ဖေဖော်ဝါရီလ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ဖားအံမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များတွင် ယခု ရက်ပိုင်းအတွင်း ဆီပြတ်လပ်မှုကြောင့် စက်သုံးဆီကို စျေးအဆမတန်ပေး ဝယ်ယူနေရသည့်အပြင် အကန့်အသတ်ဖြင့်သာ ရရှိသည့်အခြေအနေဖြစ်ကြောင်း ဖားအံမြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၅) ရက်မှ စ၍ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ဘက်ကို သွယ်တန်းပို့ လွှတ်ရောင်းချနေသည့် ထိုင်းလျှပ်စစ်မီးနှင့် စက်သုံးဆီများကို ထိုင်းအာဏာပိုင်များဘက်က ဖြတ်တောက်လိုက်သည့် ဖြစ်စဥ်ကြောင့် ပြည်တွင်း လောင်စာဆီ စီးဆင်းမှုပါ ခက်ခဲလာသည့်အပြင် စက်သုံးဆီစျေးနှုန်းများလည်း အဆမတန် မြင့်တက်ကုန်သည်။
ဖားအံမြို့ပေါ်တွင် စက်သုံးဆီများကို အကန့်အသတ်ဖြင့်သာ ဝယ်ယူရရှိတော့ပြီး ပြင်ပဆိုင်ရောင်း ချသူတချို့၏ စိတ်ကြိုက် စျေးနှုန်းသတ်မှတ်မှုအတွင်း စက်သုံးဆီ တစ်လီတာလျှင် ကျပ်သောင်းဂဏန်းအထိ ပေါက်ဈေးဖြစ်သွားကြောင်း မြို့ခံအချို့၏ ပြောပြချက်အရ သိရသည်။
ဖားအံ – မြဝတီ ကုန်တင်ယာဥ်မောင်းတစ်ဦးက “ဖားအံမှာလည်း ဆီတွေက ဝယ်ရခက်တဲ့အပြင် ဒီနေ့ဆို ဆီပါပြတ်နေပြီ။ မနေ့ကထိ မြဝတီတက်မယ့် ကားတွေကို သူတို့အပြည့် ထည့်ပေးတယ်။ ဒီနေ့မှပဲ တစ်ဦးကို ငါးဂါလံပဲ ရတော့ ကိုယ့်ကားနဲ့က ဘယ်လိုမှ မလောက်ဘူးလေ။ မြဝတီကို အတက်အဆင်းက ဆယ်ဂါလံမှ လောက်တာ။ ရွာကားတွေက ရပေမယ့် မြဝတီထိ တက်မယ့်ကားတွေတော့ ဘယ်ရမလဲ။ ဆီမရတော့ ကားပြန်တက်ဖို့က မသေချာတော့ဘူး။” ဟု ယမန်နေ့က ကေအိုင်စီသို့ ပြောသည်။
ထိုအခြေအနေတွင် စက်သုံးဆီဆိုင်ကြီးများကို (၅)ရက်ဆက် ပိတ်ထားမည်ဖြစ်ကြောင်း ကောလာဟလများထွက်ပေါ်နေသလို စက်သုံးဆီလုံလုံလောက်လောက်မရသဖြင့် ခရီးသွား၊ ကုန်သွယ်သွားလာရေးလုပ်ငန်းများ အခက်အခဲများဖြစ်ပေါ်နေရသည်ဟု သိရသည်။
ယင်းအပြင် လက်ရှိ၌ အကန့်အသတ်ဖြင့်ပေးသော စက်သုံးဆီရရှိရေးအတွက် ဈေးအဆမ တန်မြင့်သည့်ကြားမှ ဆီဆိုင်များတွင် အချိန်ကြာ မြင့်စွာ တန်းစီစောင့်ဆိုင်းဝယ်ယူနေရကြောင်းလည်း ဖော်ပြပါယာဥ်မောင်းက ဖြည့်စွက် ပြောသည်။
စက်သုံးဆီအရေး အခက်ကြုံနေရသည့် အချိန် ဖားအံ-လှိုင်းဘွဲလမ်းရှိ မြို့အဝင်အထွက် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင်မူ ဖြတ်သန်းသွားလာနေသော ယာဥ်များကို တားဆီးစစ်ဆေးကာ စက်သုံးဆီပုံး လိုက်သယ်ဆောင်လာသည့် မော်တော်ယာဥ်များကို ဖမ်းဆီးသိမ်းဆည်းမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများက ဆိုသည်။
“မြို့အထွက် ဂိတ်နှစ်ခုမှာ လာတဲ့ အိမ်စီးကားတွေ ခရီးသည်တင်ကားတွေ ကုန်တင်ယာဉ်တွေကို အကုန် ရပ်ခိုင်းတယ်။ အဓိက ကားပေါ် စက်သုံးဆီပုံး ပါမပါ စစ်တာ။ ပါလာရင် ကားထဲ အကုန်ဖြည့် ထည့်ခိုင်းတယ်။ ကားထဲမှာဆီအပြည့်ပဲ၊ ထပ်ထည့်လို့မရတော့ဘူးဆိုရင် ပါလာတဲ့ ဆီပုံးကို သူတို့ သိမ်းလိုက်တယ်။ လုံးဝ ပေးမသယ်ဘူး” ဟု ကိုယ်တိုင်ကြုံတွေ့ရသည့် ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီက အရပ်သားများ စီးနှင်းလာသော ယာဥ်ပေါ်ပါ စက်သုံးဆီပုံးများကို ဖမ်းဆီးသိမ်းဆည်း မှုရှိသော်လည်း အခြားလက်နက်ကိုင် အဖွဲ့အစည်းများ တင်ဆောင်လာသည့် စက်သုံးဆီများကို ဖမ်းဆီးသိမ်းဆည်းမှုမရှိဘဲ သယ်ယူခွင့်ပြုထားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။
အလားတူ ဖားအံမြို့အပါအဝင် မြဝတီနှင့်ရွှေကုက္ကိုတွင်လည်း ပြည်တွင်းရော နယ်စပ်ဘက်ကပါ လောင်စာဆီသွင်းယူခွင့်မရှိတော့သောကြောင့် ရှိနေသည့်ဆီဆိုင်များမှ လောင်စာဆီကို တန်းစီစနစ်ဖြင့် အကန့်အသတ်ဖြင့်သာ ဝယ်ယူနေရပြီး ဆီလုံလောက်မှုမရှိသဖြင့် သွားလာရေးအခက် ဆက်လက်ကြုံတွေ့နေရသည်။



















