Home သတင်း ပိတ်ဆို့ခံထားရသည့် အနန်းကွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချအညံ့ခံရန် ငြင်းဆန်နေဆဲ

ပိတ်ဆို့ခံထားရသည့် အနန်းကွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချအညံ့ခံရန် ငြင်းဆန်နေဆဲ

625
Photo: Rain Could

နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ အနန်း ကွင်း ဗျူဟာကုန်းတပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် – KNLA ပူးပေါင်းတပ်များက ယခင်လကုန်ကတည်းက လက်နက်ချအညံ့ခံခိုင်းသော်လည်း နှစ်ပတ်ကျော်ကြာသည်အထိ အညံ့ခံမှုမရှိသေးကြောင်း မြေပြင်သတင်း အရင်းအမြစ်ထံမှ သိရသည်။

အဆိုပါ ဗျူဟာကုန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ၀ိုင်း၀န်းပိတ်ဆို့ထားပြီး စစ်ကောင်စီ တပ်ဖွဲ့၀င် များကို လက်နက်ချအညံ့ခံ ပူးပေါင်းရန် ဆက်တိုက်ဆိုသလို သတိပေးပြောနေသော်လည်း စစ်ကောင်စီ ဘက်က အညံ့ခံမည့်အစား ဆက်လက်တိုက်ခိုက်ရန်သာ တုန့်ပြန်ခဲ့ကြောင်း အခြေအနေကို သိရှိသူ တော်လှန်ရေးပူး ပေါင်းတပ် ဖွဲ့နှင့် နီးစပ်သည့် အမည်မဖော်လိုသူ ဝင်းရေးနယ်မြေခံတစ်ဦးက ယခုလိုပြောသည်။

“အခုက တစ်ဖက်နဲ့တစ်ဖက်လှမ်းပြောရင်ကြား နေရပြီးဆိုတော့ တော်လှန်ရေး တပ်ဖွဲ့ဘက်က အနန်းကွင်းဗျူဟာစခန်းထဲက စစ်ကောင်စီတပ်သားတွေကို လက်နက်ချဖို့အညံ့ခံဖို့အော်ပြီး လှမ်းပြောတာတွေရှိတယ်။ စစ်ကောင်စီတပ် သားဘက်တွေဘက်ကလည်း ခေါင်းမာတယ်။ သူတို့လုံး၀မချနိုင်ပါဘူးဆိုပြီး ဆဲပြီးပြန်တုန့် ပြန်လာတယ်။ တော်လှန် ရေးတပ်ဖွဲ့ကို ပစ်စမ်းဆိုပြီးစိန်ခေါ်ပြောလာတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ လက်နက်ချ ပူးပေါင်းရန် ငြင်းဆန်နေသည့် အနန်းကွင်းဗျူဟာကုန်းရှိ စစ်ကောင်စီ တပ်ဖွဲ့၀င်များကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က စနိုက်ပါဖြင့် နေ့စဥ်ပစ်ခတ်လျက်ရှိသည်။ ထို့အပြင် စားနပ်ရိက္ခာလမ်းကြောင်းများကိုလည်း ဖြတ်တောက်ထားသောကြောင့် စခန်းစွန့်ခွာ ထွက်ပြေးသူများရှိပြီး ၎င်းတို့ကို KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ဖမ်းဆီးရရှိမှုများ ရှိသည်ဟု ၎င်းဒေသခံက ဆက်ပြောသည်။

အနန်းကွင်း‌‌‌ဒေသတွင် ယခုနှစ် မတ်လမှ စတင်၍ တကျော့ပြန်တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က စစ်ရေးအရှိန်တိုးမြင့်၍ အနန်းကွင်း ဗျူဟာကုန်းစခန်းကို သိမ်းပိုက်ရရှိနိုင်ရေး ၀ိုင်း၀န်းပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှလည်း ၎င်းတို့စခန်းမကျရေး လေ‌ကြောင်းတိုက်ခိုက်မှုဖြင့် အပြင်းအထန် ပြန်လည် တုန့်ပြန် တိုက်ခိုက်ခဲ့သည်။

လတ်တလောတွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က စခန်းကို ၀ိုင်း၀န်းပိတ်ဆို့ ဖြတ်တောက် တိုက်ခိုက်ထားခြင်း‌‌ကြောင့် စစ်ကောင်စီဘက်မှ စစ်ကူမပို့နိုင်သလို စာနပ်ရိက္ခာ နှင့် လက်နက်ခဲယမ်း ထောက်ပို့မှုများကိုလည်း လေကြောင်းဖြင့်သာ ပို့ဆောင်ပေးနိုင်ကြောင်း မြေပြင် စစ်ရေး သတင်းအရင်းအမြစ်များထံမှ သိရသည်၊၊

အဆိုပါ အနန်းကွင်းဗျူဟာကုန်စခန်းသည် သံဖြူဇရပ်-ဘုရားသုံးဆူ လမ်းမပေါ်တွင်ရှိနေပြီး နှစ်ဖက် တိုက်ပွဲကြောင့် ဒေသခံကျေးရွာ ၅ ရွာခန့်မှ လူဦး ရေ (၃,၀၀၀) ခန့် စစ်ဘေးရှောင်နေထိုင်နေကြရသည်။ ဘုရားသုံးဆူ၊ သံဖြူ ဇရပ်၊ မော်လမြိုင်လမ်းပိုင်း နှင့် အနန်းကွင်း၊ ဖားပြ၊ ခလယ်တံခွန်တိုင်၊ ကြာအင်း ဆိပ်ကြီးလမ်းပိုင်းများတွင်လည်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခက်ခဲလျက်ရှိကြောင်း သိရသည်။