ဖေဖော်ဝါရီ ၁၃ရက် ၊၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများ၌ လူ ၂၀၀ ဦးကျော် ယားနာနှင့်ဝမ်းပျက်ဝမ်းလျှောရောဂါ များ ဖြစ်ပွားနေသည်ဟု မြေပြင်ကူညီနေသူများက ပြောသည်။
စစ်ကောင်စီ စစ်ကြောင်းထိုးလာသည့်အတွက် တနင်္သာရီမြို့နယ်အတွင်းရှိ သိန်ခွန်းကျေးရွာအုပ်စုနှင့် ထုံမခါရွာ၊ သဘော့လိပ်ငယ်ရွာများမှ ဒေသခံများ စစ်ဘေးရှောင်နေရပြီး ကျန်းမာရေးစောင့်ရှောက်မှု အားနည်းသည့် အတွက် ယခုလို ရောဂါဖြစ်ပွားနေခြင်းဖြစ်သည်ဟု မြေပြင်စစ်ဘေးရှောင် ကူညီသူတစ်ဦးက ပြောဆိုသည်။
“ အခုလက်ရှိမှာ ဒီရောဂါကိုခံစားနေရတဲ့ သူစုစုပေါင်း၂၀၀ ဝန်းကျင်ရှိတယ်။ နေရာထိုင်ခင်း မလုံလောက် တာရယ်။ ပြီးတော့ သောက်သုံးရေမလုံလောက်တာကြောင့် အဓိက ဖြစ်တယ်။ နွေကိုရောက်လာပြီးဆိုတော့ ရေခမ်းတာတွေလည်း ရှိလာတယ်။ နောက်တစ်ခုက ယင်လုံအိမ်သာတွေ အလုံအလောက် ဆောက်ထားတာ မရှိဘူး။ စစ်ဘေးရှောင်နေရတဲ့ အတွက် ဖြစ်သလို အပေါ့၊ အလေး သွားနေရာကနေ အခြေနေပိုဆိုးလာတယ်” ဟု ၎င်းက ပြောသည်။
တနင်္သာရီ-မောတောင်ကားလမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေး တပ်တို့ နှစ်ဖက်တိုက်ပွဲ တွေပိုမိုပြင်းထန်လာနိုင်ပြီး တိုက်ပွဲကာလကြာရှည်နိုင်သည်။ ထို့ကြောင့် ဒေသခံများကို လိုအပ်သည့်ဆေးဝါးနှင့် အခြေခံစားနပ်ရိက္ခာများ တတ်နိုင်သမျှ စုဆောင်းထားကြရန် မြို့နယ်အတွင်းအခြေစိုက် တော်လှန်ရေးအဖွဲ့ တစ်ခု ဖြစ်သည့် BLACK COBRA စစ်ကြောင်းက ဇန်နဝါရီ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
လက်ရှိ ထုံမခါရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး နေ၍ ဒေသခံများ ယနေ့အချိန်ထိနေရပ် မပြန်ရဲကြသေးဟု ထုံမခါရွာသွားတစ်ဦးက ပြောသည်။
“ဟုတ်ပါတယ် စကစ တွေကမီးရှို့သွားတယ်။ အိမ် ၁၀ လုံးကျော်ကတော့ မီးလောင်ပျက်စီးသွားတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာလည်း မီးတွေရှို့နေတာတွေ့ရတယ်”ဟု ၎င်းက ပြောသည်။
ထို့အပြင် ထံမခါရွာနှင့် သိန်းခွန်းရွာတို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်မှ ၇ ရက်နေ့ထိ ငါးရက်ဆက် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး မြေပြင်စစ်ကြောင်းထိုးလာကာ အများပြည်သူနေအိမ်များကို မီးရှို့မှုများ လုပ်ဆောင်နေသည်ဟု မြေပြင်ဒေသခံများက ပြောဆိုသည်။



















