Home သတင်း အဖမ်းအဆီးများ၍ မြဝတီ-ဖားအံ ကုန်ကားအများစု ရပ်နား ကုန်သည်များအခက်တွေ့

အဖမ်းအဆီးများ၍ မြဝတီ-ဖားအံ ကုန်ကားအများစု ရပ်နား ကုန်သည်များအခက်တွေ့

197
Photo - Social Media

မတ် ၁၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့အဝင်တွင် ယခု မတ် ၅ ရက်မှစ၍ ထိုင်းကုန်စည်များ တင်ဆောင်လာသည့် ရာနှင့်ချီ ကုန်တင် ယာဥ်များကို ပြည်နယ်စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှု များလုပ်ဆောင်နေ၍ မြဝတီ-ဖားအံ ပြေးဆွဲနေ သည့် ထိုင်းကုန်စည်တင်ယာဥ် အများစုက ယာယီရပ်နားထားသည်ဟု ကုန်တင်ယာဉ်မောင်းများက ပြောသည်။

လက်ရှိ အချိန်ထိ ကုန်ကားများကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုများ ပိုမိုလုပ်နေဆဲ ဖြစ်၍ ကုန်တင်ယာဉ်ကြီး ယာဉ်ငယ်များ အသွားအလာ နည်းပါးနေသလို တချို့ပြေးဆွဲမှုရပ်ဆိုင်းထားသည်ဟု မြဝတီ-ဖားအံ ကုန်စည်ပို့ ဆောင်နေကုန်သည်တဦးက ယခုလို ပြောသည်။

“လောဆယ် နားထားတယ်။ ဖားအံမှာ ကားကြီးတွေ အစီးရေအများကြီး ဖမ်းခံထိကတည်းက မတက်ရဲတော့ဘူး။ ကြောက်ကြတယ်။ ဖားအံအဝင် အထွက်မှာရော ဖမ်းတော့ ကားတက်တွေလည်း ပါးသွားတယ်။ ထိုင်းပစ္စည်းတွေ အကုန်လုံးက အခွန်ကျူတီမဆောင်ထားတော့ သူတို့မှာ ဖမ်းပိုင်ခွင့် ရှိတယ်။ ကားကြီး၊ ကားသေး ဖမ်းရင် အကုန် ပါ တယ်။ အခုက ကားကြီးတွေပဲ ဖမ်းပေမယ့် ကားသေးလေးတွေလည်း ဘယ်ချိန်ထဖမ်းမလဲ မသိဘူး” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ယခုလို ပစ္စည်များ တင်ဆောင်လာသည့် ကုန်တင်ကားများကို ဖမ်းဆီးစစ်ဆေးမှုကြောင့် ထိုင်းပစ္စည်းအများအပြား ဝင်ရောက်မှု ရပ်တန့်စေပြီး ပြည်တွင်းရှိ ထိုင်းပစ္စည်း ရောင်းဝယ်သူများအနေဖြင့် ကုန်စျေးနှုန်း ထပ်မံမြင့်တက် လာမည်ကို စိုးရိမ်ကြောင်း ကုန်သည်များက ပြောသည်။

“အဖမ်းအဆီးတွေကြောင့် လမ်းကြောင်းပြောင်းသယ်ရင်လည်း သယ်ယူစရိတ် တွေကြောင့်နဲ့ စျေးတွေတော့ ထပ် တက်မှာပဲ။ အခြေအနေတွေက အလုပ်ကောင်းကောင်းတခါမှ မလုပ်ရဘူး။ ဟိုတလောက ဆီဒုက္ခ။ အခုကလည်း ဖမ်းပြန်ပြီး” ဟု ဖားအံမြို့ခံ ကုန်စည်ရောင်းချသူ တစ်ဦးက ပြောသည်။

Photo – Social Media

ထို့အပြင် ထိုင်းထုတ်ပစ္စည်းများကို အွန်လိုင်းပေါ်မှ ရောင်းချသူများအနေဖြင့် မှာယူထားသော ပစ္စည်းများ အချိန်မီ မရောက်ရှိမှုများကြောင့် ‌‌‌ ရောင်းသူနှင့် ဝယ်သူကြား အခက်ကြုံတွေ့နေရသလို ဝယ်သူများထံမှ ပစ္စည်းကြန့်ကြာ သည့် ကိစ္စကို နေ့စဥ်နှင့်အမျှ ရင်ဆိုင်ဖြေရှင်းနေသည်ဟု လုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။

“ရောင်းတဲသူနဲ့ ဝယ်တဲ့သူကတော့ နေ့တိုင်းလိုလို ဖြေရှင်းနေရတယ်။ တချို့ပစ္စည်းအတွက် ငွေကြိုယူတာရှိသလို မယူထားတာလည်း ရှိတယ်။ ပိုက်ဆံ ငွေကြိုရှင်းထားသူက ပစ္စည်းရောက်တာကြာတော့ လာပြီး ပြဿနာတက် တာရှိတယ်။ ပစ္စည်းရမှ ငွေချေတာကျတော့လည်း ကိုယ်ဘက် စိုက်ရတော့ ကိုယ့်ငွေ ဆုံးရှုံးပြီး မြုပ်နေတဲ့ချိန်မှာ ခု ပစ္စည်းတွေ ရောက်မရောက် မသေချာတော့ တချို့ကို ငွေပြန်အမ်းရတာတွေလည်း ရှိသေးတယ်” ဟု အွန်းလိုင်း ကုန်ပစ္စည်းရောင်းဝယ်နေသူ ဖားအံမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဥ် အစီးရေ ရာနှင့်ချီကို ပြည်နယ်စစ်ကောင်စီ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဖားအံမြို့ခံများက ပြောဆိုသည်။ ထို့အပြင် စစ်ကောင်စီအာဘော်သတင်းစာများ၌လည်း တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးသည့် သတင်းများကို မကြာခဏ ဖော်ပြထားသည်။

ဖားတွင် စစ်ကောင်စီ ဖမ်းဆီးထားသည့် ကုန်ကားများကို ပြည်နယ် သီရိကွင်း၌ ထားရှိပြီး ကားများပြန်လွှတ်ရန် အကောက်ခွန်ဌာနကို ငွေသိန်းရာချီပေးညှိနှိုင်းမှုများ လုပ်ဆောင်နေသည်ဟု ကုန်တင်ယာဉ်ပိုင်ရှင် အသိုင်းအဝိုင်း ၌ သတင်းထွက်ပေါ်နေသလို ကုန်ပစ္စည်းများကို တရားဝင်ဟုတ်မဟုတ် စစ်ဆေးနေသည်ဟုလည်း ကုန်တင်ယာဉ် မောင်းများထံမှ သိရသည်။