ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပြုရန် ဇန်နဝါရီ ၂၉ ရက်နေ့တွင် အောက်လွှတ်တော်၌ အစိုးရသို့ အဆိုပြုတင်ပြခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ယနေ့ ဖော်ပြထားသည်။
တရားမျှတသောပါတီမှ လွှတ်တော်အမတ် ကန်နဗီ ဆုဘ်စန်က ဒုက္ခသည်များကို လူဝင်မှုကြီး ကြပ်ရေး အက်ဥပဒေအရ ထိုင်းနိုင်ငံတွင် ယာယီအလုပ်လုပ်ကိုင်ခွင့်ပြုရန်၊ ၎င်းတို့အား မိမိကိုယ်မိမိ ရပ်တည် နိုင်စေရန်နှင့် အခွန်များမှတဆင့် စီးပွားရေးကို အကျိုးပြုနိုင်စေရန် ရေရှည်ဖြေရှင်းချက် ရှာမတွေ့မခြင်း ဒုက္ခသည်များကို ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့်ပေးရန် အကြံပြုခဲ့ခြင်းသည်။
“ကျနော်တို့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို အင်အားအဖြစ် ပြောင်းလဲပစ်ပြီး ထိုင်းနိုင်ငံဟာ နိုင်ငံတကာ ဇတ်ခုံပေါ်မှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ရမယ်” ဟု မစ်စတာ ကန်နဗီက ပြောခဲ့သည်ဟု သတင်း၌ ဖော်ပြထားသည်။
ယခုလို အဆိုပြုမှုအပေါ် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဖန်တမ်ဝိချရက်ချိုင်က မဖြစ်နိုင်သေးကြောင်း ပြောကြားခဲ့သည်ဟု အဆိုပါသတင်း၌ ဖော်ပြထားသည်။
ထိုသို့ ဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပြုရန် အကြံပြုမှုသည် အကြံကောင်းဖြစ်သော်လည်း နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ များနှင့် ကုလသမဂ္ဂတို့တွင်သာ အဓိက တာဝန်ရှိကြောင်း ဒုတိယ ဝန်ကြီးချုပ်က ပြောသည်။
၎င်းမူဝါဒကို အကောင်အထည်ဖော်ခြင်းသည် ထိုင်းနိုင်ငံသားများအပေါ် ကြီးမားသော ဝန်ထုပ် ဝန်ပိုး ဖြစ်စေပြီး ပြည်သူများအနေဖြင့် ယင်းတာဝန်ကို လက်ခံရန် အဆင်သင့်ဖြစ်ပြီလားဟု ဒုတိယ ဝန်ကြီးချုပ်က ပြန်မေးခွန်းထုတ်ခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်း၌ ဖော်ပြထားသည်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများရှိ ဆေးကုသပေးခြင်း ဝန်ဆောင်မှုများ ထောက်ပံ့ပေးနေမှုကို ရပ်တန့် လိုက်သည့်အပေါ် ယခုလို အဆိုပြုမှုများ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။



















