Home သတင်း ဘုရားသုံးဆူရှိ လောင်းကစားရုံတချို့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နေရာသို့ ပြောင်းရွှေ့နေ

ဘုရားသုံးဆူရှိ လောင်းကစားရုံတချို့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နေရာသို့ ပြောင်းရွှေ့နေ

993
Photo-CJ

ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ထဲရှိ လောင်းကစားနှင့် ကာစီနိုရုံများ ပိတ်သိမ်းကာ မွန်ပြည် သစ်ပါတီ ထိန်းချုပ်နေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်နေသည်ဟု အခြေအနေကို သိထားသူ မြို့ခံသတင်းရင်းမြစ်က ပြောသည်။

ထိုင်းက ဘုရားသုံးဆူသို့ လျှပ်စစ်ဓာတ်အားရောင်းချမှုကို ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ရပ်ဆိုင်းလိုက်သည့် အတွက် မြို့ထဲရှိ ကာစီနိုရုံများ မီးမရ၍ ပိတ်သိမ်းလိုက်ရခြင်းဖြစ်သည်။ ထို့နောက် မြို့နှင့် တစ်ဆက်တည်းဖြစ်သည့် မွန်ပြည်သစ်ပါတီ -NMSP ထိန်းချုပ်ဒေသ၊ တပ်ရင်းသုံးရွာသို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု ယုံကြည် စိတ်ချရသည့် မြို့ခံသတင်းရင်းမြစ်က ယခုလို ပြောသည်။

“ဘုရားသုံးဆူမြို့မှာ လောင်းကစားရုံနဲ့ ကာစီနိုရုံ‌တွေ မရှိတော့လို့ စိတ်ချမ်းသာနေရုံရှိသေးတယ်။ အခု သူတို့က မွန်ပြည်သစ်ပါတီ ထိန်းချုပ်ထားတဲ့ တပ်ရင်းသုံးရွာနေရာမှာ သွားပြောင်းဖွင့်ထားတယ်။ အရင် က အဲ့ဒီနေရာကို စကစက အမှတ် ၁ ရပ်ကွက်ထဲပါတယ်လို့ သတ်မှတ်ထားဖူးတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ မွန်ပြည်သစ် ပါတီထိန်းချုပ်ရာ တပ်ရင်းသုံးရွာသို့ ကာစီနိုလောင်းကစားရုံ ပြောင်း ရွှေ့ဖွင့် လှစ်ခြင်းသည် မြေနေရာကို မွန်ပြည်သစ်ပါတီထံမှ အနိုင်ဆိုသူက ကန်ထရိုက်ယူ ငှားရမ်းဖွင့်လှစ်ခြင်း ဖြစ်သည်ဟု မွန်ပြည်သစ် ပါတီဆက်ဆံရေးရုံးနှင့် နီးစပ်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

Photo-CJ

“ဖွင့်တာကတော့ မွန်ပြည်သစ်ပါတီဆီကနေ နေရာကို ကန်ထရိုက်ယူဖွင့်လှစ်တာပါ။ မွန်ပြည်သစ် လက်နက်ကိုင် အဖွဲ့က လုံခြုံရေးယူပေးပါတယ်။ အခု တစ်ချို့လည်း လာကစားနေပါတယ်” ဟု မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူ ဆက်ဆံရေးရုံးနှင့် နီးစပ်သူက ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ဘုရားသုံးဆူမြို့သို့ ထိုင်းဘက်က လျှပ်စစ်နှင့် လောင်စာဆီ အစရှိသည့်တို့ကို တင်ပို့ခွင့် ပိတ် ထားပြီး နောက် မြို့ခံတို့က သုံးဆူသို့ ရောက်လာသည့် တရုတ်များကို ဝေဖန်ပြစ်တင်မှုများ ပေါ်ထွက် လာသည်။ ထို့နောက် မြို့ကို လုံခြုံရေး တာဝန်ယူထားသူ DKBA က အွန်လိုင်းငွေလိမ်လုပ်ငန်းများကို လက်မခံ၍ တိုက်ဖျက်သွားမည် ဖြစ်သလို တရုတ်နွယ်ဝင်များ သုံးဆူမြို့မှ ဖေဖော်ဝါရီလကုန် နောက်ဆုံးထား ထွက်ခွာရန် အမိန့် ထုတ်ပြန်ထားသည်။

ထိုသို့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA က အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း ပြည်မဘက်မှ လာသည့် တရုတ်နွယ်ဝင်များ တဖြည်းဖြည်း မြို့မှထွက်ခွာသွားသလို မြန်မာနိုင်ငံ မှတ်ပုံတင်ကိုင် ဆောင်ထားသူ တရုတ်နွယ် ဝင်များတချို့ ကျန်ရှိနေသေးသည်ဟု မြို့ခံများထံမှ သိရသည်။