Home သတင်း မြဝတီတွင် သောက်သုံးရေ အခက်ကြုံတွေ့နေ

မြဝတီတွင် သောက်သုံးရေ အခက်ကြုံတွေ့နေ

692

ဖေဖော်ဝါရီ ၁၄ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ နယ်စပ်မြို့ မြဝတီသို့ လျှပ်စစ်နှင့် လောင်စာဆီ ဖြတ်တောက်ခံထားရပြီးနောက် သောက်သုံးရေ မလုံလောက်သည့် အခြေအနေမျိုး စတင်ကြုံတွေ့နေရသည်ဟု မြို့ခံများက ပြောသည်။

အွန်လိုင်း ငွေလိမ်လုပ်ငန်းနှင့် လူမှောင်ခိုမှုများကို တားဆီးရန် ထိုင်းက မြဝတီသို့ လောင်စာဆီ တင်ပို့မှု ပြီးခဲ့ သည့်အပတ်က ပိတ်ပင်လိုက်ပြီးနောက် ယခုလို သောက်သုံးရေ မလုံလောက်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု မြဝတီမြို့ပေါ် ရပ်ကွက်တစ်ခု၌ အိမ်ငှားရမ်းနေထိုင်သူ တစ်ဦးက ယခုလို ပြောသည်။

“စဖြတ်လိုက်တဲ့ရက်က အဆင်ပြေသေးတယ်ဆိုပေမဲ့ ဒီရက်ပိုင်းတွေမှာ အခက်ခဲတွေရှိလာတယ်။ လျှပ်စစ်မီးမရှိ တော့ တွင်းရေကနေ ရေစုပ်စက်နဲ့ ရေတင်တဲ့နေရာမှာ အခက်ခဲရှိလာတယ်။ သောက်တဲ့ရေကတော့ တစ်ဗူးကို ၁၅၀၀ နှုန်းနဲ့ ဝယ်သောက်နေရတယ်။ တဖြည်းဖြည်းနဲ့ ကျပ်တည်းလာတယ်။ မီးမရှိတာက ပုံမှန်လိုဖြစ်နေပေမဲ့ အခုက ရေပါခက်ခဲလာတော့ တော်တော်ဒုက္ခရောက်ရတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောဆိုသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ သောင်ရင်းမြစ်ရေသည်လည်း နွေဦးရာသီကာလသို့ရောက်ရှိလာပြီး မြစ်ရေ နည်းပါးလာ သလို မီးစက်ဖြင့် မြစ်ရေတင် အသုံးပြုရာ၌ ဓါတ်ဆီရှားပါးလာ၍ ရေသန့်သည့် အခက်အခဲများကိုလည်း ကြုံတွေ့ နေရသည်ဟု မြစ်ကမ်းဘေးနေထိုင်သူများက ပြောသည်။

“အနည်းနဲ့အများကတော့ နွေရာသီရောက်ရင် မဲဆောက်နဲ့ မြဝတီက လမ်းလျှောက်သွားလို့တောင်ရတယ်။ ရေကျ တဲ့အချိန်ဆိုရင်။ အခုလျှပ်စစ်မီးမရှိတဲ့အပြင် မီးစက်နိုးဖို့က ဓာတ်ဆီကလွယ်လွယ်ကူကူဝယ်မရ တော့ဘူး။ တချို့ ဆီဆိုင်တွေဆို ဆီတွေကုန်သွားတယ်။ မရောင်းတော့ဘူး။ ရေစုပ်တင်ရင်လည်းနှုန်းရေတွေနဲ့ ရေမသန့်တော့ဘူး။ ကြာရင်တော့ကျန်းမာရေးထိခိုက်နိုင်တယ်” ဟု မြစ်အနီးနေထိုင်သူ မြို့ခံတဦးက ပြောသည်။

ထိုင်းက နယ်စပ်ရှိ မြန်မာဘက်သို့ လျှပ်စစ်နှင့် ဓာတ်အား ဖြတ်တောက်လိုက်သည့်အတွက် ရေသန့်စက်ရုံ တချို့ ပိတ်ထားလိုက်ရပြီး စက်ရေတွင်းများ လောင်စာဆီနှင့် လျှပ်စစ်မီးမရှိ၍ ရေတင်မရဖြစ်နေကာ သောက်သုံးရေ အခက်အခဲကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။