Home သတင်း တောတောင်ထဲက ကျောင်းရန်ပုံငွေပွဲ

တောတောင်ထဲက ကျောင်းရန်ပုံငွေပွဲ

700
Photo: KIC

တောတောင်ထဲက ကျောင်းရန်ပုံငွေပွဲ

ခေါင်ဆူလိုင့်

ဒီဇင်ဘာ ၁၇ရက်၊ ၂၀၂၄

ကျောင်းရန်ပုံငွေပွဲတစ်ခုကိုသွားဖို့ တောင်ကြောတစ်ခုကို လမ်းတစ်ဝက်လောက် ဆိုင်ကယ်စီးတက်လာခဲ့ပြီး ၅မိနစ် ကျော်လောက် နားလိုက် လျှောက်လိုက် တက်လာခဲ့ပါတယ်။ သစ်ရိပ်ဝါးရိပ် သစ်ပင်ဝါးပင်တွေကြား တက်လာရင်း အပေါ်နားလေးက လူစုလူဝေး စကားသံတွေ သဲ့သဲ့ကြားရသလို အဲဒီကနေ ပျံ့လွှင့်လာတဲ့ သီချင်းသံလေးကိုလည်း ကြားနေရပါတယ်။

“တစ်ယောက်ဆို တစ်ယောက်ကို ပိုချစ်မှာပါ xxxx ….. ဒီလို လိုက်ဖက်တဲ့ဘ၀ ပျော်စရာ လောကကြီးက တကယ်ပါ ကြင်နာသူလေး ရှိနေမှ … အပြန်အလှန် နားလည်နေရင်း ရှေ့ဆက်ပြီး ချစ်သွားမယ် ” ဆိုတဲ့ မြန်မာသီချင်းလေးကို ကျောင်းသူကျောင်းသား စုံတွဲလေးတွေက ခင်မင်ရင်းနှီးစွာနဲ့ သီချင်းတစ်ပုဒ်တည်းကို ကရင်သံဝဲဝဲလေးနဲ့ အလှည့်ကျ သီဆိုယှဉ်ပြိုင်နေကြပါတယ်။

ဝါးရုံအောက်က ဝါးထရံကာထားတဲ့ ခပ်နိမ့်နိမ့်ခန်းမထဲမှာ ဆယ်ကျော်သက်အရွယ် ကျောင်းသူကျောင်းသားလေးတွေ ဟာ သစ်သားခုံတန်းရှည်မှာ ပြည့်နှက်စွာထိုင်ရင်း မြန်မာစုံတွဲသီချင်းပြိုင်ပွဲဝင်သူတွေရဲ့ သီဆိုမှုကို စိတ်ဝင်တစား နားဆင်ကာ လက်ခုပ်တီးပြီး အားပေးနေကြပါတယ်။

အဲဒီနေရာလေးကတော့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် အထက်တန်းကျောင်းရဲ့ ကျောင်းရန်ပုံ ငွေရှာဖွေတဲ့ပွဲတော်နေရာလေးဖြစ်ပြီး ကျောင်းသူကျောင်းသားတွေကို ဆရာ၊ဆရာမတွေက ကြီးကြပ် ကျင်းပပေးနေ ကြပါတယ်။ ခရိုင်အတွင်းက လူသောမြို့နယ်၊ ဒေးပူနိုကျေးရွာမှာ ခိုင်ခံ့တဲ့ စာသင်ဆောင်တွေ၊ ကစားကွင်းတွေနဲ့ တည် ရှိခဲ့တဲ့ ယခင် စာသင်ကျောင်းကိုတော့ လေကြောင်းအန္တရာယ်ကြောင့် မူလနေရာမှာပဲ စွန့်ထားခဲ့ရပါတယ်။

မူတြော်ခရိုင် အထက်တန်းကျောင်းရဲ့ ယခုနှစ် ၂၀၂၄-၂၀၂၅ စာသင်နှစ်မှာ မူလတန်းကစပြီး အထက်တန်း (၁၂တန်းအ ထိ) ကျောင်းသူကျောင်းသား ၄၄၁ဦးရှိပြီး ကျောင်းအုပ် အပါအဝင် ဆရာ၊ဆရာမ ၂၉ဦးရှိတယ်လို့ ကျောင်းအုပ်ဆရာရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒီအထဲမှာ မူလတန်းက အယောက် ၂၀ကျော်သာရှိပေမယ့် ၇တန်းကနေ ၁၂တန်းအထိ အတန်းကြီး ကျောင်းသူကျောင်းသားတွေက အများစုဖြစ်တယ်လို့လည်း ၎င်းက ပြောပြပါတယ်။

ဒီအထက်တန်းကျောင်းရဲ့ မူလနေရာ၊ မူလ ကျောင်းဆောင်တွေဟာ ၂၀၂၁ခုနှစ်၊ မတ်လကတည်းက အာဏာသိမ်း စစ် ကောင်စီရဲ့ လေယာဉ်ဗုံးကြဲ တိုက်ခိုက်ခံရတာကြောင့် စာသင်နေရာကို တောတောင်ထဲမှာ ရွှေ့ပြောင်းသင်ကြားလာခဲ့ရ တာကိုလည်း ကျောင်းအုပ်ဆရာ စောဆာမူထူးက အခုလို ပြောပါတယ်။

“လေယာဉ်ဗုံးကြဲခံရတာက ၂၀၂၁ စာသင်နှစ်ရဲ့ စာမေးပွဲဖြေဆိုတဲ့ နောက်ဆုံးရက်ပဲ။ ကျောင်းဆောင်အဆောက်အဦး တွေ အားလုံးနီးပါး ပျက်စီးကုန်ပြီး ကျောင်းနေရာက မြေပြန့်ကွင်းပြင်ဖြစ်တော့ ကျောင်းဆက်တက်လို့ အဆင်မပြေ တော့ဘူး ဖြစ်သွားတယ်။ ဒီနေရာ(တောတောင်ထဲ)ကိုတော့ အဲဒီနှစ် ဇွန်လ၊ ကျောင်းဖွင့်ချိန်လောက်မှာ ရွှေ့ပြောင်းပြီး စာသင်ကြားခဲ့ရတာ။”လို့ ၎င်းက ဆိုပါတယ်။

ကေအဲန်ယူ၊ မူတြော်ခရိုင်/တပ်မဟာ(၅)ဒေသဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကို ဦးစွာ ရင်ဆိုင်ရတဲ့ နယ်မြေဖြစ်ပါတယ်။ မြေပြင်ထိုးစစ်ထက် လေယာဉ်ဗုံးကြဲမှုကြောင့် လုံခြုံရေးနဲ့ ဘေးကင်းစေရေးအတွက် တောတောင်ထဲမှာ ၃နှစ်ကြာ ပြောင်းရွှေ့သင်ကြားခဲ့ရပေမယ့် နယ်မြေတာဝန်ရှိသူတွေနဲ့ ကရင်ပညာရေးနဲ့ယဉ်ကျေးမှု ဌာန(Karen Education and Culture Department – KECD) ဟာ ကျောင်းသူကျောင်းသားတွေရဲ့ပညာရေးကို လုံး၀ ရပ်နားခြင်းမရှိဘဲ အဆက်မပြတ် သင်ကြားပို့ချနေတာ ဖြစ်ပါတယ်။

သို့သော် ပြောင်းရွှေ့ပညာသင်ရင်း လေယာဉ်ပျံဝဲရောက်ရှိလာတဲ့အခါ ကျောင်းသူကျောင်းသားတွေဟာ ပုန်းခိုရာစရာ တူးမြောင်းဘက်ကို ပြေးလွှားပုန်းရှောင်နေကြရတယ်လို့လည်း ပြောကြပါတယ်။ ဒါကြောင့် ကျောင်းသူကျောင်းသား တွေကိုထားရှိတဲ့ ဘော်ဒါဆောင်တွေကိုလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်နေရာစီထားရှိပေမယ့် ကျောင်းသူ ကျောင်းသားလေးတွေဟာ တောတောင်ထဲက ဒီစာသင်ကျောင်းမှာ သတိကြီးစွာနဲ့ ပညာနို့ရည် အတူတကွ သောက်သုံး နေကြပါတယ်။

ကျောင်းအုပ်ဆရာကြီးက “ဒီနေရာက ကစားကွင်းမရှိ၊ မြေပြန့်မရှိမို့ ကလေးတွေအတွက် ကစားစရာနေရာတော့ မရှိ ဘူး။ မြေပြင်ထဲ ပေးကစားလို့လည်း မဖြစ်ဘူး။ မိဘတွေလည်း လေယာဉ်ကိုကြောက်တော့ မကြိုက်ဘူးလေ။”လို့ ဆိုပါ တယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်ထက်မှာ ရွှေ့ပြောင်းစာသင်ရင်း ယခင်ကလို ကျောင်းရန်ပုံငွေ ပွဲ မလုပ်ဖြစ်ခဲ့ပါဘူး။ အခု ကျင်းပတဲ့ ကျောင်းရန်ပုံငွေပွဲဟာ နေရာရွှေ့ပြောင်းပြီးကတည်းက ဒီနှစ်မှသာ တစ်ကြိမ် လုပ် ဆောင်ရတာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၃ရက်နေ့ တစ်ရက်တာ ကျင်းပပြုလုပ်တဲ့ မူတြော်ခရိုင် အထက်တန်းကျောင်းရဲ့ ရန်ပုံငွေပွဲမှာ မုန့်ဟင်းခါး၊ ခေါက်ဆွဲကြော်၊ အသားလုံး(လုချင်း)ကြော်၊ ဘူးသီးကြော်၊ သင်္ဘောသီးထောင်း၊ ကွမ်းယာနဲ့ မုန့် ရောင်းချကြသလို ဘောလုံးပစ်နဲ့ အချိုရည်ဗူးကို နှီးကွင်းနဲ့ပစ်တမ်း ကစားပွဲလည်း ပါဝင်ပါတယ်။

သီချင်းသီဆိုပြိုင်ပွဲ၊ စျေးရောင်းပွဲနဲ့ ကစားပွဲတွေကနေ ရရှိလာတဲ့ ရန်ပုံငွေတွေကို ကျောင်းကော်မတီရဲ့ ဘဏ္ဍာငွေထဲ ထည့်ဝင်ပြီး လိုအပ်လာမယ့် ကျောင်းသူကျောင်းသား လှုပ်ရှားမှုတွေမှာ ပြန်လည်အသုံးချကြမယ်လို့ သိရပါတယ်။

ဒီကျောင်းမှာ ၁၈နှစ်ကြာ သင်ကြားပေးခဲ့တဲ့ ဒုကျောင်းအုပ်လည်းဖြစ်သူ ဆရာမနော်ကောကော်ဖောက “ကျမတို့ ကျောင်းသူကျောင်းသား တပည့်တွေက တော်ကြတယ်။ ကျမတို့စာသင်တုန်းကထက် သူတို့လေးတွေက နည်းပညာ ပိုင်း ပိုတတ်ကြ၊ ပိုတော်ကြတော့ သူတို့အစား ကျမတို့က ဝမ်းသာဂုဏ်ယူရတာပေါ့။”လို့ ပြောပါတယ်။

လတ်တလောမှာတော့ စာသင်ကျောင်းအတွက် လိုအပ်ချက်တွေ အများကြီးရှိပေမယ့် အခက်ခဲဆုံးက ကျောင်းသူ ကျောင်းသားတွေရဲ့ ကျန်းမာရေးပဲဖြစ်တယ်လို့ ကျောင်းအုပ်ဆရာရဲ့ ပြောပြချက်အရ သိရပါတယ်။

ခရိုင်ကျန်းမာရေးတာဝန်ခံ ဆရာစောညွှန့်ဝင်းက “ကျောင်းက ကလေးတွေ နေမကောင်းဖြစ်လို့ ေဆးရုံပို့ရမယ်ဆိုရင် သွားရေးလာရေးက ခက်ခဲတယ်။ ဒီတစ်ခုက ကျနော်တို့လည်း ခက်ခက်ခဲခဲ စီစဉ်ရတယ်။”လို့ ဆိုပါတယ်။

မူတြော်အထက်တန်းကျောင်းက ကျောင်းသူကျောင်းသားအတွက် အရင်ကဆိုရင် ကရင်လူငယ်အစည်းအရုံး (ကေဝိုင် အို) အပါအဝင် ဘော်ဒါဆောင်တွေ များစွာရှိပေမယ့် အခုချိန်မှာ ကေအဲန်ယူက စီမံခန့်ခွဲပေးတဲ့ ဘော်ဒါဆောင်တွေသာ ကျန်ရှိတော့တယ်လို့လည်း သိရပါတယ်။

ဒီကျောင်းကနေ အထက်တန်းပညာ အောင်မြင်သွားသူတွေအတွက် ခရိုင်ရဲ့ ဂျူနီယာကောလိပ် အပါအဝင် ထိုင်း-မြန် မာနယ်စပ်ရှိ အထက်တန်းလွန်ကျောင်းတွေမှာ ပညာဆက်လက်သင်ကြားမှုတွေကို ချိတ်ဆက်ဆောင်ရွက်ပေးသွားတာ ကြောင့် တောတောင်ထဲက ကျောင်းရန်ပုံငွေပွဲလေးဟာ ဖြတ်သန်းမှုများစွာကြားက မျိုးဆက်သစ်တို့ပညာရေးအတွက် ခွန်အားတစ်ရပ်ဖြစ်စေတယ်လို့ အပြည့်အ၀ ယုံကြည်မိပါတော့တယ်။