Home သတင်း မြဝတီမြို့တွင် လောင်စာဆီစုဆောင်းရောင်းဝယ်မှုကတဆင့် မီးဘေးအန္တရာယ် စိုးရိမ်နေရ

မြဝတီမြို့တွင် လောင်စာဆီစုဆောင်းရောင်းဝယ်မှုကတဆင့် မီးဘေးအန္တရာယ် စိုးရိမ်နေရ

981
Photo: CJ

ဖေဖော်ဝါရီ ၁၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ နယ်စပ်မြို့တစ်မြို့ဖြစ်သော မြဝတီမြို့တွင် လောင်စာဆီမှောင်ခိုဈေး ကွက်ဖြစ် ပေါ်နေပြီး ရပ်ကွက်နေထိုင်သူအချိူ့က လောင်စာဆီစုဆောင်းရောင်းဝယ်သည့် အလုပ်ကို နေအိမ် များတွင် လုပ်ကိုင်နေသည့်အတွက် မီးဘေးအန္တရာယ် စိုးရိမ်မှုမြင့်တက်နေကြောင်း မြို့များက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့ကစတင်ကာ ထိုင်းနိုင်ငံဘက်မှ လောင်စာဆီတင်သွင်းခွင့် ရပ်ဆိုင်းထားပြီးနောက် ယခုလို ရပ်ကွက်နေပြည်သူများ လောစာဆီ ဝယ်ယူစု ဆောင်းများလုပ်ဆောင်နေကြခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

၎င်းက “ရပ်ကွက်ထဲ ကားဆွဲစားတဲ့ သူတွေက ကားမဆွဲတော့ဘူး။ မဲဆောက်ဘက်ကူးတယ်၊ ဆီ ဝယ် တယ်၊ အိမ်မှာ ပုံးဝါနဲ့ ပြန်ထည့်တယ်။ စုထားပြီးလိုင်းပေါ်ပုံတင် ရောင်းတယ်။ တစ်ပုံးဘတ် ၂၃၀၀ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌နဲ့ ပြန်ရောင်းတယ်။ အိမ်ထဲမှာတင် ဆီပုံးဝါ ပုံး၂၀ လောက် ရှိနေတယ်။ အဲ့လိုအိမ်တွေ တစ်ရပ်ကွက်လုံး ပေါင်းရင်မနည်းဘူးလေ။ မီးပေါ့ဆလို့ လောင်ပြီဆိုရင်တာ့ ကုန်ပြီပဲ တစ်ရပ်ကွက်လုံး။ အခုက ဘယ်သူမှ ပြောတာ ဖမ်းတာ၊ သတိပေး တာမရှိဘူး။ ” ဟု ပြောသည်။

လတ်တလော လောင်စာဆီဝယ်ယူပြီး တဆင့်ပြန်လည်စုဆောင်း ရောင်းချသည့်အလုပ်မှာ မြဝတီမြို့ တွင် ‌တွင်ကျယ်နေပြီး တစ်ပိုင်တစ်နိုင် လုပ်ငန်းအဖြစ် လုပ်ကိုင်နေကြသည်ဟု မြို့ခံများက ပြောသည်.။

Photo: CJ

၎င်းအပြင် ကရင်လက်နက်ကိုင်အဖွဲ့ အစည်းဝင်အချို့ကလည်း ဖားအံ၊ မော်လမြိုင်မြို့များဘက်မှ ဆီ ပေပါ လိုက်ဝယ်ယူပြီး မြဝတီမြို့တွင် ပြန်လည်ရောင်းချနေသည့်အပြင် တရုတ်လောင်းကစားရုံ လုပ်ငန်းများအတွက် ယာဉ်တန်းဖြင့်လောင်စာဆီ ‌‌‌‌‌‌‌‌‌ဝယ်ယူသယ်ဆောင်ခွင့်ရရှိနေကြောင်း မြဝတီ မြို့ ဖွံ့ဖြိုးရေးကော်မတီတာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက“ အခုမှောင်ခို လုပ်ကြတာ မြို့ကအရပ်သားရော၊ အဖွဲ့အစည်းတွေရော အလုပ်ဖြစ်နေကြတယ်။ ဗူးနဲ့ တန်းစီဝယ်ပြီး တစ်ဆင့် ပြန်သွင်းတယ်။ ထိုင်းဆီ ကမ်းကူးဝယ်ပြီး ဆီစုရောင်းတယ်။ အဖွဲ့ အစည်း တွေကျတော့ မော်လမြိုင်နဲ့ ဖားအံဆင်းပြီး ယာဉ်တန်းနဲ့ ပြန်တက်လာတယ်။ အဖမ်းအဆီးမရှိ တရုတ် ဆိုဒ်တွေကိုဆီသွင်းတယ်။ အကုန်အလုပ်ဖြစ်နေကြတယ်။ ”ဟု ပြောသည်။

ထိုသို့ လောင်စာဆီ သိုလှောင်ရောင်းချနေကြသည့် အခြေအနေအပေါ် စစ်ကောင်စီ မြဝတီမြို့ အုပ်ချုပ် ရေးတာဝန်ရှိသူများမှ အရေးယူမှုမရှိသလို မီးဘေးအန္တရယ် ကြိုတင်သတိပေးမှုလည်း မရှိကြောင်း မြို့ခံများက ပြောသည်။

လတ်တလောတွင် မြဝတီမြို့ရှိ စစ်ကောင်စီ ဌာနဆိုင်ရာရုံးများ နှင့် မြဝတီဆေးရုံ၊ အောက်ဆီဂျင်စက်ရုံ မီးပြတ်တောက်နေသည့်အတွက် ဒေသခံပြည်သူများ ကျန်းမာရေးကိစ္စတွင် ပိုမိုခက်ခဲလာနေကြောင်း သိရှိရသည်။