Home သတင်း တနင်္သာရီတွင် တစ်လအတွင်း အရပ် ၃၅၈ ဦးကျော် ဖမ်းဆီးခံရ

တနင်္သာရီတွင် တစ်လအတွင်း အရပ် ၃၅၈ ဦးကျော် ဖမ်းဆီးခံရ

555
Photo-Social Media

ဒီဇင်ဘာ ၁၇ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် ပြီးခဲ့သည့် နိုဝင်ဘာလတစ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ ဝင်များက ဒေသခံအရပ်သား ၃၅၈ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု သုတေသန အဖွဲ့တစ်ခုဖြစ်သည့် FE5 Tanintharyi က ထုတ်ပြန်ပြောသည်။

အဆိုပါ ဖမ်းဆီးခံရမှုများမှာ တိုင်းဒေသကြီးအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့များ နိုဝင်ဘာလအတွင်း စစ်ကြောင်း ထိုး ဝင်ရောက်ပြီး လူသားဒိုင်းကာအဖြစ်ဖမ်းဆီးခြင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF)တပ်ဖွဲ့ဝင်များနှင့် ဆက်သွယ်ပတ်သက်နေသည့်ဟု အကြောင်းပြ ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ပြောဆိုသည်။

“အဓိကကတော့ စကစဘက်က လူအင်အားနည်းလာတာကြောင့် အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးတာပေါ့။ စစ်ဆေးရေးဂိတ်တွေမှာ လူငယ်တွေကိုအဓိက ဖမ်းတယ်။ ဒီဘက်မှာဆို ထိုင်းဘက်က ပြန်ပို့လာတဲ့ တရားမဝင် နေထိုင်နေရတဲ့ မြန်မာပြည်သားတွေကို စစ်မှုပြန်ထမ်းခိုင်းတယ်။ ငွေကြေးနဲ့ရွေးလို့တောင် မရတော့တဲ့ အခြေအနေ ထိရှိလာပြီး ဖြစ်တယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထိုသို့ စစ်ကောင်စီ ဖမ်းဆီးခြင်းခံရသည့် အရပ်သား ၃၅၈ ဦးထဲမှ ၁၅၇ ဦး ပြန်လွတ်မြောက်လာခဲ့သလို ၁၁ ဦးကို စစ်ကောင်စီတပ်သားများက အကြောင်းအမျိုးမျိုးပြ သတ်ဖြတ်ခဲ့သည်ဟု FE5 Tanintharyi ၏ နိုဝင်ဘာလ အစီရင်ခံစာ၌ ဖော်ပြထားသည်။

ထို့အပြင်တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များကြား နိုဝင်ဘာလအတွင်း ထိတွေ့တိုက်ပွဲ ၂၃ ကြိမ်၊ ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများတွင် လက်နက်ကြီး ပစ်ခတ်မှု များကြောင့် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ရသူ ၆၈,၀၀၀ ဦးကျော်အထိ ရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလလအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ ဒေသခံနေအိမ်များကို မီးရှို့ခြင်း၊ လက်နက်ကြီးကျရောက် ပေါက်ကွဲခြင်း၊ ဒရုန်းဖြင့် ဗုံးချတိုက် ခိုက်ခြင်းများကြောင့် အရပ်သားနေအိမ်အလုံး ၃၀ ကျော် ထိခိုက်ပျက်စီးခဲ့ရပြီး သာသနိက အဆောက်အအုံများပျက်စီးမှုများ ရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။