Home သတင်း အတင်းအကြပ် စစ်သားစုဆောင်းခံရသူ စစ်ကောင်စီတပ်သား ၃ ဦး လက်နက်နှင့်တကွ KNLA ထံ ခိုလှုံ

အတင်းအကြပ် စစ်သားစုဆောင်းခံရသူ စစ်ကောင်စီတပ်သား ၃ ဦး လက်နက်နှင့်တကွ KNLA ထံ ခိုလှုံ

623
Photo: KNU

ဖေဖော်ဝါရီလ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)နယ်‌မြေ/ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း(၉)ထံသို့ အတင်းအကြပ် စစ်သားစုဆောင်းခံရသူ စစ်ကောင်စီ တပ်သား(၃)ဦး ယနေ့ လက်နက်နှင့်တကွ အလင်းဝင်ရောက်လာကြောင်း ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်ထားသည်။

စစ်ကောင်စီထံမှ အတင်းအကြပ် စစ်မှုထမ်းစေခိုင်းခံရသူ ခြေမြန်တပ်ရင်း ခမရ-၅၈၄ မှ တပ်ဖွဲ့ဝင် သုံးဦးသည် ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ၎င်းတို့ကိုင်ဆောင်‌ထားသော MA-3 (၂)လက်, MA-1 (၁)လက်, ကျည် ဘောက်(၁၁)ခု, ကျည်(၇၇၆) တောင့်နှင့် လက်ပစ်ဗုံး(၁)လုံးတို့ဖြင့် KNLA တပ်ရင်း(၉)ထံ ခိုလှုံလာသည်ဟု ဆိုသည်။

ခိုလှုံလာသည့် တပ်ဖွဲ့ဝင် သုံးဦးအား ကျောက်ကြီးမြို့နယ် ကေအဲန်ယူ တာဝန်ရှိသူများနှင့် KNLA တပ်ရင်း(၉) တာဝန်ရှိသူများမှ တပ်ဖွဲ့ဝင်(၁)ဦးလျှင် မြန်မာကျပ်ငွေ (၁၀)သိန်းစီ ပေးအပ်ကြောင်းလည်း ကေအဲန်ယူထုတ်ပြန်ချက်က ဖော်ပြထားသည်။

Photo: KNU

တပ်မဟာ(၃)နယ်မြေအတွင်း စစ်ကောင်စီနှင့်တော်လှန်ရေးတပ်ဖွဲ့များအကြား နှစ်ဖက်တိုက်ပွဲများအပြင် ယခု ၂၀၂၅ ခုနှစ်အတွင်း စခန်းသိမ်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ်ဖြစ်ပွားလာချိန်တွင် စစ်ကောင်စီဘက်ကလည်း အင်အား လျော့နည်းလာမှုကြောင့် ပဋိပက္ခနယ်မြေ ရှေ့တန်းစစ်မျက်နှာထိ စစ်မှုထမ်းစေမှုမှရရှိလာသူများအား စေလွှတ် ခိုင်းစေလျက်ရှိသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များက ဆိုသည်။

ထို့ကြောင့် စစ်တပ်ကိုစွန့်ခွာထွက်ပြေးလာသည့် ဖြစ်စဉ်များလည်း မကြာခဏဖြစ်ပေါ်လာသလို ကေအဲန်ယူဘက် ကလည်း စစ်ကောင်စီလက်အောက်မနေလိုသော၊ စစ်ကောင်စီ၏လုပ်ရပ်ကိုဆန့်ကျင်သော မည်သည့် တပ်ဖွဲ့ဝင်မဆို ၎င်းတို့လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များထံ လာရောက်ခိုလှုံရန် ကေအဲန်ယူက ဖိတ်‌ခေါ်ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း အဆိုပါ စစ်ကောင်စီတပ်ရင်း ခမရ-၅၈၄ မှ တပ်ဖွဲ့ဝင် (၄)ဦး၊ KNLA တပ်ရင်း(၉)ထံ လက်နက်နှင့်တကွ လာရောက်ခိုလှုံခဲ့ပြီး ကေအဲန်ယူဘက်ကလည်း ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ခဲ့သည်ဟု ကျောက်ကြီးမြို့နယ် တာဝန်ရှိသူက ဆိုထားသည်။