ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၂)နယ်မြေ၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ် အထူးဒေသရှိ ရှမ်းလယ်ပြင် စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းမှစတင်၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိရန် ပိတ်ဆို့တိုက်ခိုက်နေကြောင်း သိရသည်။
သံတောင်အထူးဒေသအတွင်းပါဝင်သော ရှမ်းလယ်ပြင်ကျေးရွာအခြေစိုက် ထိုတပ်စခန်းသည် မဟာဗျူဟာလည်းမြောက်သလို စစ်ကောင်စီ၏ရုံးဌာနများအခြေစိုက်ရာ နေပြည်တော်နှင့် လည်းလွန်စွာနီးကပ်သဖြင့် အချက်အချာကျသည့် စခန်းတစ်ခုဖြစ်၍ ကြိုးပမ်းပိတ်ဆို့ထားသည်ဟု တော်လှန်ရေးတပ်ဖွဲ့က ဆိုသည်။
စခန်းတွင်း ရိက္ခာ၊ လူအင်အား စသည့်ထောက်ပို့ဝင်ရောက်နိုင်သော အတွင်းအပြင် လမ်းကြောင်း များကိုဖြတ်တောက်ကာ တိုက်ပွဲဖော်ဆောင်နေသည့် ခြွေစစ်ပုံစံဖြင့် ရှမ်းလယ်ပြင်စခန်းကို တော်လှန်ရေးတပ်က သိမ်းပိုက်နိုင်ရန်ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “သူတို့ကို စားနပ်ရိက္ခာတွေပါဖြတ်တောက်ထားတဲ့အပြင် အပြင် လည်းထွက်မရတော့ ခက်ခဲနေကြပြီ။ မြေပြင်စစ်ကြောင်းကတော့ တစ်ခေါက်ထိုးလာပြီးကတည်းက ပြန်ထိုးလာတာမရှိသေးဘူး။ ကျနော်တို့ဘက်ကလည်း ခြွေစစ်နဲ့ပဲအရင်သွားနေတာပါ။ ခြွေစစ်နဲ့စိတ်ဓာတ်စစ်ဆင်ရေးပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် တပ်ဖွဲ့ဝင်အင်အား (၃၀)ဝန်းကျင်ဖြင့် ရွှေနန်းကလေးရွာဘက်မှ ရှမ်းလယ်ပြင်စခန်းသို့ မြေပြင် စစ်ကြောင်းထိုး စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၆)ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုလည်း စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ခြေလျင်တပ်ရင်း ခလရ-၂၉၏ ဒု-တပ်ရင်းမှူးအပါအဝင် ဒုတပ်ကြပ် အရာရှိ တပ်ဖွဲ့ဝင် အများအပြားထိခိုက်သေဆုံးခဲ့ပြီး သေဆုံးသူ၏ရုပ်အလောင်းများကိုပင် ကောက်မယူနိုင်ဘဲ ရှိခဲ့၍ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ စစ်တပ်ပိုင်လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့အတူ စစ်ကောင်စီဘက်ကလည်း စခန်းစတင်ပိတ်ဆို့ခံရသည့်နေ့ကတည်းက စစ်ကောင်စီမှ ၎င်းတို့အားသာသည့် လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုများအား ထိုနေရာပတ်လည်တွင် ပြုလုပ်လျက်ရှိသည်ဟု ဖော်ပြပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။
“လေကြောင်းနဲ့က နှစ်ခါလာပစ်တယ်။ အခု ရှမ်းလယ်ပြင်ရွာကလူတွေက နီးစပ်ရာရွာတွေမှာ လိုက်ရှောင်နေရတယ်။ တချို့ကလည်း ဟိုးမြို့ထဲရောက်သွားတာတွေရှိတယ်” ဟု အဆိုပါတပ်ဖွဲ့ဝင်က ဖြည့်စွက် ပြောသည်။
လိပ်သိုမြို့နယ်ခွဲအတွင်းပါဝင်သည့် ရှမ်လယ်ပြင်ကျေးရွာအုပ်စုသည် ယခင် ၂၀၂၃ ခုနှစ် စက်တင် ဘာလပိုင်းကလည်း စစ်ကောင်စီဘက်က လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် ရွာရှိ ဒေသခံပိုင်နေအိမ်များအတွင်း ဝင်ရောက်တပ်စွဲနေထိုင်ခဲ့ဖူးသည်။
ပစ်ခတ်မှုကြောင့် ကျေးရွာအုပ်စုအောက်ရှိ ရွာနေဒေသခံများ နေရပ်ရှောင်တိမ်းစွန့်ခွာရသလို စစ်တပ်က ဝင်ရောက်နေထိုင်သဖြင့် ရက်အတန်ကြာသည်အထိ နေအိမ်မပြန်ရဲ ဖြစ်ခဲ့ရသည်ဟုလည်း ဒေသတွင်းသတင်းအရင်းအမြစ်တို့၏ပြောပြချက်အရ သိရသည်။



















