ဖေဖော်ဝါရီ ၁၃ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ပေါ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက ဧည့်စာရင်းစစ်ပြီး လူငယ်များကို ဖမ်းဆီးကာ စစ်မှုထမ်းရန် လူစုဆောင်းမှုများ လုပ်ဆောင်နေသည်ဟု မြို့ခံတို့က အသီးသီးပြောဆိုသည်။
အဆိုပါ တနင်္သာရီမြို့ပေါ် ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်များသို့ စစ်ကောင်စီ၏ ရပ်ကွက် အုပ်ချုပ် ရေးမှူးများနှင့် တပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ဧည့်စာရင်းဝင်ရောက် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ ပြီး လူငယ် ၁၇ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မြို့ခံတို့က ပြောသည်။
ဧည့်စာရင်းစစ်စဉ် လူငယ်များကို ဖမ်းဆီးခံရမှုဖြစ်စဉ်အပေါ် သိထားသည့် မြို့ခံအမျိုးသမီးတစ်ဦးက “ဒီရက်ပိုင်းမှာ ပိုပြီးတော့ ဖမ်းခံထိတယ်။ အဓိကဖမ်းခံထိတာကတော့ မူးယစ်ဆေးမှုနဲ့ ဖမ်းတယ်။ ပြီးတော့ အရင် ကပြစ်မှုရှိတဲ့ သူတွေကိုလည်း နေအိမ်အတိအကျနဲ့ လာပြီးတော့ဖမ်းတယ်။ ထောင်မကျခြင်ရင် စစ်မှုထမ်း ရမယ် ဆိုပြီး မေးတာတွေလည်းရှိတယ်” ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခံခဲ့ရသည့် လူငယ် ၁၀ ဦးကျော်ကို တနင်္သာရီမြို့၊ တံတားထိပ်ရှိ အောက်ကင်းရွာ အခြေစိုက် ခြေမြန်တပ်ရင်း ခမရ -၅၅၇ တပ်သို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဖမ်းဆီးခံရသည့် လူငယ် မိသားစု ဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။
ထိုသို့ စစ်မှုထမ်းရန် လူစုဖမ်းဆီးမှု သတင်းများထွက်ပေါ်နေသည့်အတွက် တနင်္သာရီမြို့ပေါ်၌ ညနေစောင်းပိုင်းမှ စ၍ လူအသွားအလာ နည်းသွားသည်ဟု မြို့ခံတစ်ဦးက ယခုလို ပြောသည်။
“အရင်က မြို့ပေါ်နေရာတွေမှာ ဖမ်းဆီးတာတွေ မရှိခဲ့ဘူး။ အခုရက်ပိုင်းမှ ဖမ်းတယ်ဆိုတဲ့ သတင်းတွေ ထွက်လာ တယ်။ အဲ့ဒီနောက်ပိုင်းညဘက် သွားလာတာတွေ တော်တော်နည်းပါးသွားတယ်။ အရင်လို မဟုတ်တော့ဘူး”ဟု ၎င်းက ပြောသည်။
ထို့အပြင် တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်တွင်လည်း စစ်ကောင်စီက ဧည့်စာရင်းစစ်ပြီး လူငယ်များကို ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းကြောင့် ဒေသခံများ နေထိုင်သွားလာရေး မလုံခြုံမှုများနှင့် ကြုံတွေ့နေရသည်ဟု ပြောဆိုသည်။



















