နိုဝင်ဘာ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်တွင် ညှဉ်းပန်းနှိပ်စက်ခံရသည့် ဒဏ်ရာဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က အသက် သေဆုံးသွားခဲ့ရသော မြန်မာနိုင်ငံသား အောင်ကိုကို၏ အမှုမှန်ပေါ်ပေါက်ရေးအတွက် Fortify Rights အဖွဲ့က ၎င်းတို့ စုံစမ်းဖော်ထုတ်ရရှိထားသည့် စာမျက်နှာ ၄၄ မျက်နှာ ပါဝင်သော အစီအရင်ခံစာတစ်စောင်ကို ယနေ့ တွင် ထုတ်ပြန်လိုက်သည်။
အသက် (၃၇) နှစ်အရွယ်ရှိ အောင်ကိုကို သေဆုံးမှုတွင် ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦး၏ ညှဉ်းပန်းနှိပ် စက်မှု ကြောင့် သေဆုံးသွားရခြင်းဖြစ်ကြောင်း မျက်မြင်သက်သေနှင့် ပါဝင်ပတ်သက်သူများကို လိုက်လံ မေးမြန်းစုံ စမ်းထားချက်များကို အစီရင်ခံစာတွင် အသေးစိတ်ဖော်ပြထားပြီး ကျူးလွန်ပါဝင်သူ ထိုင်းစစ်သား ၄ ဦးမှာ ပြစ်မှုကင်းလွတ်ခွင့်ရရှိနေကြောင်း Fortify Rights က ဆိုထားသည်။
ထိုင်းအစိုးရအနေဖြင့် အောင်ကိုကိုအား သတ်ဖြတ်မှုတွင် ထိုင်းစစ်တပ်မှ စစ်သားများပါဝင်ပတ်သက်နေမှုနှင့် စပ် လျဉ်း၍ စေ့စပ်မြန်ဆန်ကာ သမာသမတ်ကျသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သင့်ပြီး ကျူးလွန်သူများ အားလုံး အပေါ် တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သင့်ကြောင်း Fortify Rights ၏ အမှုဆောင်အရာ ရှိချုပ် Matthew Smith က ထုတ်ပြန်ချက်တွင် ယခုလိုပြောဆိုထားသည်။
“အောင်ကိုကိုရဲ့ ကြောက်မက်ဖွယ် ညှဉ်းပန်းနှိပ် စက်သတ်ဖြတ်ခံရမှုဟာ မဖြေရှင်းဘဲ ထားလို့မရပါဘူး။ တိုက် ရိုက်တာဝန်ရှိတဲ့ တရားခံစစ်သားတွေကို နှောင့်နှေးမှုမရှိဘဲ တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သင့် ပါ တယ်” ဟု ပြောသည်။
အောင်ကိုကို သေဆုံးမှုမှာ ၁၀ လကျော်ကြာမြင့်ပြီးဖြစ်သော်လည်း အဓိက တရားခံကို ဖော်ထုတ်ဖမ်းဆီးနိုင် ခြင်း မရှိဘဲ အောင်ကိုကိုအား ညှဉ်းပန်းနှိပ်စက်မှုနှင့် သေဆုံးစေမှုတွင် မျက်မြင်သက်သေဖြစ်သူ အသက် ၂၄ နှစ်အရွယ် မြန်မာလူမျိုး စီရာချက် (Sirachuch)ဆိုသူကိုသာ ရုံးတင်စစ်ဆေးပြစ်ဒဏ်ချမှတ်ထားနိုင်ခြင်းကြောင့် ထိုင်းရဲ တပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုမှာ မေးခွန်းထုတ်စရာဖြစ်ကြောင်းလည်း အစီရင်ခံစာတွင် ထောက်ပြထားသည်။
အောင်ကိုကို သေဆုံးမှုအတွက် မျက်မြင်သက်သေနှင့် ညှဉ်းပန်းနှိပ်စက်မှုတွင် ပါဝင်ခဲ့သူ စီရာချက် (Sirachuch) ဆိုသူကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ထိုင်းတရားရုံးက အောင်ကိုကို အသတ်ခံရမှု၏ ကြံရာပါ အဖြစ် ထောင်ဒဏ် ၃ နှစ်နှင့် လေးလချမှတ်ခဲ့သည်ဟု အစီရင်ခံစာတွင် ပါရှိသည်။
ယခုဖော်ထုတ်ထားသည့် အစီရင်ခံစာကို ထိုင်းနိုင်ငံ၊ မဲဆောက်ခရိုင်ထဲတွင် ယခုနှစ် ဇန်နဝါရီလမှ စ၍ စက်တင် ဘာလအထိ ၉ လခန့် အချိန်ယူ၍ မျက်မြင်သက်သေများအပါအဝင် ကျေးရွာလုံခြုံရေး စေတနာလုပ်သားများ၊ ဒေသခံကျေးရွာအုပ်ချုပ်ရေးမှူး၊ အောင်ကိုကို၏ မိသားစုဝင်များနှင့် မဲဆောက်ခရိုင်အတွင်း ရွှေ့ပြောင်း နေထိုင် သူများကို ကူညီပေးနေသည့် လူ့အခွင့်အရေးလှုပ်ရှားသူများစသည်တို့ ပါဝင်သော အထောက်အထားများနှင့် တွေ့ဆုံမေးမြန်းမှု ၂၃ ခုကိုအခြေခံ၍ စစ်ဆေးဖော်ထုတ်ထားခြင်းဖြစ်ကြောင်း Fortify Rights ကဆိုသည်။

သေဆုံးသွားသူ အောင်ကိုကိုသည် ထိုင်းနိုင်ငံ၊ မဲဆောက်ခရိုင်၊ ထဆိုင်လွတ်မြို့နယ်ခွဲ၊ ဘာန်းတိုင် (Bann Tai) ကျေးရွာတွင် နေထိုင်၍ ထိုင်းအာဏာပိုင်များက စီစဉ်လေ့ကျင့်သင်ကြားပေးထားသည့် ရပ်ရွာလူထုအခြေပြု လုံခြုံရေးတပ်ဖွဲ့ ချော်ရော်ဘော် (Chor Ror Bor) ၏ စေတနာ လုပ်သားဟောင်း တစ်ဦးဖြစ်ကြောင်း အစီရင်ခံစာ အရ သိရသည်။
ထိုသို့ မြန်မာနိုင်ငံသားဖြစ်ပြီး ယခုလို ချော်ရော်ဘော် (Chor Ror Bor) အဖွဲ့ဝင်အနေဖြင့် ချော်ရော်ဘော် အင်္ကျီ ဝတ်ထားသည့်အပေါ် ၎င်းဒေသတွင် နယ်စပ်လုံခြုံရေး တာဝန်ကျ ထိုင်းစစ်တပ်၏ ဖမ်းဆီးထိန်းသိမ်း စစ်ဆေး မေးမြန်းခဲ့ရာမှ သေစေလောက်သည့် တုတ်များဖြင့် ညှဥ်းပန်းရိုက်နှက်နှိပ်စက်ခံရပြီး သေဆုံးသွားခြင်း ဖြစ် ကြောင်း မျက်မြင်သက်သေများ၏ ပြောဆိုမှုအပေါ် အခြေခံ Fortify Rights က အစီရင်ခံစာတွင် အသေးစိတ် ထည့်သွင်းဖော်ပြထားသည်။
အစီရင်ခံစာ မျက်မြင်သက်သေ၏ ထွက်ဆိုချက်အရ “အောင်ကိုကိုက သူတို့မေးတာတွေကို ပြန်ဖြေလို့လည်း ပြီးရော ခေါင်းဆောင် (ထိုင်းစစ်သား) က ကျနော်တို့ရှေ့မှာတင် အောင်ကိုကိုရဲ့ ကျောကုန်းနဲ့ ခြေထောက်တွေကို ဝါးရင်းတုတ်နဲ့ အချက်ပေါင်းမနည်း အားထည့်ပြီး ရိုက်တာ ဝါးရင်းတုတ်ကျိုးပါ ကျိုးတဲ့အထိပဲ။ ပြီးတော့ အရှည် ၁.၅ မီတာ (၅ ပေ နီးပါး) လောက်ရှိတဲ့ နောက်ထပ်တုတ်ချောင်းရှည်နဲ့ အောင်ကိုကိုကို အဲ့တုတ်ပါ မကျိုး မချင်းအထိကို ဆက်ရိုက်တယ်။” ဟု ဖော်ပြပါရှိသည်။
Fortify Rights အနေဖြင့်လည်း အောင်ကိုကို၏ အမှုကို ထိုင်းနိုင်ငံ၏ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) ကို မှ နိုဝင်ဘာလ ၇ ရက်နေ့တွင် လူကိုယ်တိုင် သက်သေခံအဖြစ် သွားရောက်၍ အောင်ကိုကို အသတ်ခံရမှုနှင့် ပတ်သက်သည်များကို တိုင်ကြားခဲ့သလို အစီရင်ခံစာအပါအဝင် အမှုနှင့်သက်ဆိုင်သည့် အခြားအထောက် အထားများကိုလည်း ပေးအပ်ခဲ့သည်ဟု ဆိုသည်။
အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့ နှင့် ၆ ရက်နေ့တွင် ကုလသမဂ္ဂ ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေး ကော်မတီသည် အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ အနေဖြင့် သဘောတူစာချုပ်အား လိုက်နာမှုရှိ၊ မရှိကို ပြန်လည် သုံးသပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြန်လည်သုံးသပ်မှုတွင် ထိုင်းတရားရေးဝန်ကြီးဌာန၏ လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့် ကာကွယ်ရေး ဌာန ညွှန်ကြားရေးမှူးချုပ် Aimon Siangyai က ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်သည့် မည်သူမဆို ရာဇဝတ်မှု ကျူးလွန်ခြင်းအတွက် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပေးမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု အစီရင်ခံစာ ထုတ်ပြန်ချက်က ဆိုထားသည်။
Fortify Rights အဖွဲ့သည် အမေရိကန်နှင့် ဆွစ်ဇာလန် နိုင်ငံများတွင် မှတ်ပုံတင်ထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေး အဖြေရှာသည့် လုပ်ငန်းများကို လှုပ်ရှားဆောင်ရွက်သော အဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။



















