Home သတင်း ကျုံဒိုးမြို့အထွက် နှစ်နေရာ တိုက်ပွဲ ပြင်းထန်နေ

ကျုံဒိုးမြို့အထွက် နှစ်နေရာ တိုက်ပွဲ ပြင်းထန်နေ

1229
Photo- CJ ( ပုံဟောင်း)

မေလ ၂ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အထွက် ကျွန်းကလေး ရွာဘက်နှင့် စစ်ကောင်စီ ခြေမြန်တပ်-၅၄၆ နွားခြံကုန်းနေရာတို့၌ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ မဟာမိတ် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည်ဟု ကျုံဒိုးစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ နှစ်ဖက်တိုက်ပွဲတွင် စစ်ကောင်စီက မြို့ပြင် ကျွန်းကလေးရွာနှင့် မြို့တွင်းရဲစခန်း၊ ဗျူဟာကုန်း နေရာများ ဘက်သို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်နေသလို ခမရ-၅၄၆ တပ်ရင်းနှင့် နွားခြံကုန်းနေရာ၌ မေ ၁ ရက်နေ့ အထိ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေသည်ဟု စစ်ရေးနယ်မြေသတင်းရင်းမြစ်က ယခုလို ပြောသည်။

“မနက်ပိုင်း ၆ နာရီကတည်းက မြို့ထဲရပ်ကွက်တွေ အလုံးကြီးကြနေတာ။ စစ်တပ်က နေရာစုံကနေ လက်နက်ကြီး တွေပစ်နေတာ။ သိမ်ကုန်းရပ်ကွက်စုဘက်ကိုကျတာ လမ်းထဲသွားလာနေတဲ့ လူ ၃ ယောက် အစမှန် ဒဏ်ရာရတာ ပေါ့၊ ဖားအံကို သယ်ပို့ပြီး ဆေးရုံတင်ပေးရတယ်။ သွေးထွက်လွန်တော့ သွေးအလှူရှင် ရှာပြီး သွေးသွင်းခွဲစိတ်ဖို့ လုပ်ရတယ်” ဟု ကျုံဒိုးမြို့စွန် ရပ်ကွက်ဘက်တိုက်ပွဲ အခြေအနေသိသူက ပြောသည်။

လက်ရှိ ကျုံဒိုး-ကော့ကရိတ်တလျှောက်ရှိ စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက် ထိန်းချုပ်လိုက်သည့်အတွက် ကော့ကရိတ်ရှိ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ စကခ-၁၂ သို့ စစ်ကောင်စီက အင်အားပို့ရန် စစ်ကြောင်းထွက် တိုက်ခိုက်နေသည်ဟု မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

“တိုက်ပွဲက ကျုံဒိုးစစ်ကူတပ်တွေ စကခ-၁၂ ဘက်ကို စစ်ကြောင်းဆက်ဖို့ ထွက်တိုးတိုက်နေတာကနေ ပွဲကြီး နေတာပေါ့၊ ကော့ကရိတ်ဘက်ကို အောင်ဇေယျကို ဆက်ဖို့ကူဖို့ကမလွယ်ဘူး ဖြစ်နေတယ်။ စစ်သားသစ်တွေ ကျတာထွက်ပြေးတာမျိုးတွေရှိနေတယ်။ ကိုယ့်ဘက်လည်းထိတာ ကျတာရှိတယ်။ ရှေ့တန်းဆိုတော့သတင်း အပြည့်အစုံတော့မသိရသေးဘူး” ဟု ကျုံဒိုးစစ်ရေးနယ်မြေသတင်း အရင်းအမြစ်က ပြောပါသည်။

ထို့အပြင် ကော့ကရိတ်မြို့ဘက်တွင်လည်း ကိုးတိုင်စစ်ကတုတ်၊ တတန်ကူးရွာ ရွှေကြက်မင်းဘုန်းကျောင်းနှင့် ရန်ကုတ်ရွာဘက်တွင် KNLA မဟာမိတ် တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲ ဆက်ဖြစ်ပွား နေသည်ဟု စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များက ပြောသည်။