Home သတင်း စစ်ဘေးရှောင်နေရ၍ ပုလော‌ဒေသခံအများစု စပါးရိတ်သိမ်းရန် ခက်ခဲ

စစ်ဘေးရှောင်နေရ၍ ပုလော‌ဒေသခံအများစု စပါးရိတ်သိမ်းရန် ခက်ခဲ

619
Photo: (နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့)

နိုဝင်ဘာ ၁၄ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီ စစ်ကြောင်းများရှိနေပြီး ရက်ရှည် တိုက်ပွဲများကြောင့် ဒေသခံများ စစ်ဘေးတိမ်းရှောင် နေရပြီး ၎င်းတို့ စိုက်ပျိုးထားသည့် စပါးများ ရိတ်သိမ်းရန် အခက်အခဲများ ကြုံတွေ့နေသည်ဟု ဒေသခံများနှင့် စစ်ဘေးရှောင်ကူညီသူတို့က ပြောသည်။

ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက် နေ့မှ စ၍ စစ်ကောင်စီက စစ်ကြောင်းထိုး ရောက်လာခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ရက်ရှည်တိုက်ပွဲ ဖြစ်ပွားနေသည့်အတွက် ယခုလို စပါးရိတ်သိမ်းနိုင်ခြင်းမရှိ ဖြစ်နေသည်ဟု ပုလောမြို့နယ်ရှိ ဒေသခံတဦးက ယခုလို ပြောသည်။

“အဓိကကတော့ အိမ်ကိုမပြန်နိုင်သေးတာရယ်။ ပြီးတော့ နယ်မြေကအခုထိ လုံခြုံမှုတွေမရှိသေးတော့ သွားလာလို့ အဆင်မပြေဘူး။ လယ်ထဲဆင်းဖို့ကြတော့လည်း မြေမြှုပ်မိုင်းတွေကိုကြောက်လို့ ဘယ်သူမှသိပ်ပြီးမသွား ရဲကြပြန် ဘူး။ အဲ့တာတွေကြောင့် ဒီနှစ်စပါးတွေကို ပြန်ရိတ်ဖို့အတွက် သွားလာရေးအခက်အခဲတွေရှိနေတယ်” ဟု ၎င်းက နိုဝင်ဘာ ၁၄ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

နှစ်ဘက် ရက်ရှည်တိုက်ပွဲများကြောင့် ပုလောမြို့နယ် အတွင်းရှိ ပလမြို့၊ သင်္ကန်းတော၊ ကျောင်းနိမ့်၊ တန်းရှင်း၊ ကဒဲ၊ မင်းပြင်၊ ဘိုင်းပြင်၊ မင်းထိန်ရွာမှ ထောင်နှင့်ချီသည့် ဒေသခံများ လတ်တလောတွင် စစ်ဘေးတိမ်းရှောင် နေကြရသည်ဟု စစ်ဘေးရှောင်ကူညီသူတို့က ပြောသည်။

ထို့အပြင် ပုလောမြို့နယ်အတွင်း စက်သုံးဆီဝယ်ယူမှုများကို ကျေးရွာများဘက်တွင် ယနေ့အချိန်ထိ ကန့်သတ် ထားသည့်အတွက် စပါးရိတ်သိမ်းသည့်စက်များကို မောင်းနှင်ရသည့်အခါတွင်လည်း စက်သုံးဆီတန်ဖိုး မတတ်နိုင် သည့်အပြင်စက်ငှားရမ်းခများ ယခင်ကထက်ဈေးမြင့်လာခြင်းများ ကြုံတွေ့နေရသည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

“မြို့ထဲမှာကတော့ စက်သုံးဆီတွေကို ဝယ်လို့ရတယ်။ ရွာတွေဘက်မှာတော့ အကန့်အသတ်နဲ့ ပေါ့နော်ဝယ်နေရ တယ်။ အဲ့တာတွေကြောင့်လည်းပါတယ်။ ပြီးတော့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေလည်း ရှိနေတယ်။ စပါးရိတ် သိမ်းဖို့ အချိန်မမီမှာကို အဓိကစိုးရိမ်ကြတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အထက်ပါဖြစ်စဉ်နှင့် အလားတူ ယခုနှစ် မိုးရာသီ ဩဂုတ်လအတွင်းက ကေအဲန်ယူ ထိန်းချုပ်နယ်မြေ၊ မြို့နယ် များတွင် ရေကြီးရေလျှံမှု ရက်သတ္တပတ်ကျော်ခန့် ဖြစ်ပွားခဲ့ပြီး လယ်ယာမြေ အများအပြား ရေနှစ်မြှုပ်ကာ စပါး ပင်များသေဆုံးပျက်စီးမှု ဖြစ်ပွားခဲ့သည်။ ထိုသို့ ပျက်စီးသွားသည့် လယ်ယာများကို အစားထိုးပြန် စိုက်ရန်အတွက် ပျိုးပင်မရှိသောကြောင့် အခက်အခဲရှိသည်ဟု တောင်သူ၊ လယ်သမား များထံမှ သိရသည်။