အောက်တိုဘာ ၁၉၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်- မြဝတီ အာရှလမ်းတွင် အောင်ဇေယျ စစ်ကြောင်းအတွက် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲပြီး စစ်ကူပေးတိုက်ခိုက်မှု အောက်တိုဘာ ၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည်ဟု စစ်မြေပြင် သတင်းရင်းမြစ်က ပြောသည်။
အဆိုပါ အောင်ဇေယျ စစ်ကြောင်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA၊ မဟာမိတ်ပူးပါင်း တပ်များကပိတ်ဆို့ ဖြတ်တောက် တိုက်ခိုက်နေသည့်အတွက် မြေပြင်ထိုးစစ် ရှေ့မတိုးနိုင်ဖြစ်နေသည့် အပေါ် ယခုလို လေကြောင်းမှ ဗုံးကြဲပြီး စစ်ကူပေးတိုက်ခိုက်နေခြင်းဖြစ်သည်ဟု စစ်မြေပြင်သတင်းအရင်းအမြစ် များက ယခုလို ပြောသည်။
“အာရှလမ်း တောနော်တောင် ကျောဘက်ကို လေယာဉ်ဂျက်ဖိုက်တာဗုံးကြဲ တယ် ၊Y12 လည်း လာကြဲတယ်၊ နောက်ပြီး စစ်တပ်စစ်ကြောင်းတွေရဲ့နောက်ကပတ်ပြီး ခြေမှုန်းနေတဲ့ KNLA /PDF ပူးပေါင်းအဖွဲ့တွေ ရှိမယ် ထင်တဲ့လှိုင်ကွယ်ရွာဘက်ကိုလည်း ညဘက် ၈ နာရီလောက်မှာပတ်ပျံပြီး ဗုံးကြဲတယ်” ဟု ကော့ကရိတ်စစ်ရေး သတင်းအရင်းအမြစ်က ကေအိုင်စီသို့ အောက်တိုဘာ ၁၈ ရက်နေ့တွင် ပြောသည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း ကျုံဒိုး၊ ကော့ကရိတ်မြို့နယ် ကျေးရွာများဘက်သို့ စစ်တပ်ကဒရုန်း ကင်းထောက် လေယာဉ်နေ့စဉ်ပျံသန်း ကင်းထောက်မှုပြုလုပ်နေသလို လှိုင်ဝအမြောက်ကုန်း၊ ၉၇ အမြောက်ကုန်း၊ ခလရ- ၅၄၅ တပ်ရင်းများက ကရင်နှင့် မွန်တို့ နေထိုင်သည့် ကျေးရွာများဘက်သို့ လက်နက်ကြီး ပစ်ခတ်မှု ဆက်လုပ်နေ သည် ဟု ကျုံဒိုး ချောင်းဖျား ဒေသခံများက ပြောသည်။
“စစ်တပ် စကခ-၁၂ နဲ့ ကျုံဒိုးစစ်တပ်က ချောင်းဖျား၊ ကျုံဘိုင်း၊ မြပတိုင် လမ်းပိုင်းဘက်နဲ့ ကော့ဒိုင်းရွာ ဘက်က သင်္ချိုင်းကုန်းဘက်၊ ရင်ခွဲတောင်၊ ၅ တိုင်၊ ၉တိုင်၊ လှိုင်ကွယ် ၊ရေပူရွာတွေဘက်ကို ကင်းထောက်ပတ်ပျံတယ်၊ တချို့ နေရာတွေဆိုရင် မိုးပေါ်မှာရပ်နေပြီးတော့ ကင်းထောက်နေတယ်၊ ပြီးမှဆက်ပျံသွားတယ်။ နေတိုင်းကို တစ်နေရာ မဟုတ် တစ်နေရာပေါ့ သူတို့ပတ်ပျံနေတယ်။ ပြီးရင်တာ့ ၅၄၅ တို့ လှိုင်ဝတို့ကနေအလုံးကြီးထွက်လာပီပေါ့” ဟု ၎င်းက ဆက်ပြောသည်။
ထို့အပြင် ကရင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီစခန်းများနှင့် စစ်ကြောင်းများကျန်ရှိနေသည့် မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်နှင့် ဘုရားသုံးဆူ လမ်းပိုင်း စသည့်နေရာများတွင် KNLA နှင့် မဟာမိတ် ပူးပေါင်းတပ်များက ဆက်လက်ပိတ်ဆို့ တိုက်ခိုက်နေသည်ဟု စစ်ရေးနယ်မြေသတင်း ရင်းမြစ်များထံမှ သိရသည်။


















