Home သတင်း ထားဝယ် အရှေ့တောနယ်သို့ စစ်ကောင်စီ စစ်ကြောင်းထိုး၍ ဒေသခံ ထောင်နှင့်ချီ ထွက်ပြေး

ထားဝယ် အရှေ့တောနယ်သို့ စစ်ကောင်စီ စစ်ကြောင်းထိုး၍ ဒေသခံ ထောင်နှင့်ချီ ထွက်ပြေး

632
Photo: ဒေါန တနင်္သာရီ-စစ်ဘေးရှောင်အထောက်အကူပြုရေးအဖွဲ့

မေ ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ဒေသအတွင်းသို့ စစ်ကောင်စီက ဧပြီ ၂၉ ရက်နေ့တွင် အင်အား ၂၀၀ ကျော်ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံ ၃၀၀၀ ဦးကျော် ထွက်ပြေး တိမ်းရှောင်နေရသည်ဟု မြေပြင် စစ်ဘေးရှောင်ကူညီနေသူ တစ်ဦးက ပြောသည်။

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသအတွင်းရှိ သရက်ငုတ်ကျေးရွာ၊ သင်္ကန်းတုန်းကျေးရွာ၊ ဝကုန်း ကျေးရွာအပါအဝင် အနီးအနားကျေးရွာများမှ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ယခုလို ပြောသည်။

“အရှေ့တောနယ်ဒေသမှာဆိုရင် စစ်ဘေးရှောင်သုံးထောင်ကျော် ဝန်းကျင်လောက်ရှိလာတယ်။ ဒီအရှေ့ တော နယ်က ကရင်ရွာတွေက ဒေသခံတွေအများစုကတော့ ထိုင်းနယ်စပ်ဘက်တွေကိုသွားပြီး ရှောင်တိမ်းနေကြတာ ရှိတယ်။ စစ်ရေးအခြေနေကတော့ အခုထက်ပိုပြီး ပြင်းထန်လာမဲ့ အခြေနေမှာရှိ တာကြောင့် ဒီတစ်ခေါက်ရှောင်တဲ့ ဒေသခံတွေကတော့ ရက်ရှည်‌စစ်ဘေးရှောင်ရမယ့် သဘောမှာရှိနေတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ဒေသခံများအနေဖြင့် စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်ချိန် ရှောင်တိမ်းခြင်းမရှိပါက စစ်ကောင်စီ တပ်ဖွဲ့ဝင် များက အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လူသားဒိုင်း ကာအဖြစ် ဖမ်းဆီးခြင်းများ ကြုံတွေ့နိုင်သည့်အတွက် ယခင်ကထက် စစ်ဘေးတိမ်းရှောင်နေရသူ ပိုမိုများပြားလာသည်ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ အရပ်သား ပြည်သူများကို အဓိကပစ်မှတ်ထားပြီး လက်နက်ကြီး ပစ်ခတ်နေသောကြောင့် ဧပြီ ၂၀ ရက်နေ့မှစတင်ပြီး မေတ္တာမြို့၊ ထီးခီး နယ်စပ်ဒေသ၊ တောင်သုံးလုံးကျေးရွာနှင့် ကျောက်မဲတောင်ကျေးရွာမှ ဒေသခံပြည်သူ ၁,၀၀၀ ဦး ကျော် ထွက်ပြေး တိမ်းရှောင်နေရသည်ဟု သိရသည်။

“အခုလက်ရှိအခြေနေက စစ်ဘေးရှောင်က ထပ်တိုးတာတွေရှိနေတယ်။ ပြီးတော့ မိုးလည်းရွာ တာရှိနေတော့ တော၊ တောင်တွေထဲမှာ ရှောင်နေရတဲ့ သူတွေအတွက် အမိုးအကာတွေလို အပ်လာတယ်။ လတ်တလောမှာ စားနပ် ရိက္ခာကိစ္စကိုတော့ တတ်နိုင်သလောင် ဖြေရှင်းနေပါတယ်” ဟု စစ်ဘေးရှောင်ကူညီနေသူ တစ်ဦးက ပြောသည်။

အရှေ့တောနယ်ဒေသအတွင်းရှိ စစ်ကောင်စီတပ်များအနေဖြင့် ထားဝယ်-ထီးခီး လမ်းကြောင်းကို ပြန်လည် ထိန်းချုပ် နိုင်ရေးနှင့် တပ်စခန်းများ လက်မလွှတ်ရရေးအတွက် ကျောက်မဲတောင်၊ မေတ္တာမြို့နှင့် ထီးခီးနယ်စပ်ရှိ စစ်ကောင်စီ စခန်းများကို လေကြောင်းမှတစ်ဆင့် လက်နက်များနှင့် လူအင်အားဖြည့်တင်းမှုများ လုပ်ဆောင်လျက်ရှိသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။