Home ဆောင်းပါး စဉ်းစားတွေးခေါ်မှုအသစ်နဲ့ လက်တွေ့ဆက်ဆံရေး ပေါ်လစီသစ်ကို ဖော်ထုတ်ကြဖို့

စဉ်းစားတွေးခေါ်မှုအသစ်နဲ့ လက်တွေ့ဆက်ဆံရေး ပေါ်လစီသစ်ကို ဖော်ထုတ်ကြဖို့

469

စဉ်းစားတွေးခေါ်မှုအသစ်နဲ့ လက်တွေ့ဆက်ဆံရေး ပေါ်လစီသစ်ကို ဖော်ထုတ်ကြဖို့

မောင်ကျော်စွာ

(၂၀၂၅ ခုနှစ်၊ မေလ ၂၁ရက်)

(စကစ)စစ်အုပ်စု ထိပ်သီး မင်းအောင်လှိုင်ဟာ မေလ ပထမပတ်ထဲမှာ သွားခဲ့တဲ့ ရုရှခရီးစဉ်အတွင်းမှာ ရုရှ အစိုးရပိုင်မီဒီယာတစ်ခုဖြစ်တဲ့ RT(Russia Today) နဲ့ အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒီအင်တာဗျူးထဲက အမေးနဲ့ အဖြေတချို့ကို (၁၈-၅-၂၀၂၅) ရက်နေ့ထုတ် မြန်မာ့အလင်း၊ ကြေးမုံ၊ မြဝတီ စတဲ့ စစ်အုပ်စုက ချုပ်ကိုင်ထားတဲ့ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဒီအမေးနဲ့အဖြေထဲကနေ (စကစ)စစ်အုပ်စုရဲ့ မျက်မှောက်နိုင်ငံတကာနဲ့ ဒေသတွင်းအခင်းအကျင်းအပေါ်ထား တဲ့ သဘောထားအမြင်တချို့ကို သိရပါတယ်။
ပြည်တွင်းမှာ ကြီးမားတဲ့ လက်နက်ကိုင်အုံကြွတော်လှန်မှုကို အလူးအလဲရင်ဆိုင်နေရတဲ့ (စကစ)စစ်အုပ်စုဟာ ပြည်ပနိုင်ငံကြီးတွေ အထူးသဖြင့် (အမေရိကန်၊ ရုရှ၊ တရုတ်)တို့ကို မျက်နှာချိုသွေးနေတာ သိပ်ကို ပေါ်လွင်ထင်ရှားပါ တယ်။ အမေရိကန်အမှူးပြုတဲ့ အနောက်အုပ်စုဟာ ၁၉၈၈ ခုနှစ်၊ ၈လေးလုံး အရေးတော်ပုံကြီး နောက်ပိုင်းတွေမှာ (နဝတ-နအဖ) စစ်အုပ်စုကို ဖိအားပေးမှုတွေလုပ်ခဲ့သလို (စကစ)စစ်အုပ်စုကို မလုပ်တာကို သတိထားမိတယ်။ (စကစ) စစ်အုပ်စုကလည်း သူတို့အမွေဆက်ခံထားတဲ့ တစ်ချိန်က (နဝတ-နအဖ) စစ်အုပ်စုလို ပြည်တွင်းရေးကို ဝင်ရောက်စွက် ဖက်နှောင့်ယှက်နေတဲ့ အနောက်အုပ်စုနိုင်ငံကြီးတွေကို ရေဒီယိုတွေ သတင်းစာတွေကနေ အော်ဟစ်ရန်ထောင်တာမျိုး တွေလည်း သိပ်မလုပ်တာ သတိထားမိပါတယ်။

အဓိကတော့ အမေရိကန်ရဲ့ အခြေအနေကလည်း ပြောင်းနေတာမို့ပါ။ အထူးသဖြင့် သမ္မတ ဒေါ်နယ်ထရန့် ဒုတိယအကြိမ် သမ္မတဖြစ်လာပြီးနောက်ပိုင်းမှာ မြန်မာ့အရေးကို အမေရိကန်အစိုးရရဲ့ အာဂျင်ဒါထဲမှာ (ဂျိုးဘိုင်ဒန် သမ္မတလုပ်နေစဉ်ကာလကထက်) ဟိုးအောက်ဆုံးတန်းကို ပိုပြီး ကျရောက်သွားဟန်တူပါတယ်။

(၇ ဒသမ ၇) ရစ်ခ်တာစကေးရှိတဲ့ မန္တလေးငလျင်ကြီးကြုံရတာကို အမေရိကန်ပြည်ထောင်စုအစိုးရဆီက လှိုက်လှဲတဲ့ အကူအညီကို မရခဲ့ပါဘူး။ ငလျင်ကြီးကြောင့် ကြုံရတဲ့ အပျက်အစီးအဆုံးအရှုံးတန်ဖိုးဟာ ကျပ်ငွေ ၃၆၂၉ ဒသမ ၂၈၈ ဘီလီယံရှိတယ်လို့ (စကစ)စစ်အုပ်စုရဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ဒါဟာ ၂၀၂၃ ခုနှစ်က ကြုံရတဲ့ မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ်က ရာဂီမုန်တိုင်းကြောင့် မိုးအကြီးအကျယ်ရွာချပြီး ရေကြီးရေလျှံတာတွေကြောင့် ကြုံခဲ့ရတဲ့ ပျက်စီးဆုံးရှုံးမှုတွေထက် အဆပေါင်းများစွာ ကြီးမားများပြားပါတယ်။

ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းကြောင့် ပျက်စီးရမှုဟာ ငွေကျပ် ၅၃၄ ဒသမ ၁၄၆ ဘီလီယံဖြစ်ပြီး ရာဂီမုန်တိုင်း နောက်ဆက်တွဲကြောင့် ပျက်စီးရမှုက ငွေကျပ် ၄၆၆ ဒသမ ၂၃၁ ဘီလီယံကျော်ပါတယ်။ ဒီတော့ မုန်တိုင်း ၂ခု၊ အပျက် အစီးတန်ဖိုးက ကျပ်ငွေ ဘီလီယံ ၁၀၀၀ ကျော်ပါတယ်။ သို့သော်လည်း (၇ ဒသမ ၇) ရစ်ခ်တာစကေးရှိတဲ့ မန္တလေး ငလျင်ကြီးရဲ့ ပျက်စီးဆုံးရှုံးကတော့ ဒီမုန်တိုင်း ၂ခုဘေးကြောင့်ကြုံရတဲ့ ပျက်စီးဆုံးရှုံးမှု ၂ရပ်ပေါင်းထက် ၃ဆကျော် ပိုများတာကို တွေ့နိုင်ပါလိမ့်မယ်။

ဒီတော့ ပြည်သူတွေရဲ့ အိုးအိမ်တွေ ပြန်လည်ထူထောင်ရေးဟာ အင်မတန်မှ မလွယ်ကူပါဘူး။ ပြည်သူတွေရဲ့ ဘဝဟာ မြွေပူရာကင်းမှောင့်သလို ဖြစ်နေပါတယ်။

(စကစ)စစ်အုပ်စုထိပ်သီး မင်းအောင်လှိုင်က အိမ်နီးချင်းတိုင်းပြည်တွေထက် GDP လျော့နဲနေတာကို ဖွင့်ဟ ဝန်ခံထားပါတယ်။ ထို့အတူ စိုက်ပျိုးရေးလုပ်ငန်းတွေမှာလည်း ပန်းတိုင်ရည်မှန်းချက် မပြည့်မီတာ၊ ဆီထွက်သီးနှံတွေ မျှော်မှန်းထားတဲ့ အထွက်နှုန်း ထွက်မလာဘဲ အထွက်နှုန်း နည်းနေတာ၊ ပြည်ပကနေ စားသုံးဆီ၊ စက်သုံးဆီတွေ မှာယူတင်သွင်းနေရတာ၊ စားသောက်ကုန်ဈေးနှုန်းတွေ ခေါင်ခိုက်မြင့်မားနေတာ၊ လျှပ်စစ်မီးပေးရေးကိစ္စတွေမှာ ဘယ် လိုမှ ထိထိရောက်ရောက် ဆောင်ရွက်နိုင်စွမ်း မရှိသေးတာ စတဲ့ သူတို့ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေကို သဘာဝဘေး ဒဏ်(မုန်တိုင်း/ငလျင်)နဲ့ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဆိုပြီး ထမင်းရည်ပူလာလျှာလွှဲတဲ့နည်းနဲ့ ဝန်ခံထားပါ တယ်။

အဲဒီလို ပြည်သူတွေရဲ့ဘဝဟာ သမိုင်းမှာ အဆိုးဆုံး အခိုက်အတံ့မှာ ရောက်နေပေမယ့် (စကစ)စစ်အုပ်စုက တော့ အဲဒါတွေကို လျစ်လျူရှုပြီး ပြည်တွင်းစစ်ကို အရှိန်မြင့်ပြီးတိုက်ခိုက်ပါတယ်။ လေယာဉ်နဲ့ လက်နက်ကြီးကို ပင်တိုင်ထားပြီး ဗုံးကြဲတာတွေ ရမ်းသမ်းပစ်ခတ်တာတွေ နေ့စဉ်နဲ့အမျှ လုပ်နေပါတယ်။ လာမယ့် ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲမှာ ကျင်းပဖို့ရည်မှန်းထားတဲ့ “အထွေထွေရွေးကောက်ပွဲ”ကိုလည်း မဖြစ်ဖြစ်အောင်လုပ်ဖို့ (စကစ) စစ်အုပ်စုဟာ မီးကုန်ယမ်းကုန် ပြင်ဆင်နေပါတယ်။

ဒါကြောင့် စစ်အုပ်စုဟာ အမေရိကန် – တရုတ် ဆက်ဆံရေး၊ အမေရိကန် – ရုရှဆက်ဆံရေး စတဲ့ ပြဿနာကြီး ၂ရပ်အပေါ်ကနေ ဆက်နွယ်ရိုက်ခတ်ဖြစ်ပေါ်လာနေတဲ့ မျက်မှောက်ကမ္ဘာနဲ့ ဒေသတွင်း အခြေအနေအောက်မှာ စစ်အုပ်စု သားစဉ်မြေးဆက် အာဏာတည်တံ့ခိုင်မြဲရေးကို ဦးတည်ပြီး လုပ်ဆောင်နေပါတယ်။

ပြည်တွင်းပြည်ပကနေ ဘယ်လိုပဲ ပြစ်တင်ရှုံ့ချကန့်ကွက်နေပါစေ (စကစ)စစ်အုပ်စုဟာ အမေရိကန် – ရုရှ နဲ့ တရုတ်တို့နဲ့ ဆက်ဆံရေးကို ကောင်းအောင်လုပ်ဖို့ပဲ အာရုံစိုက်နေတာကို တွေ့ရပါတယ်။ ဒီနိုင်ငံကြီး ၃နိုင်ငံကလည်း သူတို့တိုင်းပြည်ရဲ့ ရေရှည်နဲ့ရေတိုအကျိုးစီးပွားအတွက် အဖက်ဖက်ကို ထိန်းညှိနေရတဲ့ အနေအထားအောက်မှာ ကမ္ဘာ ကြီးရဲ့အစီအစဉ်သစ်ဟာ ဝင်ရိုးစုံကမ္ဘာအစီအစဉ်ဆီကို တိမ်းညွှတ်နေပါတယ်။ အထူးသဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ သူ့ရဲ့ တစ်ဖက်သတ် အခွန်တိုးမြင့်ရေးစစ်ပွဲကို အခုအခါ ပြန်ပြီး ဇက်သတ် ထိန်းညှိလာတာတွေ တွေ့လာရပါတယ်။ တရုတ်နိုင်ငံနဲ့ ညှိနှိုင်းလာတဲ့ဘက်ကို ရွှေ့လာနေပါတယ်။ ဒါဟာ စိတ်ချလက်ချ အနေအထားမျိုး တော့ မဟုတ်သေးဘူး။ အချိန်မရွေး ပြောင်းလဲသွားနိုင်ပါသေးတယ်။

ဒီအနေအထားကို အခြားကမ္ဘာနိုင်ငံကြီးတွေကလည်း မျက်ခြေမပြတ်အကဲခတ်နေကြပြီး မိမိတိုင်းပြည်ရဲ့ အကျိုးစီးပွားကို ထိန်းသိမ်းတိုးချဲ့နိုင်ဖို့ မထိပါးစေဖို့ အာရုံစိုက် ဆောင်ရွက်နေကြပါတယ်။

ရုရှမီဒီယာ RT နဲ့ အင်တာဗျူးထဲမှာ မင်းအောင်လှိုင်က
– “အမေရိကန်နိုင်ငံနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ မိတ်ဆွေနိုင်ငံတစ်ခုပါပဲ။ သို့သော်လည်းပဲ တရုတ်နိုင်ငံကတော့ ကျွန်တော်တို့ အိမ်နီးနားချင်းနိုင်ငံအထဲမှာလည်းဖြစ်သလို အိမ်နီးနားချင်းနိုင်ငံထဲမှာလည်း မဟာဗျူဟာမြောက်မိတ် ဖက်နိုင်ငံဖြစ်တယ်။ ဆွေမျိုးပေါက်ဖော် နိုင်ငံဖြစ်တယ်။ သူများနိုင်ငံတွေထက် ပိုထူးခြားတဲ့ ဆက်ဆံရေးရှိတဲ့နိုင်ငံ တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ကတော့ ဒီနှစ်နိုင်ငံလုံးနဲ့ ပတ်သက်ပြီးတော့ အကောင်းဆုံးဖြစ် အောင် ထိတွေ့ဆက်ဆံသွားဖို့ ရှိပါလိမ့်မယ်” လို့ ပြောထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာနဲ့ ဒေသတွင်းမှာ အိန္ဒိယ၊ ဩစတြေးလျနဲ့ ဂျပန်တို့ရဲ့ ထိန်းညှိနိုင်တဲ့ အခန်းကိုလည်း အလေးထားကြောင်း ထည့်ပြောသွားတာ သတိပြုမိပါတယ်။
ဒီလိုအချက်အလက်တွေကြောင့် ကျနော်တို့ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း သမရိုးကျ အစဉ် အလာစဉ်းစားမှုလိုဖြစ်နေတဲ့ “ဒီမိုကရေစီအရေးအတွက်ဆိုရင် အမေရိကန်နဲ့ အင်္ဂလိပ်တို့ကိုပဲပုံပြီး မျှော်လင့်အားကိုးတဲ့ လော့ဂျစ်အထိုင်” ကနေ ပြောင်းပြီး စဉ်းစားလုပ်ဆောင်ကြဖို့ လိုပါလိမ့်မယ်။

ကျနော်တို့ရဲ့ ၁၉၈၈ ခုနှစ်နောက်ပိုင်းကစလို့ ကြုံခဲ့ရတဲ့ အတွေ့အကြုံအရ ဆိုရင် (နဝတ -နအဖ) စစ်အုပ်စုကို ဆက်ဆံတဲ့၊ ကူညီတဲ့ တိုင်းပြည်ကို “ရန်သူ”လို သဘောထားပြီး (နဝတ-နအဖ) စစ်အုပ်စုကို ဝေဖန် ဖိအားပေးတဲ့ (မဆို စလောက်) ပိတ်ဆို့အရေးယူတဲ့ တိုင်းပြည်တွေကို “မိတ်ဆွေ”လို သဘောထားခဲ့ကြသော်လည်း တကယ့်လက်တွေ့မှာ တော့ တော်လှန်ရေးဟာ ရေစုန်မျောသွားခဲ့ရပြီး စစ်အုပ်စုဟာ ပုံစံတမျိုးနဲ့ ဆက်လက် ရပ်တည် ရှင်သန်နေတာကို တွေ့ရပါတယ်။

ဒီလက်တွေ့နဲ့ ဒီဖြတ်သန်းမှုအတွေ့အကြုံက ဒီနေ့မျက်မှောက်ကာလ အခင်းအကျင်းအသစ် အရည်တည်ကာ လမှာ ကျနော်တို့တော်လှန်ရေးကို အောင်ပွဲသို့တွန်းတင်နိုင်ပြီး (စကစ)စစ်အုပ်စုကို ထိထိမိမိ ထိုးနှက်ပစ်နိုင်မယ့် နိုင်ငံ တကာ၊ ဒေသတွင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွားလမ်းကြောင်းမျိုးစုံနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် စဉ်းစား တွေးခေါ်မှုအသစ်နဲ့ လက်တွေ့ဆက်ဆံရေးပေါ်လစီသစ်ကို ဖော်ထုတ်ဖို့တောင်းဆိုနေတယ်လို့ မြင်ပါတယ်။

နိုင်ငံကြီးတွေရဲ့ ကမ္ဘာလုံးဆိုင်ရာ ပေါ်လစီဆိုတာ ကျနော်တို့ဆန္ဒနဲ့ ကင်းပြီးဖြစ်ပေါ်လာတာတွေပါ။ “အင်္ဂလိပ် အခက် – ဗမာ့အချက်”ဆိုပြီး ဗြိတိသျှနယ်ချဲ့သမားရဲ့ အခက်အခဲကို အသုံးချပြီး လွတ်လပ်ရေးအရယူနိုင်ဖို့ ကျနော်တို့ ဘိုးဘေးမျိုးဆက်တွေဟာ ပြည်ပအကူအညီ(ဂျပန်)ကို သွားပြီး စစ်ပညာသင်ခဲ့ကြတယ်။ ဗြိတိသျှ ကိုလိုနီနယ်ချဲ့သမား ထက် ပိုမိုဆိုးသွမ်းရက်စက်ယုတ်မာတဲ့ ဖက်ဆစ်ဂျပန်ကို ကိုလိုနီနယ်ချဲ့သမားတွေရဲ့ ပြန်လှန်ထိုးစစ်ကြီးတွေနဲ့ ချိန်သားကိုက်ပြီး ပြန်လည်တွန်းလှန်နိုင်လို့သာ လွတ်လပ်ရေးခရီးလမ်းဟာ ဖြောင့်တန်းမြန်ဆန်သွားခဲ့ရဖူးတဲ့ သမိုင်းအ တွေ့အကြုံလည်း ရှိထားဖူးပါတယ်။

ဒီနေ့ ၂၁ရာစုမှာတော့ ဒုတိယကမ္ဘာစစ်ကာလလို ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလလို မပြတ်သား မရှင်း လင်းပါဘူး။ တစ်ကမ္ဘာလုံးရဲ့ ဘုံရန်သူ (ဖက်ဆစ်စနစ်)ဆိုတာမျိုးလည်း အတိအလင်း၊ အခိုင်အမာ ရှိနေတာ မဟုတ် ပြန်ပါဘူး။ ပြီးတော့ ကျနော်တို့ ရင်ဆိုင်နေရတာဟာ ပြည်တွင်းက ဖောက်ပြန်တဲ့ အုပ်စိုးသူ “စစ် ၃စစ်နဲ့ ၂၀၀၈ အခြေခံ ဥပဒေရဲ့” အဓိကကြိုးကိုင်သူ (စကစ)စစ်အုပ်စုကို တွန်းလှန်နေကြရတာပါ။ ဒါကြောင့် မျက်မှောက်ခေတ်ရဲ့ အခြေအ နေ အချင်းအရာတွေ၊ ဒေသတွင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေ အုပ်စုတွေရဲ့ အကျိုးစီးပွားပေါ်လစီတွေကို မျက်ခြည်မပြတ် အကဲခတ် ဆန်းစစ်ပြီး တော်လှန်ရေးကို အောင်ပွဲမုခ်ဦးသို့အမြန်ဆုံးဦးတည်နိုင်ဖို့ ကျယ်ပြန့်တဲ့ အမြော်အမြင်၊ နက်ရှိုင်း တဲ့လေ့လာမှု၊ တန်းတူတဲ့ သွေးစည်းညီညွတ်မှုတွေနဲ့ ကျနော်တို့အင်အားစုအားလုံး ဝိုင်းဝန်းဆောင်ရွက်ကြရပါလိမ့် မယ်။

“သူ့ဆရာ/ ငါ့ဆရာ အပြန်အလှန် ပင့်ဖိတ်တင်မြှောက်ကြပြီး ငါ့မြင်းငါစိုင်းကြမယ်” ဆိုရင်တော့ ဟိုးယခင်က လို သောင်ထွန်းသွားတဲ့တော်လှန်ရေး၊ အောင်ပွဲနဲ့ ဝေး ဝေးသွားတဲ့ တော်လှန်ရေးဘဝမျိုးတွေနဲ့ တော်လှန်ရေး ဇာတ် ခေါင်းကွဲသွားပါလိမ့်မယ်၊ တော်လှန်ရေးဇာတ်မျောသွားပါလိမ့်မယ်ဆိုတာကို လေးလေးနက်နက် အသိပေး သတိပေးပါ ရစေ။