မေ ၆ ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းကို ယနေ့ မေ ၆ ရက်နေ့ နံနက် ပိုင်းတွင် မိုင်းခွဲခံရပြီးနောက် တံတားတစ်စင်း ထိခိုက်ပျက်စီး သွားသည်ဟု ဘီးလင်း ဒေသခံများက ပြောသည်။
အဆိုပါ ရထားလမ်းပိုင်း မိုင်းခွဲခံရသည့် နေရာသည် ဘီးလင်းမြို့နယ်၊ နှင်းပုလဲ ဘူတာနှင့် တောင်စွန်းဘူတာကြား ဖြစ်ပြီး တံတားတစ်စင်းထိခိုက် ပျက်စီးသွားခြင်းဖြစ်သည်။ ရထားလမ်းပိုင်းကို မိုင်းခွဲဖျက်ဆီးရခြင်းသည် စစ်ကောင်စီက ရိက္ခာနှင့် ထောက်ပို့အတွက် အသုံးပြုနေခြင်းကြောင့်ဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး က ယခုလို ပြောသည်။
“ဒီရထားလမ်းက ပဲခူး-မော်လမြိုင် စစ်ထောက်ပို့အတွက် အသုံးပြုတဲ့လမ်းဖြစ်တယ်။ ရိက္ခာထောက်ပို့တွေ ပို့ဆောင်တဲ့အခါမှာ ကားနဲ့ လာလို့မရဲတော့လို့ ဒီမီးရထားလမ်းကိုပဲ အသုံးပြုတယ်။ အခုဆို ကားလမ်းကို အသုံး မပြုတော့ဘဲ ရထားနဲ့ သင်္ဘောတွေကို အသုံးပြုလာနေတယ်” ဟု ၎င်းက ပြောဆိုသည်။

ထို့အပြင် မိုင်းဆွဲသည့် ဖြစ်စဉ်ကို မည်သည့်အဖွဲ့က လုပ်ဆောင်ကြောင်း ဒေသအခြေစိုက် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ စစ်ကောင်စီတပ်က အဆိုပါ လမ်းပိုင်းကိုအသုံးပြု၍ မော်လမြိုင်အရှေ့တောင်တိုင်း စစ်ဌာနချုပ်နယ်မြေများအတွင်းသို့ လက်နက် ခဲယမ်း ပို့ဆောင်မှုများ လုပ်ဆောင်သလို တချို့ ခရီးသွားများလည်း အသုံးပြုနေကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် အလားတူ ပြီးခဲသည့် မေ ၃ ရက်နေ့ည ၁၁ နာရီကျော်အချိန်တွင် မွန်ပြည်နယ် သထုံမြို့နယ် မိုးကောင်းကျေးရွာ၊ ရန်ကုန် – မော်လမြိုင် ကားလမ်းမပေါ်ရှိ ဒေသအခေါ် မိုးကောင်းတံတား ဒုတိယအကြိမ် မိုင်းခွဲဖျက်ဆီးခံရပြီး ထပ်မံပြိုကျ ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။
ထို မိုးကောင်းတံတားကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ပထမအကြိမ် မိုင်းဆွဲဖျက်ဆီး ခံခဲ့ရပြီး တံတားအနီးဝန်းကျင်ရှိ နေအိမ်တစ်လုံးနှင့် ဈေးဆိုင်ခန်း တချို့မှာလည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။



















