မေ ၆ ရက်၊ ၂၀၂၇ ခုနှစ်။ ကေအိုင်စီ
တော်လှန်ရေး ပူးပေါင်းတပ်များ စိုးမိုးထိန်းချုပ်လိုက်သည့် ကျုံဒိုး-ကော့ကရိတ် အာရှလမ်းပိုင်းကို ပြန်စိုးမိုးနိုင်ရေး စစ်ကောင်စီက အခြေစိုက်တပ်ရင်းများမှ မေလဆန်းပိုင်းတွင် စစ်ကြောင်းထွက်ထိုးရာ ထိခိုက်ကျဆုံးသူများ၍ စစ် ကြောင်း ပြန်လှည့်သွားသည်ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။
အဆိုပါ လမ်းပိုင်းကို ပြန်စိုးမိုးရန် ကျုံဒိုးအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၅၄၅၊ ခမရ-၅၄၆ တို့မှ စစ်ကြောင်းနှစ်ကြောင်း မေလ ၁ ရက်နေ့တွင် စစ်ကြောင်းထိုး တိုက်ခိုက်လာခဲ့သည်။ ၎င်းစစ်ကြောင်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA မဟာမိတ်ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ အကျအဆုံးများပြီး ယခုလို စစ်ကြောင်း ပြန်လှည့်သွားခြင်း ဖြစ်သည်။
ထို့နောက် စစ်ကောင်စီက အဆိုပါ တပ်ရင်းများတွင် အခြေပြုပြီး မေ ၄ ရက်မှ ၆ ရက် (ယနေ့) နံနက်ပိုင်းထိ ကျေးရွာများဘက်သို့ လက်နက်ကြီး ပစ်ခတ်မှုများလုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

“အခု မနက်ပိုင်း ကော့ဝါလဲ ရွာထဲ ၅၄၆ တပ်က လက်နက်ကြီးနဲ့ အိမ်တွေ၊ ခြံတွေကို ပစ်နေတယ်။ အနောက် ဘက်ကမ်းညောင်ရိပ်သာ၊ သရက်တောကိုလည်း ပစ်တယ်။ လူတွေ စစ်ရှောင်ကုန်တော့ အိမ်တွေ၊ ခြံတွေကို ဖျက်ဆီးပစ်နေတယ်။ ညက ကော့ကရိတ် ၂၃၀ တပ်က ထီးဖိုးစံ၊ မြပတိုင်၊ ကျုံဘိုင်းရွာဘက်ပစ်တယ်။ ရွာက အိမ်တွေ တော်တော်ပျက်ကုန်ပြီး၊ သူတို့ စစ်ကြောင်း ဖြတ်တိုက်ခံရတာ အလောင်းတွေလာမကောက်ဘူး။ ၅၄၆ တပ်ဘေး ကွင်းထဲမှာ အပုပ်နံ့ထွက်နေပြီး” ဟု ရွာသားတစ်ဦးက ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ် အခြေချတပ်စွဲထားသည့် ကျုံဒိုး ရသေ့ကျောင်း၊ ကိုးတိုင်၊ သုံးထပ်တိုက်၊ ခမရ ၅၄၆ တပ်ရင်း နေရာများဘက်နှင့် ကော့ကရိတ်၊ မိချောင်းအင်း၊ ရန်ကုတ်၊ တတန်ကူး၊ ရွှေကြက်မင်းနေရာဘက်ရှိ စစ်ကောင်စီတပ်များကို KNLA မဟာမိတ်တပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည်ဟု မြေပြင် သတင်းရင်းမြစ်က ပြောသည်။
လက်ရှိ KNLA မဟာမိတ် ပူးပေါင်းတပ်များဘက်က စစ်ကောင်စီ တပ်စွဲထားသည့် ခမရ – ၅၄၅၊ ခမရ- ၅၄၆ နေရာများဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေပြီး ထိခိုက်ပျက်စီးမှုအခြေအနေကိုမူ အတိအကျမသိ ရ ဖြစ်နေသည်ဟု သတင်းရင်းမြစ်များက ပြောသည်။



















