“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊ စစ်ကောင်စီအနေနဲ့ အပြစ်ကင်းလွတ်ခွင့် ရနေဦးမှာဖြစ်တယ်။ နောက်ပြီး နိုင်ငံတကာဥပဒေပိုင်းအရ တရားစီရင်ရေးလုပ်ငန်းစဥ်ကို အရေးယူရေးလုပ်ငန်းစဥ်ကို ဒီထက်ပိုပြီးအမြန်ဆုံး ဆောင်ရွက်ဖို့ လိုအပ်ပါတယ်” စောနန္ဒဆူး/ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ပြောခွင့်ရသူ
ကရင်လူ့အခွင့်အရေးအဖွဲ့- KHRG ပြောခွင့်ရ စောနန္ဒဆူးနှင့် တွေ့ဆုံမေးမြန်းချက်
နိုဝင်ဘာ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး KNU ၏ ကော်သူးလေနယ်မြေအပါအဝင် မြန်မာပြည် အရှေ့တောင်ပိုင်းဒေသများတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပိုမိုများပြားလာပြီး ဒေသခံပြည်သူလူထုသည် အကြောက်တရားဖြင့် နေထိုင်ကြရသည့်အပြင် လူနေမှုဘဝရပ်တည်ရေး ခက်ခဲလာသည့်အပေါ် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ယခု နိုဝင်ဘာလအတွင်း အစီရင်ခံစာရေးသားထုတ်ပြန်ခဲ့သည်။
KHRG က ရေးသားထုတ်ပြန်သည့် မှတ်တမ်းအစီရင်ခံစာနှင့်ပတ်သက်ပြီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုနောက်ကွယ်၌ အရပ်သားပြည်သူများ ရင်ဆိုင်နေရသည့်အခြေအနေ၊ စစ်ကောင်စီက အရပ်သားပြည်သူများကို ပစ်မှတ်သဖွယ် တိုက်ခိုက်နေမှုနှင့် ပြည်သူများ စစ်ဘေးရှောင်ရာတွင် လိုအပ်ချက်စသည်တို့ကို သိရှိနိုင်ရန် KHRG အဖွဲ့ ပြောခွင့်ရ စောနန္ဒဆူးနှင့် တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ လက်ရှိမြန်မာနိုင်ငံတဝှမ်းမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်နေတဲ့အထဲ မြန်မာပြည်တောင်ပိုင်းမှာရော လေကြောင်းတိုက်ခိုက်မှုအခြေအနေ ဘယ်လိုရှိပါလဲ၊ KHRG ရဲ့မှတ်တမ်းတွေအရ ပြောပြပေးနိုင်မလား။
ဖြေ။ ။ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကတော့ ဆိုးဆိုးရွားရွားရှိနေတုန်းပဲ။ အထူးသဖြင့် ထိခိုက် ပျက်စီးမှု၊ သေဆုံးမှုတွေက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တိုင်းမှာ ဖြစ်ပေါ်နေတဲ့ ပြင်းထန်တဲ့ဆိုးကျိုး သက်ရောက်မှုတွေပဲ ဖြစ်တယ်ပေါ့။ လေကြောင်းတိုက်ခိုက်မှုတွေအပေါ်မှာတော့ ထိခိုက်မှုနဲ့ ပျက်စီးဆုံးရှုံးမှုက အများအပြား ရှိတာပေါ့။
မေး။ ။ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကြောင့် နေ့စဥ်နဲ့အမျှအရပ်သား ထိခိုက်မှုတွေ ဖြစ်ပွား နေရတယ်လို့ သိရတယ်။ ဒါတွေက ဒီနှစ်ထဲမှာ ဘယ်လောက်ထိဆိုးရွားလာပါလဲ။
ဖြေ။ ။ ကျနော်တို့ရရှိတဲ့ အချက်အလက်အရဆိုရင် အရပ်သားထိခိုက်သေဆုံးမှုက အယောက် ၄၀၀ ကျော် တယ်။ ဒါပေမဲ့လည်း တကယ့်တကယ်မြေပြင်မှာ ပမာဏကဒီထက်အများကြီး ပိုပြီးများပြားနိုင်ပါတယ်။ ကျနော် တို့လည်း ဖြစ်စဥ်ဖြစ်ပွားတိုင်း အချက်အလက်ကောက်ယူနိုင်စွမ်း မရှိဘူး။ ဒါကြောင့်လည်း ထိခိုက်သေဆုံးမှု ပမာဏက ဒီထက်အများကြီးများပြားနိုင်ပါတယ်။
မေး။ ။ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေက တော်လှန်ရေးတပ်တွေရှိတဲ့နေရာတင်မကဘူး၊ အရပ်သားတွေနေထိုင်တဲ့ နေရာတွေကိုပါ တိုက်ခိုက်နေတာမျိုးက ဘာကြောင့်ပါလဲ။
ဖြေ။ ။ နှစ်ပိုင်း ရှိတယ်ပေါ့လေ။ ရမ်းသမ်းပစ်ခတ်တိုက်ခိုက်တာနဲ့ နောက်တခါကျ တမင်ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာပေါ့။ ရမ်းသမ်းပစ်ခတ်မှုကကျတော့ သူတို့ရဲ့ရန်သူတွေရှိတဲ့ နေရာကိုလည်းကောင်း၊ အရပ်သားရှိတဲ့ နေရာကိုသော်လည်းကောင်း မခွဲခြားဘဲနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်နေတာပေါ့လေ။
တမင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာကကျတော့ အတိုက်ခံ မရှိမှန်းသိရက်၊ အရပ်သားပြည်သူတွေ ရှိမှန်း သိရက်နဲ့ လုပ်နေတယ်ပေါ့။ ဒါက စစ်တပ်က ခေတ်အဆက်ဆက်ကလုပ်ဆောင်လာတာလည်းဖြစ်ပြီး သူတို့နဲ့ အတိုက်အခံတွေကို တိုက်ခိုက်တဲ့အခါမှာ ပြည်သူတွေနဲ့ရောနှောပစ်မှတ်ထားပြီးတော့ တိုက်ခိုက်လေ့ရှိတယ်။ သူ့ရည်ရွယ်ချက်ကတော့ ပြည်သူတွေအကြောက်တရားဖြစ်စေအောင် ရည်ရွယ်တာပေါ့။
မေး။ ။ စစ်ကောင်စီရဲ့ဒီလိုတိုက်ခိုက်မှုတွေကို ရပ်တန့်အောင် ဘာတွေလုပ်ဖို့လိုပါလဲ။
ဖြေ။ ။ ခေတ်အဆက်ဆက် စစ်တပ်ကကျုးလွန်နေတဲ့ အရပ်သားတွေအပေါ် ကျူးလွန်မှုတွေအတွက် စစ်တပ်က အခုချိန်ထိ အပြစ်ကင်းလွတ်ခွင့်ရနေဆဲ ဖြစ်တယ်။ ၂၀၂၁ အာဏာသိမ်းမှုဖြစ်ပွားပြီးကတည်းက စစ်ကောင်စီက အရပ်သားတွေအပေါ် ပစ်မှတ်ထားပြီး ဆက်လက်တိုက်ခိုက်နေတုန်းပဲ။ ဒီအပေါ်မှာ အရေးယူ ဆောင်ရွက်မှုက ထိထိရောက်ရောက်လည်း ဒီနေ့အချိန်ထိ မရှိခဲ့ဘူး။ စစ်ကောင်စီကလည်း ဆက်လက် ကျူးလွန် နေတုန်းပဲ။
ဒီအပေါ်မှာ မဖြစ်မနေအရေးယူမှု ထိထိရောက်ရောက်လုပ်ဖို့လိုတယ်။ ဒါမှသာ အရပ်သားပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်မှုက ရပ်တန့်နိုင်မယ်။ အဲဒါကြောင့် ဒါသည်ဥပဒေရှုထောင့်အရသော်လည်းကောင်း၊ နိုင်ငံရေးအရ သော်လည်းကောင်း မဖြစ်မနေလိုအပ်တဲ့ တရားစီရင်ရေး အရေးယူဆောင်ရွက်ရေးတွေ လုပ်ကိုလုပ်ဆောင် ရပါမယ်။ ဒီလိုအရေးယူမှုမျိုး မရှိဘူးဆိုရင် စစ်တပ်က ဒီလိုအမှုမျိုးတွေ ဆက်လက်ကျုးလွန် လုပ်ဆောင်နေဦးမှာ ပါပဲ။ ပြီးလို့ရှိရင် ဒီအပေါ်မှာတရားမျှတမှု ရှိမှာမဟုတ်သလို၊ တာဝန်ယူမှု တာဝန်ခံမှုတွေ ရှိမှာမဟုတ်ဘူး။
မေး။ ။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် ကရင်ပြည်နယ် အပါအဝင် မြန်မာပြည်အရှေ့တောင်ပိုင်းမှာ စစ်ရှောင်ဦးရေတိုးလာတယ်လို့ သိရတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်လောက်ထိ တိုးလာသလဲဆိုတာ ပြောပြပေးပါ။
ဖြေ။ ။ စစ်ဘေးရှောင်ဦးရေက အမြဲတမ်းကိန်းဂဏန်းအရတော့ မြင့်မားတယ်ပေါ့လေ။ လက်နက်ကိုင်ပဋိပက္ခ တခုတည်းတင်မကဘူး၊ သဘာဝဘေးအန္တရာယ်ကြောင့် ထွက်ပြေးတိမ်းရှောင်မှုတွေကလည်း ရှိနေတယ်။ ထွက်ပြေးတိမ်းရှောင်ရတဲ့ အရပ်သားဦးရေကလည်း တည်ငြိမ်နေတာ မဟုတ်ပါဘူး။ တက်လိုက်ကျလိုက်တော့ ရှိနေတယ်ပေါ့။ လက်ရှိအရတော့ ၁၀ သိန်းနဲ့အထက် ရှိပါတယ်။ အထူးသဖြင့် ထွက်ပြေးရတဲ့အရပ်သား ပြည်သူလူထုဦးရေဟာဆိုရင် ၁၀ သိန်းနဲ့အထက် ရှိနေပါတယ်။
မေး။ ။ စစ်ရှောင်လူဦးရေ ၁၀ သိန်းနဲ့အထက် တိမ်းရှောင်နေရတဲ့အခြေအနေမျိုးမှာ သူတို့ရဲ့စားနပ်ရိက္ခာ အတွက် လုံလောက်တဲ့ကူညီထောက်ပံ့မှု ရရှိပါလား။
ဖြေ။ ။ ကြီးမားတဲ့ စစ်ဘေးရှောင်အရေအတွက် အတွက်တော့ လိုအပ်တဲ့ကူညီထောက်ပံ့မှု မရဘူးပေါ့လေ။ နောက်တခါ နိုင်ငံတကာအကူအညီတွေ ပေးတဲ့အခါမှာလည်း အထူးသဖြင့် တိုင်းရင်းသားနယ်မြေတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေဆီ အချိန်မီရောက်လေ့မရှိဘူး။
နောက်တခုက အရပ်ဖက်ဒေသခံပြည်သူတွေ ပေးနေတဲ့အကူအညီကလည်း လုံလောက်မှုမရှိဘူး။ ဒီအပေါ်မှာ ကျနော်တို့လည်း နိုင်ငံတကာက အကူအညီပေးတဲ့အဖွဲ့တွေ၊ ဒေသတွင်းအကူအညီပေးတဲ့ အဖွဲ့တွေနဲ့ တိုက်ရိုက် ပူးပေါင်းလုပ်ဆောင်ဖို့ တောင်းဆိုလေ့ရှိတယ်။ ဒါပေမဲ့ လူသားချင်းစာနာမှုအကူအညီအတွက်ကတော့ လုံလောက်မှု မရှိသေးဘူး။
မေး။ ။ နိုင်ငံတကာလူသားချင်းစာနာမှုအကူအညီမှာ နယ်စပ်ဖြတ်ကျော်လာတာက အနည်းစုပဲရောက်တယ်လို့ သိရပါတယ်။ စစ်ကောင်စီအောက်ကအကူအညီနဲ့ လုပ်ဆောင်တာများတယ်ဆိုတော့ နိုင်ငံတကာထောက်ပံ့မှုက တကယ်ဒုက္ခရောက်နေတဲ့ ပြည်သူလက်ထဲရောက်နိုင်မှု အခြေအနေဘယ်လိုရှိပါလဲ။
ဖြေ။ ။ နိုင်ငံတကာအကူအညီပေးတဲ့ အဖွဲ့တွေကဆိုရင် နယ်စပ်ဖြတ်ကျော်အကူအညီပေးဖို့ ဒီဘက်က နယ်စပ် ဖြတ်ကျော်တဲ့ လမ်းကြောင်းကသော်လည်းကောင်း၊ ဒေသခံ အကူအညီပေးတဲ့အစုအဖွဲ့တွေနဲ့ သော်လည်းကောင်း တိုက်ရိုက်အကူအညီပေးမှု မလုပ်သရွေ့ကတော့ ကျေးလက်ပေါ့၊ အထူးသဖြင့် တိုင်းရင်းသားနယ်မြေဒေသမှာ စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေအတွက် ဘယ်တော့မှအကူအညီလုံလောက်မှု ရှိမှာမဟုတ်သလို ပြည့်စုံ လုံလောက်မှုလည်း ရှိမှာမဟုတ်ပါဘူး။
အထူးသဖြင့် စစ်ကောင်စီကနေ အကူအညီပေးတဲ့လုပ်ငန်းတွေကိုလုပ်မယ်ဆိုရင် စစ်ကောင်စီရဲ့တရားဝင်မှုကို အသိအမှတ်ပြုတာနဲ့ အတူတူပဲ။ နောက်ပြီး ကျနော်တို့တောက်လျှောက်ထောက်ပြနေသလိုပဲ စစ်ကောင်စီက လူသားချင်းစာနာထောက်ထားမှုအကူအညီကို လက်နက်သဖွယ်အသုံးပြုနေတာဖြစ်တယ်။ ဒီလိုပဲလုပ်နေသရွေ့ ဒီအကူအညီက ပြည်သူလူထုဆီ ဘယ်တော့မှရောက်မှာမဟုတ်ဘူး။ ဒါ့ကြောင့်နိုင်ငံတကာအဖွဲ့တွေအနေနဲ့ စစ်ကောင်စီက သွားနေတဲ့အကူအညီပေးရေးကို ရပ်တန့်ဖို့နဲ့ ဒေသတွင်း၊ ဒေသခံအစုအဖွဲ့တွေနဲ့ တိုက်ရိုက် ပူးပေါင်းပြီး ဒီထက်ပိုအရေးပေး လုပ်ဆောင်ဖို့လိုတယ်။
မေး။ ။ ကရင်တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင်တိုက်ပွဲတွေ တိုးပွားလာမယ်ဆိုရင် ဒေသခံပြည်သူ လူထုအနေနဲ့ ဘာတွေကိုပိုရင်ဆိုင်လာရနိုင်ပါလဲ။
ဖြေ။ ။ ဒီထက်ပိုပြီး အကျပ်အတည်းတွေ၊ မလုံခြုံမှုတွေ ပိုရှိလာမယ်။ အထူးသဖြင့် မလုံခြုံမှု၊ စားနပ်ရိက္ခာ မလုံလောက်မှုတွေက ပိုဆိုးလာမှာပါ။
မေး။ ။ စစ်ကောင်စီရဲ့အရပ်သားတွေကို ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုအပြင် မြန်မာပြည်တောင်ပိုင်းက လူသားချင်းစာနာမှု အကျပ်အတည်းနဲ့ပတ်သက်ပြီး ဘာများပြောချင်တာရှိပါလဲ။
ဖြေ။ ။ တစ်အချက်က စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု အမြန်ဆုံးလျော့နည်း၊ ရပ်တန့်သွားအောင် သက်ဆိုင်ရာအစုအဖွဲ့တွေက ဝိုင်းဝန်းလုပ်ဆောင်ဖို့ လိုတယ်။ အထူးသဖြင့် နိုင်ငံတကာအစုအဖွဲ့တွေအနေနဲ့ စစ်ကောင်စီကို တိုက်ရိုက်စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ရောက်ရှိအောင် အကူအညီမပေးဖို့လိုတယ်။ တချိန်တည်း မှာပဲ လေယာဥ်ဆီသွင်းတာမျိုး၊ လက်နက်တွေ တင်သွင်းရောင်းချခွင့်ပေးတာမျိုး လျော့ချရပ်တန့်ပေးဖို့လိုတယ်။ ဒီလိုလုပ်ဖို့ သက်ဆိုင်ရာတာဝန်ရှိတဲ့အာဏာပိုင် နိုင်ငံတကာအစိုးရအသီးသီးကလည်း စစ်ကောင်စီနဲ့ပူးပေါင်းပြီး လုပ်ဆောင်နေတဲ့အစုအဖွဲ့တွေကို ဖိအားပေးရမယ်။ အရေးယူပိတ်ဆို့မှုတွေ ဒီထက်ပိုလုပ်ဖို့လိုတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကို မရပ်တန့်နိုင်ဘူးဆိုရင် ခုနကပြောတဲ့နစ်နာဆုံးရှုံးမှု၊ သေကြေမှုတွေက ဆက်လက်ပြီးတော့ ဖြစ်ပေါ်နေဦးမှာပဲ။ တချိန်တည်းမှာပဲ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းနဲ့ လိုအပ်ချက်က ဆက်လက်ပြီးများပြားနေဦးမှာပဲ။ အခြေအနေအရပ်ရပ်အပေါ်မှာတော့ အရေးကြီးဆုံးက စစ်ကောင်စီကကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုအရသော်လည်းကောင်း၊ နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေ အရသော်လည်းကောင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုအတွက် အရေးယူဆောင်ရွက်မှု အမြန်ဆုံးလုပ်ဖို့လိုတယ်။ အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာ မဟုတ်သလို၊ စစ်ကောင်စီအနေနဲ့ အပြစ်ကင်းလွတ်ခွင့် ရနေဦးမှာဖြစ်တယ်။ နောက်ပြီး နိုင်ငံတကာဥပဒေပိုင်းအရ တရားစီရင်ရေးလုပ်ငန်းစဥ်ကို အရေးယူရေးလုပ်ငန်းစဥ်ကို ဒီထက်ပိုပြီး အမြန်ဆုံးဆောင်ရွက်ဖို့လိုအပ်ပါတယ်။