Home သတင်း ထားဝယ်ရေနက်ဆိပ်ကမ်း ဧရိယာ၌ စစ်ရှောင် ၃၇,၃၀၀ ဦးထိရှိလာ

ထားဝယ်ရေနက်ဆိပ်ကမ်း ဧရိယာ၌ စစ်ရှောင် ၃၇,၃၀၀ ဦးထိရှိလာ

609
Photo: KNU

ဖေဖော်ဝါရီ ၁၈ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်ရေနက်ဆိပ်ကမ်းဧရိယာတွင် လတ်တလော စစ်ရှောင် ၃၇,၃၀၀ ဦးထိ ရှိလာပြီဟု ဒေသတွင်း သုတေသန အဖွဲ့တစ်ခု ဖြစ်သည့် FE 5Tanintharyi ၏ ဇန်နဝါရီလအစီရင်ခံစာ၌ ဖော်ပြထားသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း ဧရိယာအတွင်း နယ်မြေရှင်းလင်းရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်း ထိုးဝင်ရောက်လာသဖြင့် တော်လှန်ရေးတပ်ဖွဲ့နှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေ၍ ယခုလို စစ်ရှောင်ဦးရေ တိုးများလာခြင်းဖြစ်သည်ဟု အဆိုပါ အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် မြိတ်ခရိုင်အတွင်းရှိ ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ်၊ မြိတ်မြို့နယ်နှင့် ကျွန်းစု မြို့နယ်များတွင်လည်း နှစ်ဖက်တိုက်ပွဲများနှင့် လေကြောင်းပစ်ခတ်မှုများကြောင့်လည်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူဦးရေ ၃၉,၉၀၀ အထိရှိနေပြီး တောတောင်၊ ခြံ၊ ရွာ၊ မြို့ပေါ်ရှိနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု အဆိုပါ သုတေသန အဖွဲ့၏ ဇန်နဝါရီလ အစီရင်ခံစာ၌ ဖော်ပြထားသည်။

“အခုထိတော့ နေရပ်မပြန်နိုင်သေးဘူး။ လမ်းတွေကို စစ်တပ်တွေကဂိတ်ချပြီး ပိတ်ထားတော့ တောထဲမှာပဲ အဆင်ပြေသလို နေကြရတယ်။ ပြီးတော့ အမေရိကန် USAID ကလည်း ရပ်ထားတယ်ဆိုတော့ စစ်ဘေးရှောင် တွေအတွက် ပိုပြီးခက်ခဲသွားတယ်လို့ မြင်တယ်။ ဒါပေမဲ့လည်း အဲ့ဒီကနေမဟုတ်ဘဲ အရင်ကတည်းက ပြည်သူ တွေအကူအညီနဲ့ ရပ်တည်ထားရတာဆိုတော့ ပိုပြီးခက်ခဲကြပ်တည်းလာပါတယ်” ဟု စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

ထို့ကြောင့် လက်ရှိတွင် တနင်္သာရီ တိုင်းဒေသကြီးအတွင်း စစ်ရှောင်ဦး‌ရေ စုစုပေါင်း ၇၇,၂၀၀ ဦးကျော်ရှိလာပြီး ဖြစ်သည်ဟု FE5 Tanintharyi က ပြုစုထားသည့် မှတ်တမ်းများအရ သိရသည်။

၎င်းအပြင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း တနင်္သာရီတိုင်းတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု ၅၈ ကြိမ်၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ၂၇ ကြိမ် နှင့်ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၄ ကြိမ်ထိ စစ်ကောင်စီက လုပ်ဆောင်ခဲ့သည်ဟု အဆိုပါ အစီရင်ခံစာ၌ ဖော်ပြထားသည်။