Home သတင်း ကျုံဒိုး၊ ကော့ကရိတ် လမ်းပိုင်းတစ်လျှောက် စိုးမိုးနိုင်ရေး စစ်ကောင်စီ အရှိန်မြှင့်လုပ်ဆောင်နေ

ကျုံဒိုး၊ ကော့ကရိတ် လမ်းပိုင်းတစ်လျှောက် စိုးမိုးနိုင်ရေး စစ်ကောင်စီ အရှိန်မြှင့်လုပ်ဆောင်နေ

539
Photo ( ကော်ဘရာစစ်ကြောင်းနှင့် ကျားဖြူစစ်ကြောင်း)

ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကျုံဒိုး၊ ကော့ကရိတ်လမ်းပိုင်း တစ်လျှောက်ကို နယ်မြေစိုးမိုးနိုင်ရေး စစ်ကောင်စီနှင့် ပူးပေါင်းတပ်ဖွဲ့တို့က စစ်ရေးအရှိန်မြင့်လုပ်ဆောင်လျက်ရှိသည်ဟု စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်ထံမှ သိရသည်။

ကော့ကရိတ်၊ ကျုံဒိုး ၊ ဂျိုင်းတံတားသစ်နေရာအထိ စစ်ကောင်စီတပ်၊ ကရင်နယ်ခြားစောင့်တပ်-BGF၊ ကြာအင်းဆရာတော် လက်အောက်ခံ DKBA ဗိုလ်ဘိတပ်ဖွဲ့များမှ နယ်မြေ ရှင်းလင်းရေးအရှိန်မြှင့် လုပ်ဆောင်နေပြီး လမ်းပိုင်းအနီးဝန်းကျင်ကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးမှုများ နေ့စဉ်လုပ် ဆောင်နေကြောင်း တော်လှန်ရေးသတင်းအရင်းအမြစ်တစ်ခုက ပြောသည်။

၎င်းက “ဒီတစ်ပတ်ထဲမှာ ကော့ကရိတ်၊ ကျုံဒိုး ဂွင်ထဲမှာ တိုက်ပွဲက ဆက်တိုက်ဖြစ်တယ်။ စစ်တပ်က BGF၊ DKBA နဲ့ ပေါင်းပြီး စစ်ကြောင်းထိုးတယ်၊ ရွာတွေ မီးရှို့တယ်၊ လှိုင်ကွယ်၊ ရန်ကုတ်၊ တတန်ကူး၊ ရွာသစ်ကုန်း အိမ်တွေ တော်တော်မီးလောင်နေတုန်းပဲ။ အခု နဘူးလမ်းပိုင်းက ရင်ခွဲတောင်လမ်း၊ ၅ တိုင်၊ ၆တိုင် ၊ ၇ တိုင်၊ ချောင်းဖျား ဘက်တွေ အကုန်လုံး သူတို့ ပူးပေါင်းအဖွဲ့တွေ တပ်ဖြန့်ပြီး စိုးမိုးထားတယ်” ဟု ယမန်နေ့ ညက ပြောသည်။

လက်ရှိ ဖေဖော်ဝါရီလအတွင်း ကော့ကရိတ်အာရှလမ်းသစ်၊ ဒေါနတောင် လမ်းဟောင်းနေရာများဘက်သို့ စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးတပ်များနေ့စဉ် လက်နက်ကြီး၊ ဒရုန်း၊ မြေပြင် စစ်ကြောင်းများ ဖြင့် တိုက်ခိုက်မှုဆက်ရှိနေဆဲဖြစ်သည်။

Photo ( ကော်ဘရာစစ်ကြောင်းနှင့် ကျားဖြူစစ်ကြောင်း)

သို့သော် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်များအား ကျော်လွန်တိုက် ခိုက်နိုင်မှုမရှိဘဲ စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းပို့ဆောင်လာသည့် တပ်သားသစ်များ ထိခိုက်သေဆုံးမှုများ ရှိသလို KNLA မဟာမိတ်တပ်များဘက်သို့ အလင်းဝင်ရောက်မှုများ ဆက်တိုက် ရှိနေကြောင်း တော်လှန်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကော့ကရိတ်-မြဝတီ အာရှလမ်းမသစ်နေရာရှိ တော်လှန်ရေးသတင်းအရင်းအမြစ်က “စစ်တပ်က စစ်သားသစ်တွေ တောင်ပါ်ကို တက်ခိုင်းနေတာပေါ့၊ နေ့တိုင်း ရောက်တဲ့နေရာ မြေခွေးကျင်းတူးပြီး ခြေကုပ်ယူထားခိုင်းလိုက်၊ ဒရုန်းကချ၊ လက်နက်ကြီးကူပေးပြီးရင် ရှေ့ထပ်တိုးတက် ခိုင်းပေါ။ အဲ့လို ပုံစံနဲ့ စစ်ကြောင်းတက်တိုက်တယ်။ သူတို့ကို ကော့ကရိတ် ရွှေကြက်မင်း‌‌ဘုန်းကြီးကျောင်းကနေ ရိက္ခာနဲ့ရေ မပို့နိုင်ဘူး၊ အလင်းဝင်တဲ့ စစ်သား ကလေးတွေက စစ်သားသစ်စုပြီး ရှေ့တန်းပို့ခံ ရတဲ့ကလေး တွေ များတယ် ” ဟု ပြောသည်။

လတ်တလော ကရင်ပြည်နယ် ၊ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး ၊ ဖားအံလမ်းပိုင်း တစ်လျှောက် စစ်ကောင်စီတပ်နှင့် ပူးပေါင်းစစ်ရေး လှုပ်ရှားသည် BGF ၊ DKBA တပ်ဖွဲ့များ စစ်ရေးစိုးမိုးမှုရရှိရေး အင်အားရာချီ အသုံးပြု တပ်ဖြန့်လုပ် ဆောင်နေ၍ KNLA မဟာမိတ် PDF ပူးပေါင်း စစ်ကြောင်းများက နေ့စဉ်ကြားဖြတ်တိုက်ခိုက်မှု ဆက်ရှိနေကြာင်း သိရသည်။