ဖေဖော်ဝါရီ ၁၇ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မြို့ဟောင်းကျေးရွာ အုပ်စုရှိ ယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်ထားသည့် သဂရ မြို့ဟောင်း အတွင်းရှိ မြို့ရိုးများကို စက်ယန္တရားဖြင့် ဖြိုချဖျက်ဆီးနေသူများကို ထိရောက်စွာ အရေးယူသွားမည်ဟု NUG တနင်္သာရီတိုင်း စစ်ဌာနရုံး၊ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
အဆိုပါ သဂရ မြို့ဟောင်းအတွင်းရှိ မြို့ရိုးများကို ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစ၍ လက်နက်ကိုင်အဖွဲ့တစ်ခုက စက်ယန္တရားသုံး ဖြိုချမှု ပြုလုပ်နေမှုအပေါ် ရပ်တန့်မှုမရှိက အရေးယူမည်ဟု တနင်္သာရီတိုင်းစစ်ဌာနရုံး ပြောရေး ဆိုခွင့်ရှိသူက ယခုလို ပြောသည်။
“ဒါကလည်း ပြန်ပြီးအစားထိုးလို့ရတဲ့ ဥစ္စာ မဟုတ်ဘူးလေ။ နောက်ပြီးတော့အခုလို လုပ်တဲ့သူတွေကိုလည်း ဘယ်အဖွဲ့က ပဲလုပ်လုပ်၊ ဘယ်အဖွဲ့ကပဲ ဖျက်ဆီးဖျက်ဆီး ကျနော်တို့အနေနဲ့ကတော့ ပြင်းထန်စွာအရေးယူပြီးတော့ အဲဒီကာကွယ်ရေးဇုန်ကို ထိန်းသိမ်းတဲ့အနေနဲ့ လုပ်ဆောင်သွားမှာဖြစ်တယ်”ဟု ၎င်းက ဖေဖော်ဝါရီ ၁၇ ရက်နေ့ တွင် ပြောသည်။
ယဉ်ကျေးမှုဇုန်အဖြစ်သတ်မှတ်ထားသည့် သဂရမြို့ဟောင်းကို ဖျက်ဆီးနေမှုအပေါ် NUG တနင်္သာရီတိုင်းစစ်ဌာန ချုပ်အပြင်၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကလည်း အရေးယူမည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါ ယဉ်ကျေးမှုဇုန်နေရာကို ယခုလို စက်ယန္တရားသုံး ဖြိုချနေမှုကို ဗထူးအာမီအဖွဲ့က ပြုလုပ် နေခြင်းဖြစ်သည်ဟု ပြောဆိုနေသော်လည်း ထိုသို့ပြောဆိုနေမှုများသည် မဟုတ်မမှန်ကြောင်း ဗထူးအာမီ၏ ပြောရေးဆိုခွင့် ရှိသူ ရဲဘော်ထက်မြတ်က ကေအိုင်စီသို့ ငြင်းဆိုပြောသည်။
“အဲ့ကိစ္စကကျနော်တို့နဲ့ဘာမှ သက်ဆိုင်မှုမရှိဘူးဗျ။နောက်ပြီးတော့ အဲ့ဒီမှာလုပ်နေတဲ့သူတွေကလည်း ဘယ်အဖွဲ့ အစည်းမှမဟုတ်ဘူးဗျ။ ပြည်သူက သူ့ဦးပိုင်မြေကို သူလုပ်နေတာဗျ” ဟု ၎င်းက ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ကေအိုင်စီ သို့ ပြောဆိုသည်။
ထို့အပြင် ယခုလိုလုပ်ရပ်သည် ထားဝယ်မြို့၏ ပြယုဂ်တစ်ခုဆုံးရှုံးသွားမည့် အရေးဖြစ်ကြောင်း၊ ဖျက်ဆီးလုပ် ဆောင်နေသည့် မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မဆို ပြင်းထန်စွာရှုတ်ချ ကန့်ကွက်ကြောင်း လောင်းလုံး မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ရှဲဒိုးကလည်း ပြောသည်။
၎င်းက “ဒါကသမိုင်း၀င်ထိန်းသိမ်းရမယ့်ကိစ္စဖြစ်တယ်။ သာဂရမြို့ဟောင်းယဉ်ကျေးမှု ကာကွယ်ရေးဇုန်လို့ အရင် ကတည်းက သတ်မှတ်ထားတာ ရှိပါတယ်။ ဆိုလိုတာက ဘယ်လက် နက်ကိုင်အဖွဲ့အစည်းဖြစ်စေ ဒီတန်ဖိုးကို လာထိလို့ မရဘူး။ လာထိတာနဲ့ သမိုင်းဆိုးကြီးဖြစ်သွားပြီ သမိုင်းအထောက်အထားဆိုတဲ့အထဲမှာ စာပေ အထောက် အထားရှိသလို ရုပ်ဝတ္တုပိုင်းဆိုင်ရာ အရေးကြီးအထောက်အထား တွေရှိပါတယ်” ဟု ကေအိုင်စီ သို့ ပြောဆိုသည်။
ထို့ကြောင့်ထားဝယ်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့်လည်း ယခုလိုရှေ့ဟောင်းမြို့ရိုးများကို အကွက်ရိုက် ဖျက်ဆီး ရောင်းချနေသည့် လုပ်ရပ်မျိုးကို ထား၀ယ်လူထုတစ်ရပ်လုံးအနေဖြင့် လုံး၀လက်မခံသင့်ဟု ရဲဘော်ရှဲဒိုးက ထပ်မံ တိုက်တွန်းပြောဆိုထားသည်။
ထားဝယ်မြစ်၏ အနောက်ဘက်တစ်မိုင်ကျော်အကွာ၊ လောင်းလုံးမြို့နယ်၊ မြို့ဟောင်းကျေးရွာအတွင်းရှိသည့် သာဂရမြို့ဟောင်းသည် မြန်မာ သက္ကရာဇ်၁၁၃(ခရစ်နှစ် ၇၅၁)ခုနှစ်)တွင် စတင်တည်ထောင်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ပိုင်းတွင် ကာကွယ်ရေးဇုန်ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ကြေညာထားခဲ့သည်ဟု သိရသည်။



















