“ကျမတို့ အခုရေးဆွဲနေတဲ့ AFTA က ပြည်နယ်ဖွဲ့စည်းပုံတွေနဲ့ ဆန့်ကျင်လို့ မရသလိုမျိုး ပြည်နယ်ဖွဲ့စည်းပုံတွေကလည်း ကျမတို့ AFTA နဲ့လည်း ဆန့်ကျင် တာမျိုး ဖြစ်လို့မရဘူးပေါ့နော်။ အဲဒီတော့ လက်ရှိ သူ့ဖွဲ့စည်းပုံနဲ့ သူ့ဟာသူ သွားနေတယ်ဆိုပေမယ့် ဒီ AFTA က ကျတော့ တစ်နိုင်ငံလုံးမှာ ဘယ်လို အုပ်ချုပ် မှုပုံစံတွေ ဖြစ်သင့်သလဲ၊ ဖြစ်ရမလဲ၊ ဖြစ်ဖို့လိုသလဲဆိုတာကို ရေးဆွဲတဲ့ပုံစံ ဖြစ်ပါတယ်” နန်းမို့မို့ / တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်နယ်/လူမျိုး ကိုယ်စားပြု ဖက်ဒရယ်ကောင်စီများအဖွဲ့ဝင် (၉) ဖွဲ့၏ ပြောခွင့်ရသူ
တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်နယ်/လူမျိုး ကိုယ်စားပြု ဖက်ဒရယ်ကောင်စီများအဖွဲ့ဝင် ပြောခွင့်ရသူ နန်းမို့မို့နဲ့ ဆက်သွယ်မေးမြန်းချက်
ဖေဖော်ဝါရီ ၁၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး – KNU ပါဝင်သော စစ်ကောင်စီအတိုက်အခံအဖွဲ့ (၉) ဖွဲ့က ဖေဖော်ဝါရီ ၁၂ ရက် နေ့စွဲဖြင့်ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင် ၎င်းတို့အနေဖြင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Buttom – Up Federalism Approch) အခြေခံချဥ်းကပ်မှုဖြင့်သာ တိုင်းပြည်ပြန်လည်တည်ဆောက်သွားနိုင်ရေး ကြိုးပမ်းမည်ဟု ဆိုသည်။
တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်နယ်/လူမျိုး ကိုယ်စားပြု ဖက်ဒရယ်ကောင်စီများ၏ ထုတ်ပြန်ချက်တွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ယခုကြားကာလမှစတင်ကာ အသွင်ကူးပြောင်းရေး ကာလအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ သက်ရောက်မှုရှိသော အုပ်ချုပ်ရေး စာတမ်း (Governing Document) အဖြစ် ကျင့်သုံးရန် ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာအခြေခံဥပဒေ – AFTA ကိုလည်း စတင်ပြင်ဆင်ရေးဆွဲနေပြီဖြစ်သည်ဟု ပြောဆိုထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ သက်ရောက်မှု ရှိသည်ဟု ဆိုထားသည့် ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံ ဆိုင်ရာအခြေခံဥပဒေ – AFTA (Articles of Federal Transitional Arrangement) နှင့် ပတ်သက်ပြီး လက်ရှိ ပြင်ဆင်ရေးဆွဲနေမှု အပိုင်း၊ ဖက်ဒရယ်ဖွဲ့စည်းပုံအတွက် AFTA ၏ အရေးပါအရာရောက်မှုများနှင့် ပတ်သက်ပြီး အဆိုပါ ထုတ်ပြန်ချက်ပါ တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့ အစည်းများ၊ ပြည်နယ်/လူမျိုး ကိုယ်စားပြု ဖက်ဒရယ်ကောင်စီများ အဖွဲ့ဝင် (၉) ဖွဲ့၏ ပြောခွင့်ရသူ နန်းမို့မို့နှင့် ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ AFTA ကို ရေးဆွဲအကောင်အထည်ပေါ်ဖို့က အခုသွားနေတဲ့ Bottom up Federalism အတွက် ကနဦး ခြေလှမ်းလို့ ပြောလို့ရပါလား။ ဘယ်အဆင့်ရောက်ပြီလဲ ပြောပြပေးပါဦး။
ဖြေ။ ။ ကြားကာလအခြေခံဥပဒေနဲ့ ပတ်သက်ပြီး ကျမတို့ပြင်ဆင်ရေးဆွဲနေတာက အများကြီးတော့ ပြီးမနေသေးဘူး။ ကြားကာလမှာ ဘယ်လိုအုပ်ချုပ်မှုပုံစံနဲ့ သွားမလဲဆိုတာကိုပဲ ဆွေးနွေးနေနိုင်တဲ့အနေအထားပဲ ရှိသေးတယ်နော်။ ဒီဥပဒေက ကျမတို့ပြောနေတဲ့ Bottom up Federalism အတွက် ကနဦးခြေလှမ်းလို့ ပြောလို့ရပါတယ်။
ကျမတို့ရေးဆွဲတဲ့အခါမှာ ရေးဆွဲပြီးမှ ကျင့်သုံးမယ်ဆိုတာထက် တဖက်မှာ ရေးဆွဲရင်းနဲ့ တဖက်မှာလည်း အာဏာရှင်ကို တိုက်ဖျက်တယ်။ တည်ဆောက်တဲ့ အခါမှာလည်း ဖက်ဒရယ်ယူနစ်ကနေ တည်ဆောက်တာကို ကျမတို့ သွားနေတာဖြစ်ပါတယ်။
မေး။ ။ ထွက်ပေါ်လာမယ့် ဒီဥပဒေက အသွင်ကူးပြောင်းရေးကာလအတွက်လို့ပဲ နားလည်ရတယ်ဆိုတော့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်တည်လာပြီး ဖွဲ့စည်းပုံအခြေခံဥပဒေထွက်ရှိလာပြီဆိုရင် ဒီဥပဒေကရော အလိုလို ပျက်ပြယ်သွားမယ့်သဘောပါလား။
ဖြေ။ ။ ဟုတ်ကဲ့။ ဒီဖွဲ့စည်းပုံက ကြားကာလ၊ အသွင်ကူးပြောင်းရေးကာလမှာ ကျင့်သုံးမယ့်ဥပဒေ ဖြစ်တယ်။ အဲဒီအထဲမှာ ကျမတို့ဖက်ဒရယ်ပြည်ထောင်စုရဲ့ အခြေခံဥပဒေကို ဘယ်လိုပုံစံတွေရေးမယ်ဆိုတာ ပါမှာဖြစ်တယ်။ ကြားကာလဖွဲ့စည်းပုံကိုကိုင်ပြီး ဖက်ဒရယ်ဖွဲ့စည်းပုံကို ရေးဆွဲသွားမှာဖြစ်တယ်။ ဖက်ဒရယ်ဖွဲ့စည်းပုံ အတည်ဖြစ်ပြီးတဲ့အခါကျရင်တော့ ကြားကာလဖွဲ့စည်းပုံက ပျက်ပြယ်သွားမှာပါ။ ဆိုတော့ ဒီကြားထဲမှာတော့ အဆင့်အဆင့် သွားရမှာဖြစ်ပြီး အသေးစိတ်က AFTA ထဲမှာပဲ ပါဝင်မှာပါ။
မေး။ ။ ကြေညာချက်ထုတ်ပြန်တဲ့အထဲမှာ အဖွဲ့ ၉ ဖွဲ့ ပါဝင်တယ်လို့ သိထား တယ်ပေါ့နော်။ ဖက်ဒရယ်ကို ရည်မှန်းပြီးသွားနေတဲ့ အခြား တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့တွေ အများကြီးရှိသေးတော့ ဥပမာ NUG လိုပေါ့၊ သူတို့ရဲ့ ဒီ AFTA အပေါ် လက်ခံမှု၊ ပူးပေါင်းလိုက်ပါမှု အပိုင်းပေါ်မှာကိုရော ဘာများပြောချင်ပါလဲ။
ဖြေ။ ။ လောလောဆယ် ထုတ်ပြန်ကြေညာချက်ထဲမှာ (၉) ဖွဲ့ပဲ ပါတယ်ဆိုတာက ကျမတို့တော်လှန်ရေး အင်အားစု (၉) ဖွဲ့ကတော့ အစဥ်တစိုက် လက်တွဲလုပ်ဆောင် နေတဲ့အဖွဲ့တွေ ဖြစ်တယ်။ ဒါပေမဲ့လက်ရှိမှာ ကျမတို့ ဒီအဖွဲ့ (၉) ဖွဲ့နဲ့ပဲ သွားနေတာ မဟုတ်ဘဲနဲ့ ထုတ်ပြန်ချက်ထဲမပါတဲ့ တခြားနိုင်ငံရေး၊ တော်လှန်ရေး အဖွဲ့တွေ လည်း အများကြီးရှိတယ်ပေါ့။ ဆိုတော့ ဒီ (၉) ဖွဲ့နဲ့ပဲ ဒီကိစ္စကို ဆောင်ရွက်နေတာမဟုတ်ဘဲ အခြားအဖွဲ့တွေနဲ့ ညှိနှိုင်းတာတွေ၊ ဆွေးနွေးတိုင်ပင်တာတွေကိုတော့ လုပ်ဆောင်နေတာရှိပါတယ်။
မေး။ ။ အခုထုတ်ပြန်တဲ့အထဲမှာ တချို့ပြည်နယ်ကိုယ်စားပြု (သို့) လူမျိုးကိုယ်စားပြုအဖွဲ့တွေလည်း ပါဝင်နေတာတွေ့ရတယ်။ သူ့မှာလည်း သူ့ပြည်နယ်အလိုက်က ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် ပြင်ဆင်နေတာရှိတော့ လက်ရှိ ပြင်ဆင်နေတဲ့ AFTA နဲ့က ဘယ်လိုကွာခြားပါလဲ။
ဖြေ။ ။ ကျမတို့ AFTA ကကျတော့ ပြည်နယ်ယူနစ်တစ်ခုချင်းစီက ဘယ်လိုဆိုတာမျိုးထက် အသွင်ကူးပြောင်းရေး ကာလအကုန်မှာ ပြည်ထောင် စုအဆင့်ကို ရည်ရွယ်ပြီးတော့ ရေးဆွဲတာဖြစ်တယ်။ ဟုတ်တယ် အခုဆိုရင် သူ့ရဲ့ပြည်နယ်တွေ ယူနစ်တွေမှာက သူ့ရဲ့ဥပဒေတွေ ရှိတယ်။ သူ့ရဲ့ဖွဲ့စည်းပုံတွေ ရေးဆွဲနေတာရှိတယ်။ ကျင့်သုံးနေတာ ရှိတယ်ပေါ့နော်။ အဲဒီတော့ ဘယ်လိုမျိုး ကွာသလဲဆိုရင် တစ်ခုနဲ့တစ်ခုက လင့်ခ် (Link) တော့ဖြစ်တယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ အခုရေးဆွဲနေတဲ့ AFTA က ပြည်နယ်ဖွဲ့စည်းပုံတွေနဲ့ ဆန့်ကျင်လို့ မရသလိုမျိုး ပြည်နယ်ဖွဲ့စည်းပုံတွေကလည်း ကျမတို့ AFTA နဲ့ လည်း ဆန့်ကျင်တာမျိုး ဖြစ်လို့မရဘူးပေါ့နော်။ အဲဒီတော့ လက်ရှိ သူ့ဖွဲ့စည်းပုံနဲ့ သူ့ဟာသူသွားနေတယ်ဆိုပေမယ့် ဒီ AFTA ကကျတော့ တစ်နိုင်ငံလုံးမှာ ဘယ်လို အုပ်ချုပ်မှုပုံစံတွေ ဖြစ်သင့်သလဲ၊ ဖြစ်ရမလဲ၊ ဖြစ်ဖို့လိုသလဲ ဆိုတာကို ရေးဆွဲတဲ့ပုံစံ ဖြစ်ပါတယ်။
မေး။ ။ အသွင်ကူးပြောင်းရေးကာလ အုပ်ချုပ်ရေးအတွက် ပြင်ဆင်တာအပြင် တော်လှန်ရေးကာလအတွင်း မတရားမှုကျုးလွန်ခံရသူတို့အတွက် တရားမျှတမှု ရရှိရေး လုပ်ဆောင်ဖို့ရော ဘာတွေပြင်ဆင်နေတာရှိပါလဲ။
ဖြေ။ ။ ဟုတ်ကဲ့။ ကျမတို့ အသွင်ကူးပြောင်းရေးကာလ အုပ်ချုပ်ရေးတွေလည်း ပြင်ဆင်နေတာ ရှိသလိုမျိုး၊ တဖက်မှာ အခု AFTA ထဲမှာဆိုရင် အသေးစိတ်ရယ်၊ ကျယ်ကျယ်ပြန့်ပြန့်ရယ် မဟုတ်သေးပေမယ့်လည်း အသွင်ကူးပြောင်းရေးကာလမှာ တရားမျှတမှုကို ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာတွေ ပါလာမှာဖြစ်ပါတယ်။
အထူးသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်တဲ့ဟာတွေ ပြည်သူလူထုတွေ မတရားခံနေရတဲ့ကိစ္စတွေက သူတို့ရဲ့တရားမျှတမှုအတွက် ဒီ AFTA ထဲမှာ သီးသန့် မဖြစ်မနေထည့်ဖို့ကိုလည်း ကျမတို့ ဆွေးနွေးသဘောတူထား ကြတာ ရှိပါတယ်။ ဒါပေမဲ့ ဘယ်လိုပုံစံတွေ သွားမယ်ဆိုတာကိုတော့ အသေးစိတ်ရယ်လို့ ပြည့်ပြည့်စုံစုံဆွေးနွေး ထားနိုင်တာတော့ မရှိသေးဘူးပေါ့နော်။