Home သတင်း ဖားအံတွင် ဖမ်းဆီးခံထားရသည့် လက်နက်ကိုင်အဖွဲ့နှင့် ပတ်သက်သော ကုန်တင်ယာဉ်များကို ငွေကြေးပေးပြီး ပြန်လွှတ်ပေး

ဖားအံတွင် ဖမ်းဆီးခံထားရသည့် လက်နက်ကိုင်အဖွဲ့နှင့် ပတ်သက်သော ကုန်တင်ယာဉ်များကို ငွေကြေးပေးပြီး ပြန်လွှတ်ပေး

726

မတ်လ ၂၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ဖမ်းဆီးခံထားရသော ကုန်တင်ယာဥ် အစီးရေ ၃၀၀ ကျော်ထဲတွင် စစ်တပ်နှင့် ဆက်စပ်နေသူများ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်သည့် ယာဉ်များအား ငွေကြေးပေးဆောင်ပြီး ပြန်လွှတ်ပေးခြင်းများရှိသည်ဟု ကုန်တင်ယာဥ်မောင်သူများထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ (၅) ရက်နေ့ ညပိုင်းမှ စတင်ကာ မြဝတီမှ ဖားအံသို့ ဆင်းလာသော တရားဝင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာခြင်း ဟုတ်မဟုတ် စစ်ဆေးရန်ဟုဆိုကာ အစီးရေရာနှင့်ချီသည့် ကုန်တင်ယာဥ်ကို ပြည်နယ်စစ်ကောင်စီ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖမ်းဆီးခံထားသည့် ကုန်တင်ယာဥ်များထဲမှ စာရွက်စာတမ်း ပြည့်စုံသည့် ကားများကို ဒဏ်ကြေးဆောင်ခိုင်းပြီး ပြန်လွှတ်ပေးခဲ့သလို နယ်ခြားစောင့်တပ်-BGF နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA နှင့် ဆက်စပ်သည့် ပစ္စည်းများကို ငွေပေးညှိနှိုင်း၍ ပြန်လွှတ်ပေးခဲ့သည်ဟု ကုန်တင်ယာဥ်များနှင့် နီးစပ်သူများထံမှ သိရသည်။

မြဝတီ-ဖားအံ ကုန်တင်ယာဥ်မောင်းသူတစ်ဦးက “ ထိုင်းပစ္စည်းတွေ တင်တဲ့ကားအများစုက အကုန် လုံးက အခွန်ကျူတီမဆောင်ကြတာများတယ်။ တချို့က လက်နက်ကိုင်အဖွဲ့ ဂိတ်တွေနဲ့ ညှိပြီး ပစ္စည်းတင်တဲ့ ကားတွေ ရှိတယ်။ အထောက်အထားမပြည့်စုံလို့ ဖမ်းပြတာပဲ။ စစ်တပ်တို့၊ အဖွဲ့တို့ ကားတွေက ငွေကြေးညှိနှိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်။ တရားဝင်‌တော့ ဖမ်းပြ၊ တရားမဝင်နဲ့နည်းဖြင့် ပြန်လွှတ်နေတာ” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင် ကုန်ကားများကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှု အခြေအနေ ပြန်လည် တည်ငြိမ် သွားသောကြောင့် ကုန်တင်ယာဉ်ကြီး ယာဉ်ငယ် တချို့ ပြန်လည်ပြေးဆွဲနေကြကြောင်း မြဝတီ-ဖားအံ ကုန်စည်ပို့ ဆောင်နေကုန်သည်တစ်ဦးက ယခုလို ပြောသည်။

၎င်းက “အဖမ်းအဆီးတွေတော့ ငြိမ်သွားတာ သတိထားမိသလောက် တစ်ပတ်ရှိပြီ။ ကားကြီးရော ၊ ကားသေးရော သွားတော့ သွားနေတာပဲ။ ခုတလော ဖမ်းနေတာတော့ မကြားတော့ဘူး။ သာမည လမ်းကြောဘက် စောင့်ဖမ်းနေတာတွေလည်း မရှိတော့ဘူး။ အဖမ်းအဆီး လုပ်ပြီးကတည်း အဲ့နား ရှောင်ကုန်လို့ ကားအသွားအလာတွေလည်း ရှင်းနေတယ်” ဟု ‌ပြောသည်။

ယခုလို တရားမဝင် ကုန်စည်များနှင့် လိုင်စင်မဲ့ယာဥ်များကို ဖမ်းဆီးနေမှုကြောင့် တချို့ ကုန်တင် ယာဥ်များ ပြေးဆွဲမှု ရပ်နားထားရဆဲ ရှိသလို ထိုအတွက်ကြောင့် ကုန်စည်စီးဆင်းမှုလည်း နှောင့်နှေးကြန့်ကြာမှုများ ကြုံတွေ့နေရသည်ဟု မြို့ခံကုန်သည်များထံမှ သိရသည်။

ဒေသတွင်း သတင်းဖော်ပြချက်အရ ဖားအံမြို့တွင်းတွင် ဖမ်းဆီးခံထားရသည့် ကုန်တင်ယာဥ် (၃၆၂) စီးထဲမှ အစီးရေ (၂၀၀) ကျော်ကို ပြန်လွှတ်ပေးခဲ့ပြီဖြစ်ပြီး လက်နက်ကိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်သည့် ကုန်တင်ယာဥ်မှာ (၇၂) စီးသာကျန်ရှိတော့သည်ဟု သိရှိရသည်။