“တကယ်လို့ အငြင်းပွားမှုတစ်စုံတရာဖြစ်ခဲ့ရင်တောင် IEC နဲ့ IPCM ကြားမှာ ညှိနှိုင်းဆောင်ရွက်မယ်ဆိုတာလည်း သဘောတူခဲ့ကြတာပါ။…..” IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်
IPCM နှင့် IEC တို့တွေ့ဆုံမှုအပေါ် IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်နှင့် ဆက်သွယ်မေးမြန်းချက်
အောက်တိုဘာလ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
အောက်တိုဘာလ(၁၅)ရက်နေ့က လွတ်လပ်သောမြန်မာ သတင်းမီဒီယာကောင်စီ -IPCM နှင့် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ-IEC တို့ မီဒီယာကိစ္စနှင့်ပတ်သက်၍ အွန်လိုင်းတွေ့ဆုံမှုပြုလုပ်ခဲ့ရာတွင် ရရှိလာသည့် သဘောထားများ၊ အဓိကအားဖြင့် ဆွေးနွေးခဲ့ကြသည့်အကြောင်းအရာများ၊ နှစ်ဖက်အဖွဲ့ကြား ဖန်တီးထားသည့် ဆက်သွယ်ရေးလမ်းကြောင်းမှ အကူအညီပေးသွားမည့် လုပ်ငန်းစဥ်များကို သိရှိနိုင်ရန် IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်နှင့် ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
မေး။ IPCM နဲ့ IEC တို့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ဖြစ်တဲ့ရည်ရွယ်ချက်နဲ့ ဘာတွေကိုသဘောတူညီချက်ရခဲ့ကြလဲ သိပါရစေ။
ဖြေ။ အဓိကကတော့ Access to information သတင်းရယူပိုင်ခွင့်ကို ကျနော်တို့ဆွေးနွေးတယ်။ သတင်းရယူပိုင် ခွင့်မှာ ရိုးရိုးမဟုတ်ဘူး။ လုံလုံခြုံခြုံနဲ့ တစ်ယောက်ရဲ့လိုအပ်ချက်ကို တစ်ယောက်က အသိအမှတ်ပြုပြီး သတင်း ရယူရေးပေါ့။ ဥပမာ-ကရင်နီပြည်ဘက်မှာလည်း ကျနော်တို့ သတင်းရယူရာမှာ သူတို့ရဲ့စစ်ရေးအရ လုံခြုံမှုကို အသိအမှတ်ပြုတယ်။ သတင်းထောက်တွေ နည်းလမ်းမှန်မှန်နဲ့ သတင်းရယူဖို့ကိုလည်း အသိအမှတ်ပြု တယ် ပေါ့ဗျာ။ ဒါက ကျနော်တို့နဲ့သဘောတူခဲ့တာ KNU၊ TNLA ပြီးရင် တတိယမြောက်အဖွဲ့ပေါ့။ ထူးခြားတာ ကတော့ အရင်က IEC နဲ့ KNU က ထုတ်ပြန်ချက်ထုတ်ဖူးတော့ သူတို့ရဲ့မီဒီယာဆိုင်ရာထုတ်ပြန်ချက်အပေါ်မှာ ကျနော်တို့ နားလည်မှုလွဲတာတွေရှိတော့ ဒါတွေကိုပိုပြီး နှစ်ဖက်အကျေအလည်ဆွေးနွေး သဘောတူခဲ့ကြတာပေါ့ဗျာ။
မေး။ IEC က ဧပြီလပိုင်းလောက်က ထုတ်ခဲ့တဲ့ ထုတ်ပြန်ချက်နံပါတ် (၅)အချက်နဲ့ပတ်သက်ပြီး ဆွေးနွေးရာမှာ ဘာတွေသဘောတူညီမှုရခဲ့လဲ။
ဖြေ။ ဒါကတော့ ဒီထက်ပိုရှင်းလင်းတဲ့အဓိပ္ပါယ်ဖွင့်ဆိုချက် လိုလိမ့်မယ်။ IEC ကလည်း အုပ်ချုပ်ရေးအဖွဲ့ပဲ သူတို့ အပေါ်က စစ်ဘက်ပိုင်းကနေ သူတို့ကိုတောင်းဆိုလို့ IEC က ကြားကနေဝင်ဆောင်ရွက်ပေးရတဲ့ဆိုတဲ့ကိစ္စ။ ဒါပေမဲ့ လိုအပ်လာရင်ညှိနှိုင်းပေးလို့ရတဲ့ဟာပေါ့။ ဒါကြောင့်အဲဒီအချက်ကို တော်တော်များများပြောခဲ့ကြတယ်။ အဓိက သူတို့စစ်ရေးဘက်က ထုတ်ထားတဲ့စည်းမျဥ်းဆိုတော့ တော်တော်လေးကိုဆွေးနွေးခဲ့ကြတယ်။
ကျနော်တို့ ကလည်း စစ်ရေးလုံခြုံရေးဆိုတော့ ဥပမာ-ယူကရိန်းမှာလိုပေါ့ ဝါ၊ စိမ်း၊ နီလို့ သတ်မှတ်ထားတာ။ အစိမ်းရောင်ဆို လုံးဝသတင်းယူလို့ရတဲ့နယ်မြေပေါ့၊ အဲ့လိုမျိုး ဇုန်သတ်မှတ်နိုင်ရင်သတ်မှတ် ဒါမှမဟုတ် ဒီထက်ပို ရှင်းလင်းနဲ့အဓိပ္ပါယ်ဖွင့်ဆိုမှုမျိုးကို လုပ်ပေးဖို့ကို ဆွေးနွေးသဘောတူခဲ့ကြတယ်။ တချို့တွေက အဓိပ္ပါယ်ဖွင့်ဆိုမှုနဲ့ နားလည်မှုလွဲတာမဖြစ်ရအောင်ပေါ့။ တကယ်လို့ အငြင်းပွားမှုတစ်စုံတစ်ရာဖြစ်ခဲ့ရင်တောင် IEC နဲ့ IPCM ကြားမှာ ညှိနှိုင်းဆောင်ရွက်မယ်ဆိုတာလည်း သဘောတူခဲ့ကြတာပါ။
မေး။ IEC က စစ်ရေးအပိုင်းပါလာတဲ့အခါ ကြားဝင်စေ့စပ်ဆောင်ရွက်ပေးတာမျိုးလို့ ပြောသွားတာကို နားလည်ရတယ်။ အဲဒါနဲ့ပတ်သက်ပြီး ပြောပေးပါဦး။
ဖြေ။ အဓိက စစ်ရေးခွင့်ပြုချက်ပါလာခဲ့ရင်ဆိုတာမျိုးကို ကျနော်တို့မေးကြည့်တာပေါ့နော်။ မြေပြင်အခြေအနေက ကရင်နီပြည်မှာတော်တော်လေးပြင်းထန်နေတာ အားလုံးသိတဲ့အတိုင်း။ IEC ဆိုတာကလည်း အုပ်ချုပ်ရေး အဖွဲ့ဆိုတော့ ကျနော်တို့ အခုလိုထုတ်ပြန်ချက်ထုတ်တဲ့အပေါ်မှာတောင် စစ်ဘက်က ခွင့်ပြုချက်ရမှထုတ်လို့ရ တာမျိုး ရှိတယ်။
မြေပြင်စစ်ရေးနဲ့ပတ်သက်တဲ့ကန့်သတ်ချက်တွေ ရှိတယ်ဆိုတာကို သူတို့လည်းပြောပါတယ်။ တချို့သတင်း ထောက်တွေဆို ဘာမှပြင်ဆင်မလာဘူး၊ နိုင်ငံခြားသတင်းထောက်အချို့က ဟိုရောက်တော့မှ စစ်ဦးစီးချုပ်က ဘာသာပြန်လုပ်ရမှာလား၊ စစ်တိုက်ရမှာလားဆိုပြီး မေးရတာတွေလည်းရှိတယ်။ အဲဒီလိုမဖြစ်ရအောင် သတင်းထောက်တွေဘက်ကလည်း ကြိုတင်ပြင်ဆင်လာစေချင်တယ်။

အထူးသဖြင့် စစ်ရေးအရ တာဝန်ကြီးတယ်လည်းပြောတဲ့အတွက် ဒီအပေါ်မှာ အတတ်နိုင် ဆုံးညှိနှိုင်း ဆောင်ရွက်သွားမယ်။ နောက်ပြီး မြေပြင်အခြေအနေမှာ နှစ်ဖက်အပြန်အလှန်ဆက်သွယ်ရေး လမ်းကြောင်းလည်း ဖွင့်ထားကြတယ်။ တကယ်လို့ မီဒီယာသမားတွေနဲ့ တစ်စုံတစ်ခုဖြစ်ခဲ့ရင် IPCM ကို ဆက်သွယ်ပါဆိုတာမျိုးပေါ့။ ဘယ်မီဒီယာသမားက ဘာလဲဆိုတာ သူတို့ကမသိဘူးလေ အဲ့လိုအချိန်ကျရင်ပြောတာပါ။
မေး။ ဆက်သွယ်ရေးလမ်းကြောင်းထဲမှာ IPCM ရဲ့အဖွဲ့ဝင်မီဒီယာတွေပဲလား။ အခြားမည်သည့်မီဒီယာမဆိုအတွက်လား သိပါရစေ။
ဖြေ။ ကျနော်တို့ကတော့ အကုန်လုံးကိုပြောတာပါ။ အဖွဲ့ဝင်ထားရင်တော့ ပိုကောင်းတာပေါ့ဗျာ။ အဖွဲ့ဝင်ထား တယ်ဆိုရင် အဖွဲ့ဝင်ဖောင်ရှိတယ်၊ ထောက်ခံသူရှိတယ်၊ ဘယ်သူနဲ့ဘယ်လိုဖွဲ့ထားတယ်ဆိုတာမျိုး စနစ်တကျနဲ့ ကျနော်တို့မှာ အချက်အလက်အကုန်ရှိတော့ ဆက်သွယ်ရလွယ်ကူတာပေါ့။ တချို့ CJ (ပြည်သူပြည် သားသတင်းသမား) နဲ့ တသီးပုဂ္ဂလိကတွေကတော့ နည်းနည်းခက်ခဲမယ်။
ဒါပေမဲ့ ကျနော်တို့သတင်းသမား Network ပေါ့ဗျာ၊ အဆင့်လိုက်အဆင့်လိုက်၊ IEC နေနဲ့ဆိုရင်တော့ ဘယ်သူက သတင်းသမား ဟုတ်၊ မဟုတ် တကယ်သတင်းလုပ်နေသလားဆိုတာ Identified လုပ်ဖို့ ခက်ပါလိမ်မ့ယ်။ ဒါကြောင့် အဖွဲ့ဝင်ဖြစ်ရင်တော့ ပိုအဆင်ပြေတာပေါ့ဗျာ။ အချက်အလက်ရှိပြီးသားပေါ့။ မရှိလည်း ကျနော်တို့ လိုက်စုံစမ်းပြီး ဘယ်သူကဘာပါဆိုတာ ထောက်ခံပေးလို့ရတယ်။
မေး။ IPCM နဲ့ IEC ကြားဖွဲ့ထားတယ်ဆိုတဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ပြန်ကြားရေးကော်မတီဆိုတာကလည်း ပြောပြပေးပါဦး။
ဖြေ။ အဓိက အဲ့ဒါပါပဲ၊ အငြင်းပွားမှုဖြစ်ရင် နှစ်ဖက်ပေါင်းရှင်းမယ်ဆိုတဲ့ Communication Channel ဖွဲ့ထားတာပါ။ IEC မှာလည်း အများကြီးပါပါတယ်။ IEC ဘက်ကလည်း သူတို့အတွင်းထဲမှာ ကရင်နီပြည်ရဲ့ ကဏ္ဍတွေခွဲထားတာကို တာဝန်ယူကိုင်တွယ်ပေးတဲ့ကော်မတီလို့ ပြောပါရစေ။ အဲဒီနှစ်ခုကြားထဲမှာ ဖွဲ့ထားပြီး တစ်စုံတစ်ရာမီဒီယာအငြင်းပွားမှုကို ဖြေရှင်းမယ့်ကော်မတီပါ။
မေး။ IPCM အနေနဲ့ ကရင်နီပြည်နယ်ထဲမှာ မီဒီယာ အသိပညာဖွံ့ဖြိုးမှု၊ သိနားလည်မှုမြှင့်တင်ဖို့အတွက် ဆက်ပြီးလုပ်ဆောင်မယ်ဆိုတာ ဘာတွေအစီအစဥ်ရှိထားပြီလဲ သိပါရစေ။
ဖြေ။ ကျနော်တို့ IPCM အနေနဲ့ အသစ်ပေါ်လာတဲ့အုပ်ချုပ်ရေးမှာ ဖက်ဒရယ်ဒီမိုကရေစီ (သို့မဟုတ်) ဖက်ဒရယ် ဒီမိုကရေစီ Charter အပိုဒ်(၄၂)မှာ မီဒီယာကဏ္ဍဗျ၊ အထူးသဖြင့် လွတ်လပ်တဲ့မီဒီယာ ကဏ္ဍကို အသိအမှတ်ပြုတယ်။ ပြည်သူတွေရဲ့သတင်းရပိုင်ခွင့်ကို သူတို့ အလေးအနက်ထောက်ခံတယ်ဆိုတာကို မူတည်ပြီးတော့ အုပ်ချုပ်ရေးမှာ မီဒီယာမှာပညာတက်မြောက်နားလည်မှုကို ထပ်ပြီးတိုးချဲ့ လုပ်ကိုင်သွား နိုင်မယ်ဆိုရင် အဲ့ဒါကိုပူးပေါင်းဆောင်ရွက်သွားမယ့်သဘောပါ။ IEC ဆိုတာက ကရင်နီပြည်နယ်ရဲ့အစိုးရပါပဲ ။ အဲဒီတော့သူတို့အုပ်ချုပ်တဲ့နယ်မြေတွေမှာ သတင်းအကြောင်းကိုပိုနားလည်ဖို့ဘက်ကို ရည်ရွယ်တာပါ။ ပြည်သူတွေရဲ့သတင်းရပိုင်ခွင့်ကို လေးနက်စေချင်တဲ့သဘောနဲ့ ဒီအချက်ကိုထည့်ထားတာပါ။
မေး။ ဖြည့်စွက်ပြောချင်တာများ ရှိရင် ပြောပြပေးပါဦး။
ဖြေ။ အခုဆိုရင် ကျနော်တို့ ပဋိပက္ခနယ်မြေတွေကအရမ်းကျယ်လာတော့ အဲဒီမှာ သတင်းယူနေတဲ့သတင်း ထောက်တွေကလည်း တတ်နိုင်သလောက်သတိဝီရိယနဲ့ အခုလိုမျိုးချိတ်ဆက်ပြီးတော့ ကိုယ့်ရဲ့သတင်းရပိုင်ခွင့် လည်းရှိမယ်၊ စနစ်တကျနဲ့အခုလိုလုပ်လာမယ်ဆို ပြဿနာတွေပိုနည်းပါလာပါမယ်။ ဖားကန့်က သတင်းထောက်နှစ်ယောက် ကိစ္စဆိုရင်လည်း ကျနော်တို့ နိုင်သလောက် လိုက်နေပါတယ်။ KIA နဲ့တော့ညှိနှိုင်း ထားတာမရှိဘူးပေါ့ဗျာ။ အခုလိုညှိနှိုင်းထားမယ်ဆိုရင် ပိုပြီးတော့ ထိထိရောက်ရောက်နဲ့ နှစ်ဦးနှစ်ဖက် ပြေပြေလည်လည် သတင်းရယူနိုင်မယ့်အခြေအနေတစ်ခုကို ဖန်တီးနေပါတယ်။


















