သားသမီးပညာရေးအတွက် စစ်ရှောင်မိဘတွေရဲ့ သောက
နန်းဝေဖြိုးဇာ (မေ ၁၇၊ ၂၀၂၅ ခုနှစ်။)
ကျုံဒိုး-ကော့ကရိတ်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့သင်္ကြန်ကာလကစပြီး တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွား နေပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသခံ လေးသောင်းဦးဝန်းကျင်ခန့်ဟာ မိမိတို့ရဲ့ အိုးအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်တဲ့နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ အခုလို စစ်ရှောင်နေရတဲ့ ကလေးငယ်တွေရဲ့ ပညာဆက်သင်ကြားနိုင်ရေးအတွက် အခက်အခဲအမျိုးမျိုး ရှိနေပါတယ်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာန အနေနဲ့ ၂၀၂၅-၂၆ ပညာ သင်နှစ်ကို မကြာခင်စတင်တော့မှာဖြစ်ပြီး မေ ၁၉ ရက်နေ့က စပြီး ကျောင်းအပ်လက်ခံသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
လာမဲ့ ဇွန်လမှာ ကျောင်းဖွင့်ချိန် ရောက်ရှိလာတော့မှာ ဖြစ်ပေမဲ့ တိုက်ပွဲအရှိန်မြင့်နေတဲ့ ကျုံဒိုး-ကော့ကရိတ် မြို့ နယ်အတွင်းက ကျေးရွာတွေမှာ စစ်ရှောင်ကလေးတွေ ကျောင်းတက်နိုင်ရေး မရေရာ မသေချာဖြစ်နေတယ်လို့ စစ်ရှောင် မိဘတစ်ဦးက အခုလို ပြောပါတယ်။
“ကလေးအကြီးဆုံးက အသက် ၁၂ နှစ်ရှိပြီး ကျောင်းက ၃ တန်းပဲတက်ရတယ်။ စာတောင် သေချာ မရေးနိုင်သေးဘူး၊ အခုသူများရွာမှာ စစ်လာရှောင်ရတယ်။ ဒီမှာလည်း ဒီနှစ်က ကျောင်းမဖွင့် တော့ဘူးလို့ ပြောတယ်။ ကလေးက အသက်ကြီးပြီး ကျောင်းတက်ရင်လည်း စာထက်လက်နက်ကြီးသံ၊ လေယာဉ် အသံ နားစွင့်နေရတဲ့စိတ်က သူတို့ စိတ်ထဲ တစ်ချိန်လုံးစွဲနေတယ်” တယ်လို့ စစ်ရှောင်အမျိုး သမီးတစ်ဦးဖြစ်သူ နန်းအေး(အမည်လွှဲ)က ပြောပါတယ်။
သူမတို့ မိသားစုဟာ ကျုံဒိုးမြို့နဲ့ မနီးမဝေးမှာ တည်ရှိတဲ့ မာလာကုန်းရွာမှာနေထိုင်ရင်း သင်္ကြန်ကာလ စစ်ရေးပြင်းထန်ချိန် ကလေး ၃ ဦးနဲ့အတူ အဝေးတနေရာက ရွာကို သွားရောက် တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
မကြာခင် ကျောင်းဖွင့်ချိန်ရောက်တော့မှာဖြစ်ပေမဲ့ သူမမိသားစုဟာ တခြားရွာမှာ စစ်ရှောင်နေရတဲ့ အတွက် သူ့ကလေးတွေ ကျောင်းဆက်တက်ဖို့ မသေချာတဲ့အနေအထား ဖြစ်တာကြောင့် စိတ်သောက တွေရောက်နေတယ်လို့ သူမက ဖွင့်ဟ ပြောပါတယ်။
နန်းအေးအနေနဲ့ ပညာမတတ်တာကြောင့် မွေးလာတဲ့ သားသမီးတွေကို ပညာတတ်ဖြစ်ချင်တဲ့ ရည်ရွယ်ချက်ရှိသော်လည်း အခုက စာသင်ဖို့ ကျောင်းတွေတောင် မရှိတဲ့အနေအခြေအနေမျိုး ဖြစ်နေတာပါ။
သူမတို့နေထိုင်ခဲ့တဲ့ မာလာကုန်းရွာမှာ ၂၀၂၄ခု နှစ်ကတည်း တိုက်ပွဲမကြာခဏဖြစ်ခဲ့ပါတယ်။ ကော့ ကရိတ်၊ ကိုးတိုင်နဲ့ နီးတာကြောင့် သူမတို့ရွာအနီးကို လက်နက်ကြီးတွေ မကြာခဏ ကျရောက်လို့ ကလေးတွေဟာ တစ်ပိုင်းတစ်စနဲ့သာကျောင်းတက်ခဲ့ရတာပါ။
မနှစ်က ကျောင်းတက်ခဲ့ရပေမဲ့လည်း သူမကလေးတွေဟာ ပစ်ခတ်သံ၊ ဗုံးသံနဲ့ လေယာဉ်သံကြားတိုင်း ကြောက်နေတဲ့ စိတ်စွဲနေတယ်လို့ဆိုပါတယ်။ သူတို့ ရွာအနီးမှာလည်း ဒီလို ပစ်ခတ်မှုမျိုးဖြစ်နေတာ နှစ် နှစ်ကျော်ခန့် ရှိနေပြီး ဖြစ်ပါတယ်။
“မနှစ်က ရွာမှာကျောင်းဖွင့်တယ်။ ကလေးတွေက ကျောင်းတက်ပေမယ့်လည်း လက်နက်ကြီး အသံ ကြားရင် အိမ်ပြန်ပြေးတယ်။ ပြီးတော့ ကျောင်းမှာဆိုရင်လည်း လေယာဉ်တွေ လာပစ်တဲ့အကြောင်း လူတွေထိခိုက်သေဆုံးတဲ့ အကြောင်းနဲ့ ကြောက်နေရတဲ့အကြောင်းဘဲပြောတော့ အိမ်ပြန်ရောက် စာမေးလဲ သူတို့ စာမလုပ်တတ်ဘူး” လို့ အရင်နှစ်က ကလေးတွေ ကျောင်းတက်ခဲ့ရတဲ့ အခြေအနေကို နော်အေးက ပြန်ပြောပြပါတယ်။
ကျုံဒိုးမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်ချိန် စစ်ကောင်စီဟာ ဘာသာရေးအဆောက်အဦးနဲ့ စာသင် ကျောင်း တွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေ တိုးလုပ်နေပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ကျုံဒိုးမြို့နယ် ဝင်းက ရွာစာသင်ကျောင်းကို ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
ဒါကြောင့် စစ်ရှောင်တွေဟာ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေနဲ့ နီးတဲ့ အိမ်တွေမှာ သတိရှိရှိနဲ့ နေထိုင်နေရပြီး အချိန်ပိုင်းသား အိမ်ပြန်လာကြည့်ရတဲ့ အခြေအနေမျိုးပါ။ စာသင်ကျောင်းတွေကို စစ်ကောင်စီက ပစ်မှတ်ထားလေယာဉ်နဲ့ ဗုံးကြဲနေတာကြောင့် အနီးနားကျေးရွာမှာရှိတဲ့ ကျောင်း တွေဖွင့်ဖို့ တွန့်ဆုတ်နေကြပါတယ်။
ဒီလို အခြေအနေတွေကြောင့် ကေအဲန်ယူ၊ ကျုံဒိုးမြို့နယ်အတွင်းမှာ အခုလာမယ့် ပညာသင်နှစ်မှာ ကျောင်းသား၊ ကျောင်းသူတွေအတွက် အခက်အခဲများစွာကြုံတွေ့နေရတဲ့ အခြေအနေမျိုး ဖြစ်တယ်လို့ ကေအဲန်ယူ၊ ကျုံဒိုး မြို့နယ်ဥက္ကဋ္ဌ၊ ပဒိုမန်းကြာညိုက ပြောပါတယ်။
“အခု စာသင်ကျောင်းတွေ ဗုံးကြဲခံရတာတွေက ပြန်ပြင်ပြီး စာသင်ရင် ရတယ်။ ဒါပေမယ့် လေယာဉ် ထပ်ပြီး လာပစ်ရင် ဘယ်လိုလုပ်မလဲ။ နောက်ပြီး ကျောင်းရှိတယ်ပဲထားပါ၊ ကျောင်းဆရာ၊ ဆရာမ တွေမရှိရင် ဘယ်လို သင်ရမလဲ အဲလိုအခက်အခဲတွေရှိတယ်။ ဒီလိုအခြေအနေက ကျောင်းဆရာ မတွေလည်း ကျောင်းတက်ပြီး စာသင်မရဲသလို မိဘတွေက ကလေးတွေကို ကျောင်းမပို့ရဲဘူး၊ အဲလို အခြေအနေတွေရှိတယ်” လို့ ပဒိုမန်းကြာညိုက ဆိုပါတယ်။
ကေအဲန်ယူ-ကျုံဒိုးမြို့နယ်ဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ နီးစပ်တဲ့ နယ်မြေတစ်ခုဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ စာသင်ကျောင်း အများအပြားဟာ စစ်ကောင်စီ လက်အောက်မှာ မနေတော့ဘဲ ကိုယ်ထူကိုယ်ထစနစ်နဲ့ ကျောင်းပြန်ဖွင့် လည်ပတ်နေတဲ့ အခြေအနေ မျိုးပါ။
ပြီးခဲ့တဲ့ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်မှာ ကျုံဒိုးမြို့နယ်ထဲမှာ စာသင်ကျောင်း စုစုပေါင်း ၁၁၄ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ထိုအထဲမှာ တစ်ဝက်ခန့် ဖြစ်တဲ့ ကျောင်း ၅၈ ကျောင်းသာ စစ်ကောင်စီ ပညာရေးဌာန လက်အောက်မှာ ရှိနေတဲ့ အခြေအနေမျိုးပါ။
ဒါ့အပြင် ကိုယ်ထူကိုယ်ထ ကျောင်း ၅၄ ကျောင်းနဲ့ ကေအဲန်ယူ၊ (KECD) လက်အောက်မှာ ကျောင်း ၂ ကျောင်းဖွင့်လှစ်နိုင်ခဲ့တယ်လို့ ကျုံဒိုးမြို့နယ် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECD စာရင်းများအရ အသိရပါတယ်။
အခုလို ကျောင်းဖွင့်လှစ်နိုင်ပေမဲ့လည်း တိုက်ပွဲတွေကြောင့် တချို့ကျောင်းတွေမှာ ပညာသင်နှစ် အပြည့် ဖွင့်လှစ်နိုင်ခြင်းမရှိသလို စာမေးပွဲတွေ စောစီးစွာ ပြုလုပ်လိုက်ရတာတွေလည်း ရှိခဲ့ပါသေးတယ်။
“မနှစ်ကတော့ကျောင်းဖွင့်တယ်။ ဒါပေမယ့် လက်နက်ကြီးအသံကြားရပြီးဆိုရင် သားသမီးတွေကို ကျောင်းမှာသွား ကြိုတယ်။ တစ်ခါတစ်လေ ကျောင်းဆင်းတဲ့အထိ ကျောင်းမှာသွားစောင့်ရတယ်။ ကလေးတွေကလည်း ကြောက်ကြောက် နဲ့ စာသင်နေရတယ်။ ဒီနှစ်တော့ ကလေးတွေ ကျောင်း တက်ရဖို့က မသေချာတော့ဘူး”လို့ နန်းအေးက စိတ်မောနေဟန် ဖွင့်ဟပြောဆိုပါတယ်။
စစ်အာဏာမသိမ်းခင် ဟိုးအရင်ချိန်က ကျုံးဒိုမြို့နယ်မှာ အခုလို လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီး ပစ်တာတွေကို မရှိခဲ့ဘဲ အခုရှိလာချိန် ကလေးငယ်တွေဟာ ကြောက်လန့်နေတဲ့ အခြေအနေမျိုးတွေ မြင်တွေ့ရတယ်လို့ ကျုံဒိုးမြို့နယ် ကရင်အမျိုးသမီးအစည်းအရုံး(KWO) ဥက္ကဋ္ဌ နန်းမယ်တင်အေးက ပြောပါတယ်။
“ပညာရေးဘက်ပိုင်းဆိုရင်လည်း ကလေးတွေကို ဘယ်နေရာတွေမှာ ပို့ထားရမလဲ ဆိုတာ တချို့မိဘတွေကတော့ နည်းလမ်းရှာကြမှာပဲလို့ ပြောချင်တယ်။ လူတွေက အခုလိုမျိုးသာ ကြောက်နေရမယ်ဆိုရင်တော့ ပညာရေးပိုင်း အနေနဲ့က အနည်းငယ် အောက်ကျ၊ နောက်ကျ ဖြစ်နေမယ်လို့ ကျမမြင်တယ်” လို့ မြို့နယ် KWO ဥက္ကဋ္ဌ နန်းမယ်တင်အေးက အကြံပြု ပြောပါတယ်။
လက်ရှိ ကေအဲန်ယူ ကျုံဒိုးမြို့နယ်ထဲမှာသာမကဘဲ ကေအဲန်ယူ ထိန်းချုပ်တဲ့နယ်မြေအားလုံးမှာ တိုက်ပွဲပြင်းထန်လာတဲ့အတွက် စစ်ကောင်စီဘက်က စာသင်ကျောင်းတွေကို ပိုပြီး ပစ်မှတ်ထား တိုက်ခိုက်လာနေပါတယ်။
စာသင်ကျောင်းတွေ စာသင်ဖို့ မလုံခြုံတော့တာကြောင့် စစ်ရှောင်နေရတဲ့ ကျောင်းသားမိဘတွေဖြစ်စေ စစ်မရှောင်နေရတဲ့ မိဘတွေဖြစ်စေ သူတို့နယ်မြေမှာ ကလေးတွေကို ကျောင်းဆက်ထားဖို့ မဝံ့ရဲဖြစ်လာပြီး တစ်ခြားဒေသမှာ သူတို့ကလေးတွေကို ကျောင်းပို့ဖို့ ယခုလို ကျောင်းဖွင့်ခါနီးအချိန်မှာ မိဘတွေက ဗျာများနေကြရပါတယ်။
တစ်ခြားနေရာမှာ ကျောင်းသွားထားဖို့အတွက်ကိုလည်း အဆက်အသွယ်၊ ငွေကြေးလိုအပ်တာကြောင့် စစ်ရှောင်နေရချိန် ဝင်ငွေမရှိတဲ့ စစ်ရှောင်မိဘတွေအတွက်တော့ ပိုပြီး သောကရောက်နေကြရပါတယ်။
အခုလို သောက ရောက်နေသူတွေထဲမှာ စစ်ရှောင်အဖြစ်ရောက်ရှိနေတဲ့ ရွာတစ်ရွာမှာ ရေခဲသုပ် ရောင်းနေသူ နန်းမကြည်လည်း တစ်ဦး အပါအဝင် ဖြစ်ပါတယ်။
သူမဟာ ကော့ကရိတ် လှိုင်ကွယ်ရွာက ဖြစ်ပြီး အခု ရွာလုံးကျွတ်စစ်ရှောင်နေရတာပါ။ သူ့သမီးကို နယ်စပ် ဒုက္ခသည်စခန်းမှာ ကျောင်းသွားတက်ဖို့ အဆက်အသွယ်တွေ ကြိုးစားရှာနေရသလို ကျောင်းတက်နိုင်ဖို့ ငွေလည်း ရှာနေရပါသေးတယ်။
“ဒီမှာက တက်ဖို့ကျောင်းမရှိတော့ ဒုက္ခသည်စခန်းမှာကလေးကို ကျောင်းသွားထားဖို့စဉ်းစားထားတယ်။ အခုက အဆက်အသွယ် ရှာနေတုန်းပဲ။ ကျောင်းသွားထားဖို့က ပိုက်ဆံလဲလိုတယ် ။ အခုသူများရွာမှာ လာရှောင်ရင်း ရေခဲသုပ်ရောင်းတယ်” လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်း ပြီးနောက်ပိုင်း ကေအဲန်ယူ၊ ထိန်းချုပ်တဲ့ နယ်မြေထဲမှာ စာသင်ကျောင်းများကို လေကြောင်းမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း ဒရုန်း၊ လက်နက်ကြီးများနဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ စာသင်ကျောင်းပေါင်း အလုံး ၄၀ ကျော်ရှိတယ်လို့ ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနက ပြုစုထားတဲ့ စာရင်းများအရ သိရပါတယ်။
လက်ရှိကာလမှာ စစ်ကောင်စီတပ်ဟာ ပြည်သူနဲ့ စစ်သားကို ခွဲခြားမှုတွေ မရှိတော့ဘဲ ပြည်သူများကို ဦးတည်ပြီး တိုက်ခိုက်လာနေသလို ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမတွေကိုပါ ရန်သူလို သတ်မှတ်ကာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက် နေတယ်လို့လည်း KECD ဘက်က ထုတ်ပြန်ပြောဆိုထားပါတယ်။
လုံခြုံရေး စိုးရိမ်ချက်ကြားမှ ၂၀၂၄-၂၀၂၅ ခုနှစ်ပညာသင်နှစ်မှာ ကေအဲန်ယူထိန်းချုပ်သည့် နယ်မြေထဲတွင် ကိုယ်ထူ ကိုယ်ထကျောင်းများအပါအဝင် စာသင်ကျောင်းပေါင်း ၁,၆၇၁ ကျောင်းဖွင့်လှစ်နိုင်ခဲ့သည်ဟု KECD ရဲ့စာရင်းအရ သိရပါတယ်။
အဲဒီဖွင့်လှစ်နိုင်တဲ့ကျောင်းတွေထဲမှာ စစ်ရှောင်နေရင်း ဖွင့်လှစ်ကြတဲ့ ကျောင်းတွေလည်းပါဝင်သလို အချို့ကျောင်းတွေဟာ လှိုဏ်ဂူတွေထဲ၊ တောတောင်တွေထဲ ပြောင်းရွှေ့ဖွင့်လှစ်နေရတဲ့ အခြေအနေမျိုးပါ။ အဲဒီအပြင် အချို့ကျောင်းတွေမှာ ကျောင်းဆောင်ထဲမှာ စာမသင်ရဲတာကြောင့် ကျေးရွာထဲက နေအိမ်တွေမှာ အတန်းလိုက် ခွဲပြီး စာလိုက် သင်နေကြရပါတယ်။
ဒါ့အပြင် မြန်မာမှာ ကိုဗစ်ကြောင့် ကျောင်းများ ကာလရှည်ပိတ်ထားရပြီးနောက် အာဏာသိမ်းမှုနဲ့ အတူ နိုင်ငံတဝှမ်းစစ်ရေးပဋိက္ခတွေဟာ ကလေးငယ်တွေရဲ့ ပညာရေးအိပ်မက်ဟာ အကြီး အကျယ် ထိခိုက်နေပြီး ကလေး ၄.၅ သန်းဟာ သင်ယူဖို့အခွင့်အလမ်းမရှိတာ လက်လှမ်းမမှီတဲ့ အခြေအနေမျိုး ဖြစ်နေတယ်လို့ ယူနီဆက်မြန်မာက ပြောပါတယ်။
ကလေးတိုင်းဟာ ပညာသင်ဖို့ အခွင့်အရေးရှိရုံသာမက လုံခြုံတဲ့နေရာမှာ ပညာသင်ခွင့်ရှိရမယ်လို့ ယူနီဆက် မြန်မာက ပြောပါတယ်။
စစ်တပ် အာဏာသိမ်းပြီး စစ်ရေးပြင်းထန်လာတဲ့ ၄ နှစ်အတွင်းမှာ ကေအဲန်ယူ၊နယ်မြေထဲမှာ အခက်အခဲ အမျိုးမျိုးကြားကပဲ အခြေခံပညာသင်ကြားရေး နှစ်စဉ် အောင်အောင်မြင်မြင် လုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။
အနာဂတ် လူ့အဖွဲ့အစည်းအတွက် ကလေးတွေရဲ့ပညာရေးဟာ အရေးကြီးကဏ္ဍမှာ ရှိတဲ့အတွက် စစ်ရှောင်ကလေးငယ်များရဲ့ ပညာသင်ကြားရေးကို အားလုံး ဝိုင်းဝန်းလုပ်ဆောင်ပြီး ရှေ့ဆက်သွားရမည်သာ ဖြစ်ပါတယ်။