်ပြထားသည်။

၎င်းရွှေခရုများသည် ဒေသမျိုးရင်း မဟုတ်ဘဲ ပြည်ပမှ ဝင်ရောက်လာသည့် ကျူးကျော်မျိုးစိတ် တစ်ခုဖြစ်ပြီး နည်းမျိုးစုံဖြင့် နှိမ်နင်းသတ်ဖြတ်သော်လည်း မျိုးပွားနှုန်း ကောင်းသလို အသက်ရှည်နိုင်စွမ်း အားကောင်းသောကြောင့် နှိမ်နင်းရ ခက်ခဲနေပြီး လယ်သမားများအတွက် ကြီးမားသည့် အခက်အခဲ တစ်ခုဖြစ်လာစေသည်ဟု လယ်သမားများက ဆိုသည်။

မြောင်းမြမြို့နယ် ပြင်ရွာကျေးရွာ လယ်သမားတစ်ဦးက “မနှစ်က နွေစပါးအထွက်နှုန်းကတစ်ဧက တင်း (၅၀) (၆၀) လောက်ပဲထွက်တယ်။ နွေစပါးပေါ်တဲ့အချိန်စပါးစျေးကျတော့ တစ်ခါရှုံးပြီးပြီ။ ဒီနှစ်လည်းစပါးမျိုးကြဲတာ နှစ်ခါရှိပြီ ရွှေခရုတွေက ကိုက်နေတုန်းပဲ။ အရင်နှစ်တွေက မျိုးစပါး ၁၀ တင်းကြဲတာ ဒီနှစ် ၁၅ တင်းကနေ တင်း (၂၀) နီးပါလောက်ကြဲကြရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့သော အခြေအနေရှိသည့် ရွှေခရုများမှာ ထိုင်ဝမ်မှ ၁၉၈၂ တွင် ဖိလစ်ပိုင်သို့ ပင်လယ်စာအဖြစ် ရောက်လာ ပြီး ယင်းမှတစ်ဆင့် ဗီယက်နမ် ဒါနန်းဆိပ်ကမ်း၊ ဗီယက်နမ်မှ ကုန်းတွင်းပိုင်း လာအို၊ ထိုင်း အစရှိသည့် နိုင်ငံများသို့ အဆင့်ဆင့် သယ်ဆောင်စားသောက်ခဲ့ကြသည်။

သဘာဝအလျောက်ရောက်ရှိလာခြင်းမျိုးမဟုတ်ဘဲ လူတို့ သယ်ဆောင်ရာမှတစ်ဆင့် ရောက်လာပြီး ၁၉၈၆ တွင် အဖျက်ပိုးအဖြစ် စတင်သိရှိခဲ့ရသည်။ မြန်မာပြည်တွင်းသို့ ရွှေခရု ရောက်လာချိန်တွင်လည်း အရှေ့ပိုင်းကျသော ကချင်၊ ရှမ်း၊ ကယား၊ ကရင် နှင့် မွန်ပြည်နယ်များသို့ ဦးစွာ ရောက်လာခြင်းဖြစ်သည်ဟု မှတ်တမ်းများအရ သိရသည်။