Home သတင်း ကျုံဒိုးတွင် စစ်ကောင်စီတပ် စစ်အင်အားစုဆောင်းပြီး ကော့ကရိတ်အာရှလမ်းဘက်သို့ ပို့ဆောင်နေ

ကျုံဒိုးတွင် စစ်ကောင်စီတပ် စစ်အင်အားစုဆောင်းပြီး ကော့ကရိတ်အာရှလမ်းဘက်သို့ ပို့ဆောင်နေ

363
Photo: (ပုံဟောင်း)

နိုဝင်ဘာလ ၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ဖားအံမြို့အခြေစိုက် စစ်ကောင်စီ တပ်မ ၂၂ မှတဆင့် ကျုံဒိုးရှိ ခြေမြန်တပ်ရင်း -ခမရ ၅၄၅/ ၅၄၆/ ၅၄၇ များသို့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားများနှင့် လက်နက်ခဲယမ်းများအား တပ်ရင်းများအတွင်း တစ်ထောက်နား စုဆောင်းပြီးနောက် ကော့ကရိတ်အာရှလမ်းရှေ့တန်း စစ်ကြောင်းများထံ စစ်ကူပို့ဆောင်ပေးလျက်ရှိကြောင်း ဒေသတွင်း တော်လှန်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

ထိုသို့ ပို့ဆောင်ပေးရာတွင် ကျုံဒိုးမြို့အခြေစိုက် ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် BGF- တပ်ဖွဲ့အချို့က စစ်ကူပို့ ဆောင်ပေးလျက်ရှိသည်ဟု နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ သတင်းအရင်းအမြစ်တစ်ခုက ကေအိုင်စီသို့ ယခုလို ပြောသည်။

“ဖားအံက နေ့တိုင်း စစ်သားပို့တယ်။ ၅၄၅/၅၄၆/၅၄၇ နဘူးဘက်အထိ ပို့တယ်။ အဲ့ကနေ လူစုပြီးရင် BGF ဝင်း အောင်တို့၊ ဗိုလ်မြတ်လှိုင်တို့က ကော့ကရိတ်ဘက်ကို ပို့ပေးတယ်။ နောက် ငါးတိုင်၊ ကိုးတိုင်၊ ခုနှစ်တိုင်၊ ချောင်း ဖျားတို့၊ ကျုံဒိုးကမ်းနားပိုင်းတို့ကို ကင်းပတ်တာ၊ လမ်းကင်းထိုးတာ၊ ရွာတွေအဝင်အထွက်အချိန်ပိုင်းဂိတ် ချစစ် တာမျိုးတွေ နေ့တိုင်းလုပ်တယ်၊ အဓိကကတော့ စစ်ကူလမ်းကြောင်းကို လာမတိုက်နိုင်အောင်လည်း သူတို့ ကူလုပ်ပေးနေတာပေါ့”ဟု ၎င်းက ပြောသည်။

ကျုံဒိုးမြို့အခြေစိုက် BGF တပ်ဖွဲ့အချို့က စစ်ကောင်စီတပ်အတွက် စစ်ကူ ပို့ဆောင်ပေးလျက်ရှိသည်ဟု ပြောဆိုမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့တာဝန်ရှိသူများကို ကေအိုင်စီက ဆက်သွယ်မေးမြန်း၍ မရရှိသေးပေ။

ထို့အပြင် စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ များ စစ်ရေး တင်းကြပ်နေသည့်အပြင် ကျေးရွာများ ဘက်သို့ လက် နက်ကြီး ပစ်ခတ်ခြောက်လှန့်မှုကြောင့် ကျုံဒိုးနှင့်ကော့ကရိတ် မြို့ဘက်သို့ ကျေးရွာ သားများလာရောက်မှု မရှိတော့ဘဲနေရပ်စွန့်ခွာစစ်ဘေး ရှောင်နေထိုင်နေကြရကြာင်း သိရှိရပါသည်။

ချောင်းဖျားကျေးရွာ ဒေသခံ သတင်းအရင်းအမြစ်က “ကျုံဒိုးဂျိုင်းတံတားကတော့ စစ်တပ်နဲ့ BGFက အထိုင် ချပြီးစစ်နေတာပဲ။ ရွာဘက်က ဈေးဝယ်တက်လာတဲ့အဖွဲ့ တွေဆို ပိုစစ်တယ်။ ချောင်းဖျားလည်း ဂိတ်ချတယ်။ ကမ်းနီ၊ ကျုံဒိုးဘောဂိတ်လည်း ဂိတ်ချစစ်တယ်၊ ကားခဆိုင် ကယ်ခကောက်တယ်။ သူတို့စစ်ပြီးရင် ကျုံဒိုးဘက်ကို တပ်ပြန်ရုပ်သွားတယ်။ နေ့တိုင်း တစ်နေရာ မဟုတ်တစ်ရွာမဟုတ်သူတို့ ၂ ဖွဲ့ လုံးကစစ်တာ၊ ကင်းချတာရှိတယ်”ဟု ပြောသည်။

လတ်တလောတွင် ကျုံဒိုးရေပူကျေးရွာဘက်နှင့် ကော့ကရိတ် ရန်ကုတ်၊ တတန်ကူး၊ လှိုင်စိမ်းကျေးရွာ ဘက် ၊ အာရှလမ်းသစ်နေရာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်ဖြစ်နေကြောင်း သိရသည်။

တဆည်းတည်းတွင်ပင် ယနေ့ မွန်းလွဲပိုင်းတွင်လည်း ကေအဲန်ယူ ဒူးပလာယာခရိုင်/တပ်မဟာ ၆ နယ်မြေ နို့တ ကော(ကြာအင်းဆိပ်ကြီး)မြို့နယ်တွင် စစ်ကောင်စီက လေယာဉ် ၂ စင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သောကြောင့် အဆောက်အဦးအချို့ကို ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။

ထိုသို့ တိုက်ပွဲများဖြစ်ပွားနေသော်လည်း ဒေါနတောင် လမ်းဟောင်း၊ ထို့ကော်ကိုး လမ်း၊ BGF ၁၀၁၈ လမ်းပိုင်း များမှ ထိုင်းကုန်စည် စီးဆင်းမှု၊ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းများ ဆက်သွယ်သွားလာ၍ ရနေသေးကြောင်း သိရသည်။