မေလ ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူထိန်းချုပ်နယ်မြေ၊ တပ်မဟာ(၇)၊ ဖားအံခရိုင်အတွင်းရှိ ဒေသခံ ကရင်လူမျိုးများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အထိအခိုက်ဖြစ်စေနိုင်သဖြင့် တခေါ်ဘီခွီး (ခေါ်) လေးပနာဒီ စခန်းကို တိုက်ခိုက်ရှင်းလင်းလိုက်ရကြောင်း တပ်မဟာ(၇) ကေအဲန်ယူက ပြောသည်။
စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၂၄ တပ်ဖွဲ့များ အခြေစိုက်တပ်စွဲထားသော ပိုင်ကျုံမြို့နယ် အတွင်းရှိ တခေါ်ဘီခွီးစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့-KNDO နှင့် ပူးပေါင်းတပ်များက ယနေ့ မေလ ၉ ရက်နေ့ နံနက်ပိုင်းတွင် အပြီးသတ်သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်သည်။
နှစ်ပေါင်း ၃၀ ဝန်းကျင် တပ်မဟာ(၇)နယ်မြေအတွင်း ဝင်ရောက်တပ်စွဲထားသည့် အဆိုပါစခန်းသည် ဒေသခံကရင်လူမျိုးများ၏ အသက်မွေးဝမ်းကျောင်းမှုကို ထိခိုက်စေလာနိုင်၍ တိုက်ခိုက်ရှင်းလင်း လိုက်ခြင်းဖြစ်သည်ဟု တပ်မဟာ(၇) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဒိကွယ်ထူးက ယခုလို ပြောသည်။
“ ဒီနယ်မြေမှာ ကျနော်တို့ ကရင်လူမျိုးတွေပဲ အများစု နေထိုင်ကြတယ်။ စစ်တပ်စခန်း အဲဒီမှာရှိရင် ကျနော်တို့ ကရင်လူမျိုးတွေရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ဖြစ်တဲ့ လယ်ယာ၊ တောင်ယာ၊ ပြောင်းလုပ်ငန်းတွေအတွက် အများကြီး အနှောင့်အယှက်၊ အန္တရာယ်ပေးနိုင်တယ်။ အဲဒါကြောင့် ဒီနယ်ဟာ ကရင်မြေဖြစ်တဲ့အတွက် ကရင်တွေပဲအုပ်ချုပ်ရမယ်ဆိုတဲ့ ကျနော်တို့ အန္တိမ ရည်မှန်းချက်အတိုင်း လုပ်ဆောင်တာဖြစ်ပါတယ်။” ဟု ဗိုလ်မှူးချုပ် စောဒိကွယ်ထူးက ကေအိုင်စီသို့ ပြောသည်။
KNLA ပူးပေါင်းတပ်က တခေါ်ဘီခွီးစခန်းကို ပြီးခဲ့သည့် မေလ ၇ ရက်နေ့မှစတင်ကာ စစ်ရေးဖော် ဆောင်ခြင်းဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲကာလ ၂ ရက်သာ ကြာမြင့်ခဲ့သည်။ တိုက်ပွဲဖြစ်ပွား သည့်ရက်အတွင်း စခန်းပတ်ဝန်းကျင်ရှိ ဒေသခံ ၃၀၀ ကျော်မှာ ထိုင်းနိုင်ငံ၊ ထာ့ဆောင်ယန်းမြို့နယ် ထဲသို့ ထွက်ပြေးရောက်ရှိ လာကြသည်ဟုလည်း ထိုင်းသတင်းအရင်းအမြစ်များက ဖော်ပြသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် နှစ်ဘက်ထိခိုက်သေဆုံးမှု အခြေအနေကို ကေအဲန်ယူဘက်က ထုတ်ပြန်ထားခြင်းမရှိသေးပေ။
KNLA ပူးပေါင်းတပ်သည် ၂၀၂၅ ခုနှစ်၊ မတ်လမှ ဧပြီလအထိ တပ်မဟာ(၇)နယ်မြေအတွင်း စစ်ကောင်စီ တပ်စွဲထားသော နဘူးမြို့နယ်ရှိ လေးဂေါ်(မော်ဂလာ) စခန်း၊ လှိုင်းဘွဲမြို့နယ်ရှိ ခလယ်ဒေးစခန်းနှင့် ပိုင်ကျုံမြို့နယ်ရှိ ပူလူတူစခန်းများကို အသီးသီးသိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။ ထို့အတူ ယနေ့နံ နက်ပိုင်းတွင် တခေါ်ဘီခွီးစခန်းအပြင် တပ်မဟာ(၄)မှ ထီးခီးစခန်းနှင့် တပ်မဟာ(၃)ရှိ ခမရ-၅၉၈ စခန်းတို့ကိုလည်း တစ်ဆက်တည်းသိမ်းပိုက်လိုက်သည်။

















