မေလ ၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
နယ်ခြားစောင့်တပ်/ကရင်အမျိုးသားတပ်မတော်-BGF/KNA ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနှင့် သားဖြစ်သူ စောထူးအယ်မူးနှင့်စောချစ်ချစ်တို့ အား ဆိုက်ဘာရာဇဝတ်မှု(အွန်လိုင်းလိမ်လည်မှု)ဖြင့် အရေးယူပိတ်ဆို့လ ိုက်ကြောင်း အမေရိကန်က မေလ (၅)ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
စောချစ်သူနှင့်သားနှစ်ဦးအား အမေရိကန်နိုင်ငံသားများကို ထိခိုက်စေသည့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု၊ လူမှောင်ခိုကူးမှုတို့ဖြင့် အရေးယူလိုက်ခြင်းဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာန နိုင်ငံခြားပိုင် ဆိုင်မှုထိန်းချုပ်ရေးရုံး-OFAC ၏ တရားဝင်ဝက်ဆိုဒ်စာမျက်နှာက ကြေညာချက်ထုတ်ပြန်လာခြင်းဖြစ်သည်။
အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများစွာ စုဝေးနေသည့် ထိုင်း-မြန်မာနယ်စပ်ဒေသတွင် KNA အဖွဲ့ အခြေစိုက်လျက်ရှိပြီး အဆိုပါ ရာဇဝတ်လုပ်ငန်းများအတွင်း KNA က မြန်မာစစ်တပ်နှင့်အဆက်အဆံ ပြုလုပ်ခြင်းဖြင့် အကျိုးအမြတ်များစွာရရှိနေသည်ဟုလည်း အမေရိကန်က ဆိုသည်။
“ဆိုက်ဘာလုပ်ငန်းရဲ့သားကောင်တွေမှာ လုံခြုံရေးအသိရော သူတို့ကြိုးစားပမ်းစားရှာထားတဲ့ငွေတွေရော ဆုံးရှုံးသွားရပေမယ့် အဲဒီလုပ်ငန်းကို အဓိကကြိုးကိုင်သူတွေနဲ့သူတို့မဟာမိတ်တွေကတော့ ဘီလီယံနဲ့ချီပြီးဝင်ငွေရနေတာပါ။ သူတို့အသုံးပြုနေတဲ့ကွန်ရက်တွေကို အနှောင့်အယှက်ပေးနိုင်ဖို့၊ တာဝန်ယူ တာဝန်ခံမှုရှိလာဖို့ ကျနော်တို့တက်နိုင်သမျှ လုပ်ဆောင်သွားပါမယ်” ဟု အမေရိကန်ဘဏ္ဍာရေးဌာန၏ လက်ထောက်အတွင်းရေးမှူး Michael Faulkender က ကြေညာချက်တွင် ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံမှပေါ်ထွက်လာသည့် ဆိုက်ဘာရာဇဝတ်မှုအပါအဝင် အလားတူ ရာဇဝတ်မှုများကြောင့် ပြီးခဲ့သည့် သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာ ဆုံးရှုံးနစ်နာခဲ့ရသည်ဟု OFAC က ဖော်ပြထားသည်။
BGF/KNA ထိန်းချုပ်သည့် ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုလ်မြို့သစ်က နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု၊ အွန်လိုင်း ငွေကြေးလိမ်လည်မှုများတွင် BGF/KNA ၏ ထိပ်ပိုင်းခေါင်းဆောင်များ အထူးသဖြင့် ဗိုလ်မှူးကြီး စောချစ်သူနှင့် ၎င်းမိသားစုများ ပါဝင်ပတ်သက်မှုရှိနေသလို အကျိုးအမြတ်များစွာရရှိနေကြောင်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလပိုင်းကတည်းက Justice For Myanmar အဖွဲ့က ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
ထိုသို့ဖော်ပြလာမှုအား ဗိုလ်မှူးကြီး စောချစ်သူက မိမိတို့အား စွပ်စွဲပြောဆိုခြင်းဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ မေလ ၂၄ ရက်နေ့က မြန်မာနောင်းသတင်းဌာနနှင့်သီးသန့်အင်တာဗျူးတစ်ခုတွင် တုံ့ပြန်ထားသည်။
“သူတို့ပြောတာတွေ တစ်ခုမှမမှန်ကန်ဘူး။ ကျနော်တို့ကို သက်သက်မနာလိုလို့ ပျက်စီးရာပျက်စီးကြောင်း ပြောတာ။ အားလုံးမှားနေတယ်။ ကျနော်တို့မှာ ဘာပိုက်ဆံမှမရှိဘူး ဘာရှယ်ယာမှပါဝင်ပတ်သက်မှုမရှိဘူး။ ဘဏ်မှာပေါင်ထားတဲ့ ကျနော်တို့ချစ်သူမြိုင်အနေနဲ့အကြွေးတောင်မှ အခုချိန်ထိ မဆပ်နိုင်သေးဘူး။ လေ့လာကြည့်ပါ။ ကျနော့်သားရော သားငယ်ရော စစ်တပ်ထဲမှာပဲ။ စစ်တိုက်နေတဲ့အရာရှိငယ်ပဲ။” ဟု ဗိုလ်မှူးကြီးစောချစ်သူက မြန်မာနောင်းကို ဖြေကြားဖူးသည်။
ယင်းနောက် ၂၀၂၄ ခုနှစ် အောက်တိုဘာလပိုင်းတွင် ဗိုလ်မှူးကြီးစောချစ်သူအပါအဝင် BGF/KNA မှ လူပုဂ္ဂိုလ်သုံးဦးနှင့် ချစ်သူမြိုင်ကုမ္ပဏီတို့မှာ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်တစ်ကြောရှိ အွန်လိုင်းငွေကြေးလိမ်လည်မှု၊ လူမှောင်ခိုမှု၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများလုပ်ကိုင်နေမှုဖြင့် ဥရောပသမဂ္ဂ(EU)၏ ဒဏ်ခတ်ပိတ်ဆို့စာရင်း၌ ပါဝင်ခဲ့သေးသည်။
ထိုသို့အရေးယူခံရသည်နှင့် ပတ်သက်၍လည်း EU စာရင်းတွင် တစ်ဦးအပါအဝင်ဖြစ်သော BGF တပ်နယ်-၂ ဗျူဟာမှူး ဗိုလ်မှူးစောတင်ဝင်းက ၎င်းကိစ္စက ကြီးကြီးမားမားမဟုတ်သလို သူများနိုင်ငံတွင် သွားရောက်လုပ်ကိုင်ခြင်းမဟုတ်သဖြင့် အရေးယူ၍မရကြောင်း ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က ကေအိုင်စီသို့ ပြောဆိုခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံသားသရုပ်ဆောင်တစ်ဦး ထိုင်း-မြန်မာနယ်စပ်ဒေသတွင် လူကုန်ကူး ခံရမှုဖြစ်ပွားအပြီး နယ်စပ်ကျားဖြန့်လုပ်ငန်းများအကြောင်း နိုင်ငံတကာသို့ ပျံ့နှံ့ခဲ့ရာမှ BGF အပါအဝင် DKBA တို့က ထိုင်းနှင့်တရုတ်တို့၏ဖိအားပေးခံခဲ့ရသည်။ သို့ဖြစ်၍ စစ်ဆေးရေးအဖွဲ့များဖွဲ့ကာ မြဝတီမြို့နယ်တဝိုက် ကျားဖြန့်စစ်ဆင်ရေးများ လုပ်ဆောင်လျက်ရှိသည်မှာ ယနေ့အထိဖြစ်သည်။
သို့သော် ထိုင်းနိုင်ငံ၏ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(DSI)ဘက်က ဦးဆောင်ကာ စောချစ်သူ၊ စောမုတ် သုန်နှင့်စောတင်ဝင်းတို့အပါအဝင် ၎င်းတို့နှင့်ဆက်နွယ်သည့် ထိပ်ပိုင်းအင်အားစုများအား လူကုန်ကူးမှုစပ်လျဥ်းပြီး တရားစွဲဆိုရန် ပြင်ဆင်လျက်ရှိသည်ဟု ထိုင်းမီဒီယာများကဖော်ပြကြသည်။
ဗိုလ်မှူးကြီး စောချစ်သူကမူ လူကုန်ကူးမှု၊ ငွေကြေး ခဝါချမှုနှင့်ငွေလိမ်လုပ်ငန်းများတွင် ၎င်းတို့ပါဝင်ပတ်သက်ခြင်းမရှိဘဲ မြေနေရာငှားရမ်းပေးခြင်းသာဖြစ်ကြောင်း ယခုနှစ် ဖေဖော်ဝါရီလ တတိယအပတ်က မီဒီယာများနှင့်အင်တာဗျူးတွင် ဖြေဆိုခဲ့သည်။



















