ဇွန်လ ၂၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြန်မာ့အာဏာသိမ်းစစ်ကောင်စီအတွက် စစ်လေယာဥ်နှင့် တိုက်ခိုက်ရေးနည်းပညာများကို ပံ့ပိုးပေးသော တရုတ် ကုမ္ပဏီ AviChina မှ Airbus ၏ ရင်းနှီးမြှုပ်နှံမှုကို ရုပ်သိမ်းလိုက်သော ဆောင်ရွက်မှုကို ကြိုဆိုကြောင်း Justice for Myanmar နှင့် Burma Campaign UK အပါအဝင် Blood Money Campaign လုပ်ဆောင်နေသော အဖွဲ့တို့က ကြိုဆိုလိုက်သည်။
တိုက်ခိုက်ရေးလောယဥ်နှင့် နည်းပညာများကို ထုတ်လုပ်သော AviChina Industry & Technology Company Limited (AVIC) ၏ လုပ်ငန်းများတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၄၀ တန်ဖိုးအထိ Airbus က ရင်းနှီးမြှုပ်နှံထားပြီး လုပ်ငန်းရှယ်ယာ၏ ၅.၀၃ ရာခိုင်နှုန်းရှိသည်။
AviChina ကုမ္ပဏီထုတ် K-8 လေ့ကျင်ရေး/ အပေ့ါစား တိုက်ခိုက်ရေးလေယာဥ်နှင့် Y-12 ဘက်စုံသုံး လေယာဥ်တို့ကို အသုံးပြုပြီး မြန်မာ့လေတပ်က မြန်မာပြည်သူများအပေါ် ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများကို လုပ်ဆောင်နေသည်ဟု Blood Money Campaign လုပ်ဆောင်နေသော အဖွဲ့အစည်းများက ပြောသည်။
ထို့ကြောင့် အာဏာသိမ်းစစ်ကောင်စီ၏ စစ်ဆင်ရေးအတွင်း AviChina ကုမ္ပဏီ၏ ထုတ်ကုန်များကို အသုံးပြု နေသည့် တချိန်တည်းတွင် Airbus ကုမ္ပဏီက ပွင့်လင်းမြင်သာမှုမရှိသော ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက် ထားသောကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ဖိအားများကို ကြုံတွေ့ပြီးနောက်ပိုင်း AirBus ကုမ္ပဏီက ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့တွင် နုတ်ထွက်သွားခြင်းဖြစ်သည်။
Burma Campaign UK ဒါရိုက်တာ နန့်ဇိုယာဖန်းက “Airbus က တရုတ် AVIC ကုမ္ပဏီထဲကို ပွင့်လင်းမြင်သာမှု မရှိတဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး Justice for Myanmar က ဦးဆောင်ပြီး ကျမတို့ ကမ်ပိန်း လုပ်ဆောင်ခဲ့ တယ်။ AVIC က စကစကို ပူးပေါင်းလုပ်ဆောင်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်တယ်။ နိုင်ငံနဲ့အဖွဲ့အစည်းအများအပြား က Airbus အပေါ် ဖိအားပေးမှုပေးတာကြောင့် အခု AVIC ဆီ သူတို့ ငွေကြေးရင်းနှီးမြှုပ်နှံမှုကို ရပ်ဆိုင်းလိုက်တယ်။ ဒါက ကောင်းတဲ့အရာဖြစ်တယ်လို့ ကျမတို့ ရှုမြင်ပါတယ်။ နိုင်ငံတကာက စကစအပေါ် ဖိအားပေးဖို့ ကျမတို့ လှုပ်ရှားတဲ့လှုပ်ရှားမှုတွေထဲက တစ်ခုဖြစ်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ဥရောပတိုက်တွင် အကြီးမားဆုံး လေယာဉ်ကုမ္ပဏီကြီးတစ်ခုဖြစ်သော Airbus က ယခုလို AVIC ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းသွားခြင်းသည် အာဏာသိမ်းစစ်အုပ်စုအား ထောက်ခံအားပေးသော တရုတ်ကုမ္ပဏီများနှင့် မပူးပေါင်းရန် အခြားသောနိုင်ငံတကာ ကုမ္ပဏီများကို သတိပေးခေါင်းလောင်းသံ ပေးလိုက်ခြင်းဖြစ်သည်ဟုလည်း နန့်ဇိုယာဖန်းက ဖြည့်စွက်ပြောဆိုသည်။
AviChina ကုမ္ပဏီသည် မြန်မာစစ်ကောင်စီကို စစ်လေယာဥ်၊ လေယာဥ်အစိတ်အပိုင်းများနှင့် နည်းပညာသင်တန်း၊ တိုက်ခိုက်ရေးနည်းနာများကို ရောင်းချပေးပြီး အကျိုးအမြတ်များစွာရရှိနေသည်ဟုလည်း Blood Money Campaign အဖွဲ့က ပြောဆိုသည်။
နောက်ဆုံး Airbus ၏ ထုတ်ပြန်ချက်တွင် AviChina နှင့် ရင်းနှီးမြှုပ်နှံမှုများကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ ကတည်းက ရပ်ဆိုင်းထားပြီးဟု ထုတ်ပြန်ထားသည်။ သို့သော်လည်း မြန်မာစစ်ကောင်စီထံသို့ စစ်လေယာဥ်၊ ဆက်စပ် အစိတ်အပိုင်း၊ လက်နက်နှင့် နည်းပညာများကို ရောင်းချပေးနေသော တရုတ်နိုင်ငံရှိ လုပ်ငန်းရှင်များကို ရပ်တန့်ရန်အတွက် Airbus ကုမ္ပဏီအနေဖြင့် ကိုယ်ပိုင်သြဇာကို အသုံးပြုပေးရန်လည်း Justice For Myanmar နှင့် INFO BIRMANIE တို့က တောင်းဆိုသည်။
Airbus သည် ဥရောပနိုင်ငံပေါင်းစုံပါဝင်သော အာကာသဆိုင်ရာ ကော်ပိုရေးရှင်း လုပ်ငန်းဖြစ်ပြီး လေကြောင်းနှင့် အာကာသထုတ်ကုန်များကို ဒီဇိုင်းရေးဆွဲခြင်း၊ ထုတ်လုပ်ခြင်းနှင့် ဆက်စပ်ဝန်ဆောင်မှုများပြုလုပ်သည့် ကမ္ဘာ့ရှေ့ပြေး ကုမ္ပဏီထဲက တစ်ခုဖြစ်သည်။



















