Home သတင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ဘီးလင်းဒေသခံ ၅ ဦး ဒဏ်ရာရပြီး နေအိမ် ၉လုံး ထိခိုက်ပျက်စီးခဲ့

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ဘီးလင်းဒေသခံ ၅ ဦး ဒဏ်ရာရပြီး နေအိမ် ၉လုံး ထိခိုက်ပျက်စီးခဲ့

598
Photo- KNU

ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးသထူ(သထုံ)ခရိုင်/တပ်မဟာ (၁)၊ ဘီးလင်းမြို့နယ်ရှိ ကော်ဟဲကျေးရွာသို့ စစ်ကောင်စီ၏ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၅ ဦး ဒဏ်ရာရပြီး နေအိမ် ၉ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ယမန်နေ့ (ဖေဖော်ဝါရီလ ၁၆ ရက်)တွင် ကေအဲန်ယူ ဗဟိုက သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ (၁၅) ရက်နေ့ ည (၁၁) နာရီခွဲအချိန်တွင် စစ်ကောင်စီက အရပ်သားပြည်သူများနေထိုင်သည့် ကော်ဟဲ‌ကျေးရွာအုပ်စုနှင့် အနီးအနားဝန်းကျင် ကျေးရွာများသို့ လေယာဥ်နှင့် ဗုံးသီး (၂) လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မဟာ (၁)/ဒူးသထူခရိုင် တပ်မဟာမှူး ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေးက “အဲဒီညက ကမမောင်းမြို့ရဲ့ အနီးမှာ ရှိတဲ့ ကျားရာခီး၊ လေးခေါ့ထေ၊ ဖားဘောင် ရွာတွေကိုလည်း ပစ်ချတယ်။ ပြီးတော့ ကောဟဲရွာဘက်ကို နှစ်လုံး လာပစ်တယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စစ်ကောင်စီ၏ ဗုံးသီး ကျရောက်ပေါက်ကွဲမှုကြောင့် ကော်ဟဲကျေးရွာနေ ဒေသခံပြည်သူ (၅) ဦး ဗုံးသီး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး (၂) ဦးမှာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု ထုတ်ပြန်ချက်က အရ သိရသည်။

Photo- KNU

ထို့အပြင် ၎င်းတိုက်ခိုက်မှုကြောင့် ကော်ဟဲကျေးရွာရှိ နေအိမ် (၉) လုံး ထိခိုက်ပျက်စီးခဲ့သလို အရပ်သားပြည်သူပိုင် ပစ္စည်းတချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ရက်မှစ၍ KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ ဖားအံမြို့နယ်၏ သံလွင်မြစ် တစ်ဖက်ကမ်းရှိ ကျေးရွာများသို့ စစ်ကောင်စီအနေဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လက်နက်ကြီး ပစ်ခတ်ခြင်းများ၊ လေကြောင်းတိုက်ခိုက်ခြင်းများ မကြာခဏ လုပ်ဆောင်လာသည်ဟု ဒေသတွင်းအရင်းအမြစ်များထံမှ သိရသည်။

“အရင်သုံးရက်တုန်းက သူတို့ လက်နက်ကြီးတွေ လာပစ်ချတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း သူတို့ကို လှမ်းပစ်တယ်။ ကမမောင်းဘက်ကလည်း လှမ်းပစ်ကြတာ ရှိတယ်။ ပတ်ချာလည်ကို ပစ်တာပါပဲ။” ဟု ဖားအံမြို့နယ်အတွင်း နေထိုင်သသည့် ဒေသခံတစ်ဦးက ပြောသည်။

ယခုလအတွင်း KNU တပ်မဟာ ၁ ထိန်းချုပ်နယ်မြေဖြစ်သော ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်တွင်လည်း စစ် ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လာလျက်ရှိသည်။ ထိုသို့ တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုရှိခဲ့သလို ဘာသာရေးအဆောက်အဦးနှင့် နေအိမ် အများအပြား ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ဒေသတွင်းသတင်းဖော်ပြချက်အရ သိရသည်။