Home သတင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သား ၉၀ ကျော်သေဆုံး

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သား ၉၀ ကျော်သေဆုံး

591
photo: CJ (လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အမျိုးသမီးတစ်ဦး -ပုံဟောင်း)

မေလ ၂ ရက်၊ ၂၀၂၅ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံအဝှမ်း ပြီးခဲ့သည့် ဧပြီလ တစ်လအတွင်း စစ်ကောင်စီ ၏ လေကြောင်းမှ တစ်ဆင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ(၉၆)ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ဧပြီလ(၃၀)ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

AAPP ၏ ဖော်ပြချက်အရ ဧပြီလ(၁)ရက်နေ့မှ ဧပြီလ(၃၀)ရက်နေ့အထိ အရပ်သားပြည်သူနေထိုင်ရာဒေသများကို အဓိကပစ်မှတ်ထားပြီး စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူထက်ဝက်ခန့်မှာ စစ်ကိုင်းတိုင်း ဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီးတွင် နေထိုင်သည့် ဒေသခံများဖြစ်သည်။

ထိုသေဆုံးသူ အရပ်သား(၉၆)ဦးထဲတွင် အသက်မပြည့်သေးသည့် ၁၈ နှစ်အောက် ကလေးငယ် (၂၁) ဦး အပါအဝင် အမျိုး သမီး(၄၈)ဦး၊ အမျိုးသား(၄၈)ဦးဖြစ်ပြီး ၎င်းတို့ကိုအမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်ဟု AAPP က ပြောသည်။

လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုအပိုင်း အားနည်း သောကြောင့် ယခုလို ထိခိုက်သေဆုံးမှုများပြားနေခြင်းဖြစ်သည်ဟု တနင်္သာရီ တိုင်းအတွင်း စစ်ပွဲပဋိပက္ခကြောင့် နေရပ်စွန့်ခွာရှောင်တိမ်းနေရသူများကို ထောက်ပံ့ကူညီမှုပြုလုပ်နေသော ဒေါနတနင်္သာရီ စစ်ဘေးရှောင်အထောက် အကူပြုရေးအဖွဲ့က ဆိုသည်။

အဖွဲ့တာဝန်ရှိ ဆရာယောနသံက “အခုလိုလေကြောင်းက တိုက်ခိုက်ခံရချိန်မှာ ပြည်သူ တွေမှာက လေကြောင်းရန်နဲ့ပတ်သက်ပြီး ဘယ်လိုနေထိုင်ရမယ်၊ ရှောင်ရှားရမယ်၊ စစ်ဘေးနဲ့ပတ်သက်ပြီး ဘယ်လိုကြိုတင်ပြင်ဆင်ထားသင့်လဲ ဆိုတဲ့အသိပညာတွေက ပြည်သူလူထုမှာ လုံလုံလောက်လောက်မရှိတဲ့အတွက် ထိခိုက်မှုတွေကလည်း ပိုများတယ်လို့ပြောလို့ရတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ စစ်ဘေးအပြင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ရက်နေ့မှစတင်၍ ဧပြီလ ၂၅ ရက်အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပေါင်း ၂၂၅ ကြိမ်ပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG၏ ဧပြီလ(၂၈)နေ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများအတွင်း အသက် ၁၈ နှစ်အောက် ကလေးငယ် (၂၉) ဦး အပါအဝင်၊ ဒေသခံ (၂၄၂) ဦးသေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။