Home သတင်း ဘီးလင်းမြို့နယ်ရှိ တာအုနီ (ဒေါင်းဇံကြီး)ဘုန်းကြီးကျောင်းဝင်းအတွင်း ကာမီကာဇီဒရုန်း ၅ လုံး တိုက်ခိုက်ခံရ

ဘီးလင်းမြို့နယ်ရှိ တာအုနီ (ဒေါင်းဇံကြီး)ဘုန်းကြီးကျောင်းဝင်းအတွင်း ကာမီကာဇီဒရုန်း ၅ လုံး တိုက်ခိုက်ခံရ

787
Photo: CJ

ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ယနေ့ ဇန်နဝါရီလ ၃၁ရက်နေ့ တွင် ကျရောက်သည့် ၇၆ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ဒူးသထူးခရိုင်/တပ်မဟာ(၁)ဘီးလင်း မြို့နယ် တာအုခီးကျေးရွာအုပ်စု တာအုနီ(ဒေါင်းဇံကြီး)ကျေးရွာဘုန်းကြီးကျောင်းဝင်းအတွင်း ကာမီကာဇီ အသေခံ ဒရုန်း ၅ လုံးဖြင့် တိုက်ခိုက်ခံရသည်ဟု သိရသည်။

အဆိုပါ အသေခံဒရုန်းများသည် ကမမောင်းစစ်ကောင်စီတပ်မှ လွှတ်တင်ခြင်းဖြစ်ကာ နံနက် ၆ နာရီ ၅၈ မိနစ်ဝန်းကျင်တွင် တာအုနီ(ဒေါင်းဇံကြီး)ဘုန်းကြီးကျောင်းဝင်းထဲကို လာရောက်ပစ်ခတ်ခြင်းဖြစ် ကြောင်း ဒူးသထူခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က ယခုလို ပြောသည်။

“ဒီနေ့က ကရင်တော်လှန်ရေးနေ့ဖြစ်တယ်။ တာအုနီရွာမှာ ဘာမှအခမ်းအနားမှ ကျင်းပတာမရှိဘူး။ တော်လှန်ရေးတပ်ဖွဲ့ သွားစုဝေးနေဖို့လည်း ဘာအကြောင်းမှမရှိဘူး။ ဘယ်လိုရည်ရွယ်ချက်နဲ့ လာပစ်တာလဲတော့မသိဘူး။ လူထုတွေ စိုးရိမ်ပြီးနေရတာပေါ့”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

Photo: CJ

ထို့သို့ လာရောက်ပစ်ခတ်သည့် ဒရုန်း ၅ လုံးတွင် ဒေါင်းဇံကြီးဘုန်းကြီးကျောင်းဝင်းထဲတွင် ၁ လုံး ၊ ကျေးရွာအပြင်ဘက်တွင် ၄ လုံး ကျရောက်ပြီး ၃ လုံးသာ ပေါက်ကွဲသွားကြောင်း ကေအဲန်ယူ ဒူးသထူးခရိုင်ထံမှ သိရသည်။

ကျေးရွာထဲသို့ ဒရုန်းတိုက်ခိုက်ခံရသည့်နေရာတွင် ဒေသခံလူထုများ ထိခိုက်မှုမရှိသော်လည်း စိုးရိမ်ကြောင့်လန့်နေကြပြီး အချို့မှာအိမ်ဝင်းရှိ တူးထားသည့် ကျင်းပုန်းထဲတွင် သွားရောက်တိမ်းရှောင်နေကြရကြောင်း သိရသည်။

ယနေ့ နံနက် ၇နာရီ အချိန်တွင်လည်း ကေအဲန်ယူ တပ်မဟာ(၇) ဗဟိုဌာနချုပ်နယ်မြေ ကလို့ယော်လေး ကွင်းပြင်အနီးတွင် အလားတူ အသေခံ ဒရုန်း၂ လုံးတိုက်ခိုက်မှုဖြစ်ပွားကာ အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။