Home သတင်း ရွှေသောင်ယံမြို့နယ် ကျေးရွာအချို့ သက်ကြီးပိုင်းလုံခြုံရေးသင်တန်းခေါ်၊ ငွေကြေးတောင်းခံ

ရွှေသောင်ယံမြို့နယ် ကျေးရွာအချို့ သက်ကြီးပိုင်းလုံခြုံရေးသင်တန်းခေါ်၊ ငွေကြေးတောင်းခံ

496
Photo: CJ

မေလ ၂၃ ရက်၊ ၂၀၂၅ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ် သဲကုန်းအုပ်စုနှင့် သဘောကန်အုပ်စုရှိကျေးရွာအချို့တွင် နယ်မြေခံ စစ်ကောင်စီက အသက် ၃၅ နှစ်အထက် အမျိုးသားများကို ကျေးရွာလုံခြုံရေးအတွက် သင်တန်းခေါ်ယူနေပြီး ငွေကြေးကောက်ခံမှုများလည်းရှိသည်ဟု ဒေသခံများက ပြောသည်။

ယခုမေလဆန်းမှစပြီး ကျေးရွာလုံခြုံရေးခေါင်းစဉ်ဖြင့် တစ်လတာသင်တန်းတက်ရောက်ရန် စစ်ကောင်စီက ကျေးရွာတစ်ရွာကို အမျိုးသား (၂) ဦးနှုန်းဖြင့် စတင်ခေါ်ယူခဲ့ခြင်းဖြစ်သည်။ အဆိုပါ သင်တန်းတက်ရောက်မည့် သူများအတွက်လည်း တစ်ရွာကို ငွေကျပ် (၂၄)သိန်းစီပေးဆောင်ရကြောင်း အခြေအနေကို သိရှိသည့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလိုပြောသည်။

၎င်းက “အခု ကျနော်တို့ဆီမှာ စစ်မှုထမ်းအနေနဲ့ ခေါ်နေတာက အပတ်စဉ် (၁၃) ထိရှိနေပြီး။ အရင်က ရွာထဲက လူတွေမသွားချင်ရင် သွားချင်တဲ့သူခေါ်ပေးရင် ကျနော်တို့ ရွာသားတွေက တစ်ရွာကို သူတို့ သတ်မှတ်ပေးတဲ့စျေးနဲ့ ပိုက်ဆံပေးလိုက်ရင်ရတယ်။ အခုတော့ ကျေးရွာလုံခြုံရေးဆိုပြီး တစ်ရွာကို (၂) ယောက် သင်တန်းတွေပေးတယ်။ အဲ့တာအပြင် ရွာထဲက သင်တန်းသွားတက်တဲ့ သူ (၂) ယောက်အတွက် တစ်ယောက်ကို ငွေကျပ် (၁၂) သိန်း ထပ်တောင်းတာတွေ ရှိတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

ယခုမေလ တတိယအပတ်တွင်လည်း ကျေးရွာတစ်ရွာကို(၁၀)ဦးနှုန်းဖြင့် ထပ်မံခေါ်ယူနေပြီး ဒေသခံများအနေဖြင့် မသွားလိုကြကြောင်း ပြောဆိုကြသည်။

စစ်မှုမထမ်းမနေရ ဥပဒေအရ အသက် ၁၈ နှစ်အထက်ခေါ်ယူမှုများကို ရွှေသောင်ယံမြို့နယ်ရှိ ကျေးရွာများတွင် အပတ်စဉ် ၁၃အထိ ဆက်လက်ခေါ်ယူနေသော်လည်း အသက် ၃၅ နှစ်အထက် ခေါ်ယူမှုကို ယခုလမှစတင်ခေါ် ယူခြင်းဖြစ်ကြောင်း သိရသည်။