Home သတင်း ဖမ်းထားသည့် ကျားဖြန့်လုပ်ငန်း ခေါင်းဆောင်ပိုင်းများကို သီးသန့်လွှဲပို့သွားမည်ဟု ဗိုလ်မှူးကြီး စောချစ်သူပြော

ဖမ်းထားသည့် ကျားဖြန့်လုပ်ငန်း ခေါင်းဆောင်ပိုင်းများကို သီးသန့်လွှဲပို့သွားမည်ဟု ဗိုလ်မှူးကြီး စောချစ်သူပြော

830
Photo: CJ

ဖေဖော်ဝါရီ ၁၇ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF က ၎င်းတို့နယ်မြေအတွင်း လူမှောင်ခိုနှင့် ကျားဖြန့် အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်း နှိမ်နှင်းရေးလုပ်ငန်းစဉ်တွင် ဖမ်းမိထားသည့် ကျားဖြန့်လုပ်ငန်း ခေါင်းဆောင်ပိုင်းကို သီးသန့် လွှဲပို့သွားရန် စီစဉ်ထားသည်ဟု BGF ခေါင်းဆောင်ဗိုလ်မှူးကြီး စောချစ်သူက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် မြဝတီမြို့ အမှတ် ၄ ရပ်ကွက်ရှိ၊ အောင်ဇဗ္ဗူလင်း ဟော်တယ်ရှိခမ်းမ၌ ပြုလုပ်သည့် ထိုင်း-မြန်မာ နယ်စပ်ရှိ မီဒီယာများနှင့် သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ခေါင်းဆောင်ပိုင်းမှာ ဖမ်းမိထားတာ ၇ ယောက်၊ ၈ ယောက်ရှိပြီး။ ခုနကလည်း ဒုဝန်ကြီးကို ပြောထားပါတယ်။ သူတို့ကိုတော့ ဒီအတိုင်းအခုလွှဲသလိုမျိုးမလွှဲဘူး။ သေသေချာချာ တာဝန်ရှိသူတွေကို လွှဲသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ထို့အပြင် BGF ထိန်းချုပ်နယ်မြေထဲ၌ လူမှောင်ခိုနှင့် အွန်လိုင်းငွေလိမ်ကျားဖြန့် လုပ်ငန်းများကို အမြစ်ပြတ်သည်ထိ တိုက်ဖျက်သွားမည်ဟုလည်း ဗိုလ်မှူးကြီးစောချစ်သူက ဆက်ပြောသည်။

Photo: CJ

ယနေ့ ထိုင်းနိုင်ငံမှ တစ်ဆင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး လျှို ကျုံးရီ၊ မြန်မာစစ်ကောင်စီ ပြည်ထဲရေး ဒုဝန်ကြီးဗိုလ်ချုပ်အောင်ကျော်နှင့် ထိုင်းအမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာန အထွေထွေအတွင်းရေးမှူးတို့ မြဝတီရှိ ကျားဖြန့်လုပ်ငန်းခွင့်မှ ပြန်ပို့မည့် သူများကို သွားရောက်တွေ့ဆုံခဲ့ပြီး BGF ခေါင်းဆောင်တချို့နှင့်လည်း တွေ့ဆုံမှု ပြုလုပ်ခဲ့သည်။

ထို့အပြင် ထိုင်းနိုင်ငံအတိုက်အခံပါတီ အမတ်များက ၎င်းအား ဖမ်းဝရမ်း ထုတ်ရန်ပြောဆိုနေမှုအပေါ် ၎င်းအနေဖြင့် နားမလည်နိုင်ကြောင်း ယနေ့သတင်းစာရှင်းပွဲ၌ ဗိုလ်မှူးကြီးစောချစ်သူက ပြောဆိုခဲ့သေးသည်။

“ထိုင်းနိုင်ငံကို ကျနော် ဘာများ ပြစ်မှုကျူးလွန်တာရှိလဲ။ ထိုင်းနိုင်ငံကို ကျနော်ဘာများ ပုန်ကန်တာရှိလို့လဲဆိုတာ မေးချင်တယ်။ ၁၉၉၄ ခုနှစ်ကတည်းက ဒီနယ်စပ်မှာ နေလာတာ။ ထိုင်းနဲ့ မြန်မာ ဆိုတာ မြစ်တစ်ခုပဲခြားတယ်။ ညီအစ်ကိုတွေလို နေလာတာပါ” ဟု ၎င်းက ပြောသည်။

လက်ရှိ BGF အနေဖြင့် ၎င်းတို့နယ်မြေအတွင်း ကျားဖြန့်လုပ်ငန်းနှင့် လူမှောင်ခိုလုပ်ငန်းများကို အမြစ်ပြတ် တိုက်ဖျက်သွားမည်ဖြစ်ကာ ကျားဖြန့်လုပ်ငန်းနှင့် ပတ်သက်သည့် ပစ္စည်းများကိုလည်း မီးရှို့ဖျက်ဆီးသွားမည်ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုထားသည်။ ၎င်းအပြင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသူ နိုင်ငံစုံမှ လူ ၁,၀၀၀ ကျော်ခန့်ကို ဆိုင်ရာ နိုင်ငံများသို့ ချိတ်ဆက်ပြန်ပို့သွားမည်ဖြစ်ကြောင်းလည်း BGF က ပြောဆိုထားသည်။

Photo: CJ