Home သတင်း ရှေ့တန်းရဲဘော်များအတွက် ဆေးကုစင်တာ ဆောက်နေ၍ ဝိုင်းကူရန် LBC စစ်ကြောင်း မေတ္တာရပ်ခံ

ရှေ့တန်းရဲဘော်များအတွက် ဆေးကုစင်တာ ဆောက်နေ၍ ဝိုင်းကူရန် LBC စစ်ကြောင်း မေတ္တာရပ်ခံ

516
Photo: Heaven of Relief

မေ ၁၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်အရုံး၊ တပ်မဟာ (၆) နယ်မြေတွင် ရှေ့တန်း၌ ဒဏ်ရာရ ရဲဘော်များ အတွက် ဆေးကုသပေးရန် ကျန်းမာရေးစောင့်ရှောက်မှု စင်တာကို စတင်ဆောက်လုပ်နေပြီး ဖြစ်၍ ပြည်သူ များအနေဖြင့် ထောက်ပံ့ကူညီကြရန် Lion Battalion Commando က မေတ္တာရပ်ခံ ပြောသည်။

အဆိုပါ စင်တာကို စစ်ကြောင်းမှူး ဗိုလ်အယ်စေးဝါးကဦးဆောင် ဆောက်လုပ်နေခြင်းဖြစ်ပြီး၊ တိုက်ပွဲများတွင် ထိခိုက်ဒဏ်ရာရသူ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသည့် တော်လှန်ရေးရဲဘော်များကို စိတ်ပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာ ကျမ်းမာရေး ကဏ္ဍလိုအပ်ချက်များနှင့် ပြန်ထူထောင်ရေး လုပ်ဆောင်ရန် ရည်ရွယ်သည်ဟု Lion Battalion Commando ဗျူဟာစစ်ကြောင်းမှ ရဲဘော်တစ်ဦးက ယခုလို ပြောသည်။

“ ရဲဘော်တွေက ရှေ့တန်းမှာဆို ဘယ်လိုမှ အနားယူလို့ မရဘူး။ လက်နက်ကြီးရော လေယာဥ်ရော စစ်ကောင်စီဘက်က ကျနော်တို့ရဲ့ အခြေစိုက်စခန်းကို နည်းမျိုးစုံနဲ့ ဗုံးကြဲတယ်ဆို‌တော့ အရှေ့မှာ ဘယ်လိုမှ အဆင်မပြေဘူး။ အဲဒါကြောင့် သက်တောင့်သက်သာနဲ့ အနောက်မှာ ဆေးကုသလို့ ရအောင်လို့ ဒီစောင့် ရှောက်ရေး စင်တာကို ဆောက်လုပ်ဖြစ်တာပါ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

“Heaven of relief care center” ဟု အမည်ပေးထားသည့် အဆိုပါ စင်တာကို စတင်အကောင်အထည်ဖော် နေပြီးဖြစ်သလို ဆေးဝါး၊ ပစ္စည်းကိရိယာများ လိုအပ်နေကြောင်း၊ ရဲဘော်များ၏ အသက်နှင့် ထိခိုက်မှုများကို မိဘပြည်သူများက တက်နိုင်သည့်ဘက်မှ ပါဝင်ကူညီရန် မေတ္တာရပ်ခံလိုသည်ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ စင်တာဆောက်လုပ်ရေး ကမ်ပိန်းကာလကို ယခုနှစ် မတ် ၁၈ မှ ဇွန် ၁၈ ရက်ထိ သတ်မှတ်ထားပြီး မျှော်မှန်းငွေ ထိုင်း ဘက် သိန်း ၃၀ (ကျပ် ၄,၅၀၀ သိန်း)၊ သတ်မှတ်ထားသော်လည်း ယခုထိ အလှူငွေ ဘတ် ၄၈၀,၀၀၀ သာ ရသေးသည်ဟု စစ်ကြောင်းတာဝန်ရှိသူက ပြောသည်။

ထို့ပြင် ပါဝင်ကူညီလိုများအနေဖြင့် Lion Battalion Commando စစ်ကြောင်းရုံးနှင့် Heaven of relief လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် ချိတ်ဆက်ပြီး ထိုင်း သို့မဟုတ် မြန်မာ Banking Payment ဖြင့်လည်း ပါဝင်ကူညီထောက်ပို့မှု ပြုလုပ်နိုင်သည်ဟု စစ်ကြောင်း တာဝန်ခံက အသိပေးပြောဆိုသည်။

ထို့အပြင် Lion Battalion Commando စစ်ကြောင်းအနေဖြင့် မြို့တွင်း တိုက်ပွဲများကို ယခုထက် ပိုမို ဖော်ဆောင်နိုင်ရေး လက်နက်ခဲယမ်း ဖြည်းတင်းရန် “ပြည်တော်ဝင်မည့် တောဘုရင် ကမ်ပိန်း” ကိုလည်း ပြုလုပ်နေပြီး သတ်မှတ်ချက် ပြည့်မီနိုင်ရေး ပံ့ပိုးပါဝင်ကူညီပေးကြရန် ဖိတ်ခေါ်ထားသေးသည်။