Home သတင်း မြ၀တီမြို့မှ ထိုင်းနိုင်ငံဘက်သို့ ခိုးဝင်လာသည့် တရုတ်နိုင်ငံသား ၅ ဦးကို ထိုင်းစစ်တပ် ဖမ်းဆီး

မြ၀တီမြို့မှ ထိုင်းနိုင်ငံဘက်သို့ ခိုးဝင်လာသည့် တရုတ်နိုင်ငံသား ၅ ဦးကို ထိုင်းစစ်တပ် ဖမ်းဆီး

963
Photo: The Nation

ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံ မြဝတီမြို့မှ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာခဲ့သည့် တရုတ်နိုင်ငံသား ၅ ဦးကို ဇန်နဝါရီ ၃၀ ရက်နေ့တွင် ဖမ်းဆီးလိုက်သည်ဟု နေရှင်းသတင်းဌာန (The Nation Thailand)သတင်း၌ ဖော်ပြထားသည်။

ထိုင်း နယ်ခြားစောင့်တပ်က ည ၈ နာရီခွဲအချိန်တွင် သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး မဲဆောက်ဘက်သို့ ကူးလာ နေစဉ်အတွင်း ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည် မြဝတီတွင် အလုပ်လုပ်နေပြီး ၎င်းတို့၏ မိခင်နိုင်ငံသို့ ပြန်လိုကြောင်း စကားပြန်မှတဆင့် ထိုင်းအာဏာပိုင်များထံ အကြောင်းကြားခဲ့သည်ဟု နေရှင်းသတင်းဌာနတွင် ဖော်ပြထားသည်။

အဆိုပါ ဖမ်းဆီးရမိသူ တရုတ်လူမျိုးများဖြစ်သူ ဟွာဝမ် (၂၉)နှစ်၊ ဆောင်ဟုန် (၂၂)နှစ်၊ လီဂျိုင် (၂၁) နှစ်၊ လီဟောင် (၂၈) နှစ်နှင့် ယောင်ဇိန်း (၃၄)နှစ်တို့သည် နိုင်ငံကူးလက်မှတ် ကိုင်ဆောင် လာခြင်းမရှိတာကိုတွေ့ရပြီး စစ်သားများက ၎င်းတို့အား တာ့ခ်လူဝင်မှုကြီးကြပ်ရေးရုံးတွင် စစ်ဆေးမေးမြန်းရန် တရုတ်သံရုံးဝန်ထမ်းများထံ ပို့ဆောင်ခဲ့သည်ဟု သတင်းတွင် ဖော်ပြပါရှိသည်။

မြဝတီမြို့သည် တရုတ်နိုင်ငံမှ ကာစီနိုလောင်းကစားရုံများနှင့် တယ်လီကွန်းလိမ်လည်မှုများ၏ အချက်အချာနေရာတစ်ခုအဖြစ် နာမည်ဆိုးဖြင့်ကျော်ကြားပြီး တရုတ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများမှ လူကုန်ကူးခံရသူများသည် အတင်းအကြပ်စေခိုင်းခံရသည်ဟု သတင်းများ၌ ဖော်ပြထားသည်။

မြန်မာနယ်စပ် ကျားဖြန့်လုပ်ငန်းတွင် လူကုန်ကူးခံထားရသည်ဟု သံသယရှိသူ တရုတ်နိုင်ငံသား ၁၅၀၀ ကျော်ရှိသည်ဟု သတင်းများထွက်ပေါ်နေကြောင်း သိရသည်။

ထို့အပြင် တရုတ်နိုင်ငံသားများ ထိုင်းသို့ ခရီးသွားရန် ခရီးစဉ် ဖျက်သိမ်းမှုများအပေါ် ထိုင်းဝန်ကြီးချုပ် ပက်တောင်တန် ရှင်နာဝပ်ထရာက တရုတ်ဧည့်သည်များ ထိုင်းတွင်ဘေးကင်းရန် နည်းပညာသုံး မိန့်ခွန်းပြောဆိုထားကြောင်း သိရသည်။