ဒီဇင်ဘာ ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၇)/ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးနယ်တွင် ကျောက်ထုတ်လုပ်မှုကြောင့် အနီးအနား ကျေးရွာများတွင် သောက်သုံးရေ မသန့်ရှင်းဖြစ်ပြီး ရွာသား ကလေး ငယ်များ ရောဂါဖြစ်ပွားလာသည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ ကျောက်လုပ်ကွက် အနီးအနားရှိ ဒေသခံများ၏ ရေကန်နှင့် သောက်သုံးရေတွင်းများသို့ ကျောက်အစအန အမှုန်များစွာ ကျရောက်ပြီး သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ဒေသခံကလေးသူငယ်အများစု ဓာတ်မတည့် မှုများဖြစ်ပေါ်သလို ဝမ်းပျက်ဝမ်းလျှောခြင်းနှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ အရေးပြားယားယံ မှုများဖြစ်ပေါ်နေသည့်ဟု ဒေသခံကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။
“ရေမသန့်တဲ့ အတွက်ကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်တာလည်းရှိတယ်။ များသောအားဖြင့် ကလေးတွေက အဖြစ်များတယ်၊ လူကြီးတွေက ကိုယ်ခံအားကောင်းတော့ အဖြစ်နည်းတယ်။ အသက်ရှူ လမ်းကြောင်းရောဂါ လက္ခဏာပြတာကတော့ အသက်ရှူလို့ မဝတော့ဘူး၊ ချောင်းဆိုးတယ်၊ နှာစေးတယ်၊ အဆုတ်ကို နားထောင် ကြည့်တော့ အဆုတ်ကမသန့်ဘူး၊ အနည်းငယ် ထိခိုက်နေတယ်။ ယားယံတာကတော့ တစ်ကိုယ်လုံးနီလာတယ်၊ အင်ပျဉ်ထက်တောင် အဆင့်မြင့်တယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
ထိုကျောက်ထုတ်လုပ်မှုကို လာမည့်နှစ် ၅ လပိုင်းတွင် အပြီးပိတ်သိမ်းရန် ပြီးခဲ့သည့် အောင်တိုဘာလ ၁၅ ရက် နေ့တွင် ပေါင်ကျေးနယ်အတွင်း ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ ဆုံးဖြတ်ချက်ချမှတ်ထားသလို ကျောက်ထုတ် ရာတွင် ဒေသတွင်းစည်းကမ်းများကို လိုက်နာမည်ဟု စာချုပ်ချုပ်ဆိုထား ကြောင်းသိရသည်။
သို့သော် ကျောက်ထုတ်လုပ်သားများအနေဖြင့် ချမှတ်ထားသည့် စည်းကမ်းများကို လိုက်နာခြင်းမရှိဘဲ ဆက်လုပ် ကိုင်နေခြင်းကြောင့် ဒုတိယအကြိမ်ထပ်မံစာချုပ်ချုပ်ဆိုထားပြီးဖြစ်သည်ဟု ဒေသတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီတာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “စာချုပ်ကိုအပြီးသတ် ချုပ်ငြိမ်းမယ် ဆိုပေမဲ့လည်း နောက်ထပ်ကျူးလွန်နေဆဲ ဖြစ်တဲ့အတွက် ဒုတိယ စာချုပ်ကို အခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့မှာ ထပ်ချုပ်ဆိုထားတယ်။ ဘာဖြစ်လည်းဆိုတော့ စည်းကမ်း ချက်နဲ့နှစ်ဦးသဘောတူ တောင်းဆိုပြီးမှ ချုပ်လိုက်တယ်။ ထပ်ပြီးတော့ ကွင်းဆင်းပြီး ဆက်လက် လေ့လာ ကြည့်ရမယ်” ဟု ပြော သည်။
ထိုကျောက်ထုတ်လုပ်မှုများကြောင့်ဒေသခံများ၏ လယ်များပျက်စီးခြင်း၊ ဒေသခံ ပြည်သူများ လုံခြုံရေးစိုးရိမ်ရ သည့် အခြေအနေရှိသည့်အပြင် ကလေးသူငယ်များ ကျောက်မှုန်များကြောင့် ဖြစ်ပေါ်လာသည့် ရောဂါများပါ ခံစား နေရသည့်အတွက် ဒေသခံများက ခရိုင်အဆင့်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ဦးတိုက်လျှောက်ထားစာတင် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ယခုလို ကျောက်ထုတ်လုပ်မှုများကြောင့် နောက်ဆက်တွဲ သဘာဝပတ်ဝန်းကျင်အန္တရာယ်နှင့် ဒေသခံကလေး ငယ်များကျန်းမာရေး အခြေအနေစိုးရိမ်ရ၍ ကျောက်ထုတ်လုပ်မှုကို သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး ပိတ်သိမ်းနိုင်အောင်ကြိုးစားသင့်ကြောင်းကို ပိုင်ကျုံ မြို့နယ်၊ ကရင်အမျိုးသမီးအစည်းအရုံးမှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်ပြောဆိုသည်။
ယခင်က ထိုဒေသတွင် ကျောက်ထုတ်လုပ်သည့်နေရာ တစ်ခုတည်းရှိသော်လည်း နောက်ပိုင်းလုပ်ငန်းကို ပိုမို ချဲ့ထွင်လုပ်ကိုင်နေသလို ဒေသအသီးသီးမှ ကျောက်ထုတ်လုပ်သားများကို ခေါ်ယူခန့်အပ်ထားသည့်အတွက် ဒေသ တွင်း အမျိုးသမီးများ တစ်ဦးထဲသွားလာစဉ် မလုံခြုံမှုများ ဖြစ်ပေါ်နေသည်ဟု ဒေသခံများက ပြောသည်။



















